Type 001A လို့အမည်ပေးထားတဲ့ လေယာဉ်တင်သင်္ဘောဟာ တရုတ်နိုင်ငံမှာ ကိုယ်ပိုင်ဆောက်လုပ်ခဲ့တဲ့ သင်္ဘောဖြစ်ပြီး တရုတ်အတွက်တော့ ဒုတိယမြောက် ပိုင်ဆိုင်တဲ့ လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ပထမတစ်စီးကတော့ ယူကရိန်းကနေဝယ်ယူထားတဲ့ Liaoning ဆိုတဲ့ ဆိုဗီယက်လုပ်သင်္ဘောဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာလည်း တည်ဆောက်ပြီးစီးခဲ့တဲ့ type 001A အပြင် တည်ဆောက်နေဆဲ type 002A နဲ့ အစီအစဉ်ထားရှိတဲ့ type 003A ၊ type 004A တို့ကြောင့် မကြာခင်နှစ်အနည်းငယ်မှာ တရုတ်ဟာ လေယာဉ်တင်သင်္ဘော ငါးစင်းအထိ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းလုပ် စစ်လေယာဉ်တင်သင်္ဘောကြီး Type 001 A ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ၈ကြိမ်မြောက် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၂၀ခုနှစ်လောက်မှာ တောင်တရုတ်ပင်လယ် နဲ့ ထိုင်ဝမ်ရေပိုင်နက်ထဲမှာ ထားရှိပြီး လှုပ်ရှားစေမယ်လို့သိရပါတယ်။ Type 001 လေယာဉ်တင်သင်္ဘောကို တလျန်မြို့မှာ China Shipbuilding Industry Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကနဦးရေယာဉ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်္ဘောကိုယ်ထည်ကိုတော့ မတ်လ ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ပါတယ်။ သင်္ဘောလုပ်ငန်းခွင်ကနေ တက်လာတဲ့ ဓာတ်ပုံများကြောင့်သာ သင်္ဘောကြီးတစ်စင်း တည်ဆောက်နေတယ်ဆိုတာ သိရပေမယ့် ဘာသင်္ဘောတည်ဆောက်နေမှန်း အတိအကျမသိခဲ့ကြပါဘူး။
တရုတ်အစိုးရဟာ သင်္ဘောတည်ဆောက်နေမှုကို တရားဝင်ထုတ်ဖော်ကြေငြာခြင်းမရှိပဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာမှ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကနေ ထိုသင်္ဘောမှာ လေယာဉ်တင်သင်္ဘောကြီးဖြစ်တယ်ပြီး တည်ဆောက်နေဆဲလို့ အတည်ပြုခဲ့ပါတယ်။ သင်္ဘောရဲ့ ဒီဇိုင်းကတော့ အသစ်မဟုတ်ပဲ ဆိုဗီယက် Kuznetsov သင်္ဘောအမျိုးအစားဖြစ်တဲ့ ယူကရိန်းကဝယ်ယူထားတဲ့ Liaoning သင်္ဘောကို အဆင့်မြှင့်တင်ထားတဲ့ သင်္ဘောဖြစ်ပါတယ်။
ဒီလိုမြှင့်တင်ရာမှာ ရေဒါများအဆင့်မြှင့်တင်ခြင်း ၊ လက်နက်ခဲယမ်း နှင့် လောင်စာဆီပမာဏ သိုလောင်နိုင်မှုမြှင့်တင်ခြင်း ၊ လေယာဉ်အစီးရေပိုမိုသယ်ဆောင်နိုင်ခွင့်ရှိခြင်း စတာတွေဖြစ်ပါတယ်။ ဒီသင်္ဘောကြီးကို ၂၀၁၇ခုနှစ် ဧပြီမှာ ပထမဆုံးအကြိမ်ရေချခဲ့ပေမယ့် အခမ်းအနားပြုလုပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သင်္ဘောကြီးရဲ့အမည်ကို ပြည်နယ်ရဲ့နာမည်ဖြစ်တဲ့ Shandong ပေးခဲ့တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။ ၂၀၁၇ခုနှစ်မှာရေချခဲ့ပေမယ့် အလုံးစုံပြီးစီးခဲ့တာကတော့ ၂၀၁၈ ဧပြီမှာမှဖြစ်ပါတယ်။
သင်္ဘောကြီးဟာ အလျား ၁၀၃၃ပေ ၊ အနံ ၂၄၆ပေ ရှိပြီး သင်္ဘောရဲ့တင်ဆောင်နိုင်စွမ်းမှာ ၅၅၀၀၀တန်ဖြစ်ပါတယ်။ steam turbine ၄လုံးတပ်ဆင်ထားပြီး တစ်နာရီကို ၃၆မိုင်အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ လေယာဉ်အစီးအရေ ၃၈စီးမှ ၄၀စီး အထိတင်ဆောင်နိုင်တဲ့သင်္ဘောကြီးဖြစ်ပါတယ်။ သင်္ဘောတွင် လေယာဉ်များပျံတက်ရန်အတွက် အပေါ်သို့ ကွေးထားသော ဆင်ခြေလျှောသဏ္ဌာန် အသုံးပြုပျံသန်းခြင်း(Ski-jump) ဖြင့် ပျံသန်းရန် ပြုလုပ်ထားပြီး ထိုသို့သော ပျံတက်ခြင်းသည် ရဟတ်ယာဉ်များနှင့် Shenyang J-15 တိုက်ခိုက်ရေးလေယာဉ်များသာ ပျံတက်နိုင်ရန် ကန့်သတ်ထားပါတယ်။
နောက် တရုတ်လေယာဉ်တင်သင်္ဘောများအား ပိုမိုကြီးမားသော လေယာဉ်များ ပျံသန်းနိုင်ရန် ရည်ရွယ်၍ လောက်လွဲများ(catapult) အသုံးပြုဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါအပြင် ဒီသင်္ဘောကြီးမှာ အနီးကပ်တိုက်ခိုက်ရေးအတွက် CIWS လက်နက်စနစ် ၃ခုကိုထားရှိပြီး HQ-10 (18 Cell Missile system) လက်နက် ၃ခုလည်းပါရှိပါသေးတယ်။
လက်ရှိတရုတ်တို့ ပိုင်ဆိုင်ထားတဲ့ လေယာဉ်တင်သင်္ဘောတွေဟာ နျူကလီးယားစွမ်းအင်သုံး သင်္ဘောများမဟုတ်တာကြောင့် ရုရှား ၊ အမေရိကန် နဲ့ ဗြိတိန်တို့ကို မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ်တိုင်တည်ဆောက်လာနိုင်တဲ့အတွက် နောက်တစ်ချိန်မှာ ဒီထက်ပိုကောင်းတဲ့ လေယာဉ်တင် သင်္ဘောများကို ထပ်မံတည်ဆောက်ပြီး ရေတပ်စွမ်းအားကို မြှင့်တင်မယ်လို့ သိရပါတယ်။
Discussion about this post