ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ Avigan ဆိုတဲ့ တုပ်ကွေးဆေးတစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာတွေအတွက် အကျိုးသက်ရောက်မှု ရှိခဲ့တာကို တွေ့ရှိခဲ့ကြောင်း တရုတ် သုတေသနပညာရှင်တွေက ပြောခဲ့တာဖြစ်ပြီး ဒါကိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒီဆေးစမ်းသပ်မှုရလာဒ် အကြောင်းကို ဘေဂျင်းမြို့မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကပြုလုပ်သော သတင်းရှင်းလင်းပွဲတစ်ခုမှာ အမျိုးသားဇီဝနည်းပညာဖွဲ့ဖြိုးရေးစင်တာရဲ့ ဒါရိုက်တာဖြစ်သူ Zhang Xinmin က ပြောခဲ့တာပါ။
နိုင်ငံတွင်းက ကျန်းမာရေးအဖွဲ့နှစ်ဖွဲ့ရဲ့ ဆေးဝါးဆိုင်ရာစမ်းသပ်ကုသမှုနဲ့ အတူဒီဆေးဟာ အကျိုးသက်ရောက်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း နဲ့ ဒီဆေးဟာ ကိုရိုနာနဲ့ ဆက်နွယ်နေတဲ့ အဆုတ်ရောင်ရောဂါလက္ခဏာတွေအတွက်လည်း ဆိုးကျိုးမရှိပဲ အကျိုးသက်ရောက်မှုသာ ရှိစေတယ်လို့ သူကပြောခဲ့တာဖြစ်ပါတယ်။
ဝူဟန်မြို့က ကိုရိုနာကူးစက်ခံရသူ ၂၈၀ နဲ့ Shenzhen မြို့က လူနာ ၈၀ အပေါ်မှာ ဒီဆေးနဲ့စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ တချို့ကိုတော့ ဒီဆေးပေးပြီး တချို့ကိုတော့ ဆေးဝါးမပါပဲ ဒီအတိုင်းစောင့်ကြည့်ခဲ့ရာမှာ ဒီဆေးပေးလိုက်တဲ့လူနာတွေဟာ ၄ရက်ကြာပြီးတဲ့နောက် ပြန်လည်ကျန်းမာလာခဲ့ပြီး ဆေးမသောက်ခဲ့တဲ့လူနာတွေကတော့ ၁၁ရက်ကြာမှ ပြန်လည်ကျန်းမာလာခဲ့တယ် လို့ သူကဆိုပါတယ်။
ဒီစမ်းသပ်မှုရဲ့ X-ray ဓာတ်ပုံတွေအရ ဒီဆေးဝါးဟာ လူနာတွေရဲ့ အဆုတ်ပြန်လည်ကျန်းမာလာမှုကို ၉၁% အထိ ကောင်းမွန်လာစေပြီး ဆေးမသောက်တဲ့လူနာတွေရဲ့ အဆုတ်ကတော့ ၆၂% သာ ကောင်းမွန်တာကိုတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်အတွက် အဓိကဆေးမဟုတ်ပေမယ့် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ဒီဆေးဟာ အလွန်အကျိုးသက်ရောက်မှုရှိပြီး safe ဖြစ်စေတယ် လို့ သူက ထပ်ပြောပါတယ်။ (အွန်လိုင်းပေါ်မှာ တချို့ရေးနေကြသလို ကိုရိုနာဗိုင်းရပ်စ်ကို လုံးဝချေဖျက်ပစ်နိုင်တာမဟုတ်ပဲ ကူးစက်ခံရသူတွေကို မြန်မြန်ကျန်းမာလာစေဖို့ ကူညီပေးတဲ့ ဆေးသာဖြစ်ပါတယ်)
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လကစလို့ ဒီဆေးကို ဂျပန်ကနေ အစိုးရခွင့်ပြုချက်နဲ့ တင်သွင်းပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၈၁၀၀၀ ကျော်ရှိခဲ့ပြီး ဒီအထဲက ၃၂၄၁ယောက် သေဆုံးခဲ့ကာ ၆၉၀၀၀ ကျော် ပြန်လည်ကျန်းမာလာတဲ့အတွက် လောလောဆယ် ကူးစက်ခံထားရသူအရေအတွက်ကတော့ ၁သောင်းစွန်းစွန်းပဲ ရှိပါတော့တယ်။
တကယ်တော့ တရုတ်သုတေသနပညာရှင်တွေပြောတဲ့ Avigan တဖြစ်လဲ Favipiravir လို့လည်း သိကြတဲ့ဒီ တုပ်ကွေးကာကွယ်ဆေးကို ဂျပန်မှာ ၂၀၁၄ ခုနှစ်တည်းက စတင်ထုတ်လုပ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဆေး ထုတ်လုပ်တဲ့ကုမ္ပဏီကတော့ Fujifilm Holdings Corporation ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။
Fujifilm ကို ကင်မရာကုမ္ပဏီအဖြစ်သာ အများစုသိကြပေမယ့် ဒီကုမ္ပဏီဟာ ဓာတ်ပုံ နဲ့ ကင်မရာပစ္စည်းတွေသာမက ဆေး နဲ့ ဆေးဝါးဆိုင်ရာပစ္စည်းတွေ နဲ့ အလှကုန်ပစ္စည်းတွေကိုလည်း အကြီးအကျယ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ဒီသတင်းကို Fujifilm ကုမ္ပဏီက တာဝန်ရှိသူတွေက ဘာမှတ်ချက်မှ မပေးပေမယ့် ချက်ချင်းအဝယ်လိုက်လာတဲ့အတွက် ကုမ္ပဏီရှယ်ယာတွေဟာ ၁၅% နီးပါး ရုတ်ချည်းတက်သွားခဲ့တယ်လို့ သိရပါတယ်။
Discussion about this post