ရှီဟွန်ဂ်တိ (ခရစ်မပေါ်မီ ၂၅၉ – ၂၁၀)
တရုတ်ဧကရာဇ်ကြီး ရှီဟွန်ဂ်တိ (Shih Huing Ti) ဟာ ခရစ်မပေါ်မီ ၂၃၈ က ၂၁၀ ထိ တရုတ်ကို အုပ်စိုးချိန်မှာ လက်ရုံးအားကိုးနဲ့ တရုတ်ကို ပေါင်းစပ်စည်းရုံးခဲ့ပြီး၊ အပျံ့အနှံ့ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တရုတ်တွေအတွက် ကနေ့အထိ လေးစားတဲ့ ဓလေ့မှန်သမျှကို တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်ပေးနိုင်တဲ့ ပြုပြင်ရေးတွေထဲမှာ သူ့ပြုပြင်ရေးတွေက အရေးပါတဲ့ ပြုပြင်ရေးတွေ ဖြစ်ပါတယ်။ ရှီဟွန်ဂ်တိ (ချင်သျှိဟွန်ဂ်တိလို့လည်းခေါ်) ဧကရာဇ်ဟာ ခရစ်မပေါ်မီ ၂၅၉ မှာမွေးဖွားပြီး၊ ခရစ်မပေါ်မီ ၂၁၀ မှာ နတ်ရွာစံတယ်လို့ သိရပါတယ်။
သူအရေးပါပုံကို အကဲဖြတ်ဖို့ သူ့ခေတ်သမိုင်းနောက်ခံကို သိဖို့လိုပါတယ်။ ခရစ်မပေါ်မီ ၁၁၀၀ လောက်ကစတဲ့ ကျို (Chou) မင်းဆက် နောက်ဆုံးရက်တွေမှာ သူ့ကို မွေးဖွားတာဖြစ်တယ်။ ကျိုမင်းတွေဟာ တန်ခိုးသြဇာပျော့ညံ့လာလို့ တရုတ်ဟာ ပဒေသရာဇ် နိုင်ငံငယ်တွေ နယ်အလိုက် အစိတ်စိတ်ကွဲနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ပဒေသရာဇ် နယ်ရှင်ပယ်ရှင်တွေဟာ အချင်းချင်း စစ်ခင်းနေကြတယ်။ ဒီလိုနဲ့ တချို့နယ် ပဒေသရာဇ်တွေလည်း အပြီးတိုင် ဇာတ်သိမ်းသွားတာလည်း ရှိမယ်။ တစ်ဦးတလေကလည်း တန်ခိုးသတ္တိ သိပ်ပြီးကြီးမားလာမယ်။
အားကြီးလာသူတစ်ဦးက တရုတ်အနောက်ခြမ်းက ချင် (Chin) မင်းဖြစ်ပါတယ်။ ဒီချင်မင်းတွေက ဥပဒေကို အလေးထားတဲ့ တရုတ်ဒဿနိကသမားတွေရဲ့ ဆုံးမချက်ကို နိုင်ငံအုပ်ချုပ်ရေးအခြေခံအဖြစ် သုံးမယ်လို့ ပြဋ္ဌာန်းတယ်။ ကွန်ဖြူးရှပ်အဆိုက လူကိုအုပ်ချုပ်ရင် လူမင်းက အကျင့်စာရိတ္တမှာ စံပြဖြစ်ရမယ်လို့ ဆိုတယ်။ ဒါပေမယ့် ဥပဒေကိုအလေးထားတဲ့ ဒဿနအရ ပြောရရင်၊ လူအများစုဟာ ထင်သလောက်မကောင်းကြတာမို့ စံပြထားလည်း လိုက်နာကြမှာမဟုတ်လို့၊ ဥပဒေပြဋ္ဌာန်းပြီး အတိအကျ ကတိမလိုက်ဘဲ၊ ကွပ်ကဲမှဖြစ်မယ်လို့ ပြောပါတယ်။ ဥပဒေကို အုပ်ချုပ်သူက လုပ်ရမယ်။ အခါအားလျော်စွာ နိုင်ငံရဲ့ဝါဒနဲ့ ညီညွတ်အောင် ပြုပြင်ရမယ်။
ဥပဒေကို ကျနသေချာအောင် စည်းကြပ်လို့၊ တည်နေရာအနေအထားကောင်းလို့၊ ချင်မင်းတွေတော်လို့ ချင်နယ်ဟာ တန်ခိုးသြဇာကြီးလာတဲ့အချိန်မှာ (နောင် ရှီဟွန်ဂ်တိဖြစ်လာမယ့်) ချဲန်ဂ်(Chang) ကိုမွေးပါတယ်။ ချဲန်ဂ်ဟာအမည်ခံမင်းအဖြစ် ထီးနန်းကို ခရစ်မပေါ်မီ ၂၄၆ ကပဲ ရရှိပေမယ့် သက်တော်တစ်ဆယ့်သုံးနှစ်သာရှိသေးလို့ ရင်ခွင်ပိုက်မင်းအဖြစ်နဲ့ နေရပြီးနောက် ခရစ်မပေါ်မီ ၂၃၈ ရောက်တော့မှ မင်းအစစ်ဖြစ်ရရှာတယ်။ ပြည့်ရှင်မင်းသစ်ဟာ အစွမ်းထက်တဲ့ စစ်သူကြီးတွေကို ရွေးချယ်ခန့်ထားပြီး၊ ကျန်ရှိနေသေးတဲ့ ပဒေသရာဇ်နယ်ကလေးတွေကို ခပ်သွက်သွက် သိမ်းပိုက်လိုက်ပါတယ်။ နောက်ဆုံးနယ်ကို ခရစ်မပေါ်မီ ၂၂၁ ကရတဲ့အခါ သူ့ကိုပဲ တရုတ်နိုင်ငံ အားလုံးရဲ့ဘုရင် (ဝမ် Wang) လို့ ဘွဲ့တပ်ပြီး ခေါ်နိုင်ပါပြီ။ ခေတ်ဟောင်းနဲ့ ခွဲခြားပြီး ထင်ရှားအောင် သူ့ကို ရှီဟွန်းဂ်တိ ပထမဧကရာဇ်ဘွဲ့ ခေါ်တွင်စေပါတယ်။
ရှီဟွန်ဂ်တိဟာ ဧကရာဇ်ဖြစ်တာနဲ့ တပြိုင်နက် အရေးပါတဲ့ပြုပြင်ရေးတွေ အများကြီးလုပ်ပါတယ်။ ကျို (Chou) မင်းဆက်ပြုတ်သွားအောင် ဖျက်ဆီးတဲ့ မညီညွတ်မှုမျိုး ထပ်မဖြစ်ရအောင်ဆိုပြီး၊ ပဒေသရာဇ်စနစ်တစ်ခုလုံးကို ဖျက်လိုက်ပါတယ်။ သူ့ပိုင်နက်ကို ပြည်နယ်သုံးဆယ့်ခြောက်နယ် ခွဲလိုက်ပြီး၊ မင်းမျိုးကမဟုတ်ဘဲ အရပ်သားကို ပြည်နယ်ဘုရင်ခံ (civilian governor) ခန့်တယ်။ ဘုရင်ခံရာထူးမှာလည်း ဘုရင်ခံတစ်ဦးကို ပြည်နယ်တစ်နယ်မှာ နှစ်အနည်းငယ်သာခန့်ထားပြီး ကိုယ့်ရာထူး တည်မြဲအောင်၊ ကိုယ့်သြဇာကြီးမားအောင် မလုပ်နိုင်ဖို့ တားမြစ်တဲ့သဘောနဲ့ မကြာခဏ နယ်ပြောင်းပေးတယ်။
ပြည်နယ်တစ်ခုစီမှာလည်း စစ်ခေါင်းဆောင်တစ်ယောက် ဧကရာဇ်ကိုယ်တိုင် ခန့်ထားပြီး၊ ဧကရာဇ်သဘောနဲ့ပဲ ရွှေ့တယ်၊ ဖြုတ်တယ်။ နောက် ဗဟိုအစိုးရရဲ့ကိုယ်စား နယ်မှာ အရာရှိတစ်ဦးထားသေးတယ်။ ဒီတော့မှ စစ်သူကြီးနဲ့ဘုရင်ခံကို ထိန်းပြီးသား ဖြစ်သွားတယ်။ ပြည်နယ်နဲ့ မြို့တော်အကြား ဆက်သွယ်ရေးကောင်းဖို့ လမ်းမကြီးတွေဖောက်တယ်။ ပြည်နယ်မြို့ တစ်ခုကို ဥပမာ သူပုန်ကဝိုင်းထားပြီဆိုရင် ဗဟိုတပ်မတော်ကို ချက်ချင်းစေလွှတ် နှိမ်နင်းနိုင်အောင် လမ်းကောင်းကောင်း ဖောက်ထားတာဖြစ်ပါတယ်။ အရင် မင်းညီမင်းသား မှူးမျိုးမတ်မျိုးတွေ သားမယားနဲ့တကွ အိမ်ထောင်တစ်ခုလုံး ဧကရာဇ် နေထိုင်ရာမြို့တော် စီယဲန်ယန်ဂ် (HsienYang) ကို လာနေစေတယ်။ သူတို့ကို အမြဲစောင့်ကြည့်ထားဖို့ လိုတယ်။
ရှီဟွန်ဂ်တိက နိုင်ငံရေးစစ်ရေးမှာ တရုတ်ကို တစ်ပေါင်းတည်းဖြစ်စေအောင် အုပ်စည်းတာလောက်နဲ့ မကျေနပ်သေး။ ကူးသန်းရောင်းဝယ်ရေးမှာလည်း ညီညွတ်စေလိုတယ်။ ဒီတော့ ကုန်ပစ္စည်းအလေးချိန် မှတ်ခြင်း၊ ဝန်မှတ်ခြင်း၊ ခရီးအကွာအဝေးတိုင်းခြင်းတို့ကို ညီညွတ်အောင် စံချိန်စံတာများ (standard weights and measures) (အလေးတင်းတောင်းများ) ညီအောင်လုပ်စေတယ်။ အားလုံးတညီတည်းသုံးဖို့ ပိုက်ဆံ (coinage) လည်း ထုတ်တယ်။ လက်နက်ကိရိယာတွေလည်း တညီတည်းသုံးစေတယ်။ လှည်းဝင်ရိုး (axel) ကိုလည်း စံထားပြီး အရှည်အတို ညီစေတယ်။ လမ်းဖောက်တဲ့အခါ ရေမြောင်းတူးတဲ့အခါ ညီအောင်ကြီးကြပ်ပေးတယ်။ တရုတ်နိုင်ငံကြီးအတွင်းမှာ တရားဥပဒေတူရမယ်။ စာရေးနည်းလည်း တူရမယ်။
ဧကရာဇ်ထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေတွေထဲမှာ ချီးမွမ်းရင်လည်းဖြစ်တယ်၊ ကဲ့ရဲ့ချင်လည်း ရတယ်ဆိုတဲ့ အမိန့်တော်က ခရစ်မပေါ်မီ ၂၁၃ မှာ ထုတ်ပြန်တဲ့ တရုတ်နိုင်ငံတွင်း ရှိသမျှကျမ်းစာအုပ်တွေ မီးရှို့ဖျက်ဆီးစေဆိုတဲ့ အမိန့်ပဲဖြစ်ပါတယ်။ ခြွင်းချက်ရှိပါတယ်။ စိုက်ပျိုးရေးပညာ၊ ဆေးပညာ၊ ချင်နိုင်ငံတော်မှတ်တမ်းတွေ၊ Uပဒေပြု (Legalist) အဖွဲ့သုံး ဒဿနိကကျမ်းတွေ မီးမရှို့ရပါ။ (ကွန်ဖြူးရှပ်ကျမ်းတွေ အပါအဝင်) တခြားဒဿနိကကျမ်းတွေကို မီးရှို့စေတဲ့ ။ တစ်ချက်လွှတ်အမိန့် (Draconian decree) ဟာ သမိုင်းမှာ ပထမဆုံးပေါ်ပေါက်လာတဲ့၊ ကြီးကျယ်တဲ့ စိစစ်ရေးအမိန့် ဖြစ်တယ်။ အဲဒါမျိုးလုပ်ရင် ကွန်ဖြူရှပ် (Confucius) လို ရှေးကျပြီး လူတွေစွဲလမ်းအားကြီးတဲ့ အတွေးအခေါ် ပပျောက်မယ်။ ခေတ်ဆန်တိုးတက်တဲ့ အသိအမြင်ကို မထီမဲ့မြင်မလုပ်နိုင်တော့ဘူးဆိုတာနဲ့၊ ဒီအမိန့်ကို ဧကရာဇ်က ထုတ်တာဖြစ်ပါတယ်။ ဒီမှာလည်း ခြွင်းချက်ရှိတယ်။ သူမီးရှို့ခိုင်းတဲ့ ကျမ်းဟောင်းတွေ တစ်မျိုးစီတော့ နေပြည်တော်ရဲ့ တော်သုံးပိဋကတ်တိုက်မှာ သိမ်းဆည်းထားခိုင်းပါတယ်။
ရှီဟွန်ဂ်တိရဲ့ နိုင်ငံခြားရေးဝါဒ အလားတူပြင်းထန်တယ်။ နိုင်ငံတော်ရဲ့တောင်ပိုင်းမှာ နယ်ပယ်အများကြီးကို ချဲ့ထွင်သိမ်းပိုက်တယ်။ အားလုံးသိမ်းမိသမျှကို တရုတ်နိုင်ငံထဲ ထည့်ပြီးထားခဲ့တယ်။ အနောက်နဲ့ မြောက်မှာတော့ သူ့တပ်မတော်က တိုက်တိုင်းအောင်ဖြစ်ပေမယ့် နယ်မြေကိုတော့ အပိုင်သိမ်းယူခြင်း မလုပ်နိုင်တော့ပါ။ အဲဒီနယ်ကလူတွေဟာ တရုတ်ပြည်မကြီးကို ဖျက်ဆီးလုယက်တိုက်ခိုက် ထွက်ပြေးကြသူတွေဖြစ်လို့၊ သူတို့မလာနိုင်အောင် နံရံကြီး (The Great Wall of China) တည်ဆောက်ရမယ်။ ဒီစိတ်ကူးနဲ့ တရုတ်မြောက်ဘက်နယ်စပ်မှာ နံရံတွေ ဟိုတစ်စ ဒီတစ်စ ရှိပြီးသားဖြစ်တာကို ဧကရာဇ်က အားလုံးဆက်ပြီး နံရံကြီးလုပ်လိုက်တော့ ကနေ့အထိ ဒီနံရံကြီး တည်ရှိနေတယ်။ ဒီလိုကြီးကျယ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းရယ်၊ စစ်တွေ အဆက်မပြတ် တိုက်ခိုက်တာရယ်၊ အကုန်အကျ များလွန်းတော့ ရှိပြီးအခွန်တွေကို မြှင့်ကောက်၊ နောက်ထပ် အခွန်သစ်တိုးနဲ့ ဧကရာဇ်ကို အများအကြည်ညိုကင်းလာတယ်။ သူက အုပ်ချုပ်ရေးကို အင်မတန်ခိုင်ခန့်အောင် လုပ်ထားတော့၊ သူပုန်ထဖို့ မလွယ်ဘူး။ ဒါနဲ့ သူ့ကိုလုပ်ကြံဖို့ အားထုတ်ကြတယ်။ ဒါလည်း မအောင်မြင်ပါ။ သူ့ဘာသာ သဘာဝအတိုင်း ရှီဟွန်ဂ်တိဟာ ခရစ်မပေါ်မီ ၂၁၀ မှာ နတ်ရွာစံပါတယ်။
တတိယသားတော်က အာ့ရှီဟွန်ဂ်တိ (Erh Shih Huang Ti) ဘွဲ့နဲ့ အဖရာထူးကို ဆက်ခံတယ်။ အဖလို အရည်အချင်းမရှိတော့ သူပုန်ထကြတယ်။ လေးနှစ်အတွင်းမှာ အသတ်ခံရတယ်။ နန်းတော်ရဲ့ ပိဋကတ်တိုက်ပါ မီးလောင်ပျက်စီးတယ်။ ချင် (Chin) မင်းဆက် လုံးဝပျက်စီးရပါတော့တယ်။ ဒါပေမယ့် ရှီဟွန်ဂ်တိလုပ်ခဲ့သမျှကို ဖျက်ဆီးဖို့မလွယ်ပါ။ သူ့လို မင်းဆိုးမရှိတာကိုတော့ တရုတ်တွေ ကျေနပ်ပါတယ်။ အင်မင်းမဲ့ကာလကို ပြန်သွားလိုကြတဲ့ သူတွေလည်း ရှိပါတယ်။ နောက်တက်လာတဲ့ ဟန် (Han) မင်းဆက်က ရှီဟွန်ဂ်တိရဲ့ အခြေခံအုပ်ချုပ်ရေးစနစ်ကို ဆက်ထိန်းနိုင်လေတော့၊ တရုတ်ဧကရာဇ်နိုင်ငံကြီးဟာ သူချမှတ်ထားတဲ့ပုံစံအတိုင်း ဆယ့်တစ်ရာစုအထိ နှစ်ပေါင်းကြာရှည်အောင် တည်တံ့ခဲ့ပါတယ်။
ချင်မင်းတွေ အစချမှတ်တဲ့ ဥပဒေတွေဟာ ကြမ်းတယ်၊ ဟန်မင်းတွေက လျှော့တယ်၊ ပြင်တယ်၊ နောက်ဆုံး ဥပဒေအချုပ်ဒဿနိက (Leaglist Philosophy) ကို ဖယ်ပြီး ကွန်ဖြူးရှပ်ဝါဒကို နိုင်ငံတော်ဝါဒလုပ်လိုက်တယ်ဆိုပေမယ့် ရှီဟွန်ဂ်တိလုပ်ခဲ့တဲ့ ဓလေ့နဲ့ နိုင်ငံရေးစည်းလုံးမှုမပျက်ဘဲ ဆက်လက်တည်ရှိခဲ့ပါတယ်။ တရုတ်အတွက်ရော ကမ္ဘာအတွက်ပါ ရှီဟွန်ဂ်တိအရေးပါခဲ့ပုံကို စစ်ဆေးကြည့်ရင် ထင်ရှားအောင် သိမြင်နိုင်ပါတယ်။ အနောက်တိုင်းသားတွေက တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်ပုံကို အံ့သြကြတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ တရုတ်လူဦးရေဟာ ဥရောပ (Europe) လူဦးရေထက် မပိုဘူး။(အခုတော့ တရုတ်က နှစ်ဆနီးပါးများသွားပြီဖြစ်ပါတယ်) ကွာခြားချက်က ဥရောပဆိုရင် နိုင်ငံငယ်ကလေးတွေ အများကြီး ပါဝင်နေတယ်။ တရုတ်ကတော့ နိုင်ငံကြီးတစ်ခုပဲ စုစည်းထားတယ်။ ဒီလိုခြားနားတာဟာ နိုင်ငံရေး၊ လူမှုရေးကြောင့် ဖြစ်တယ်။ ပထဝီနဲ့ မဆိုင်ပါ။
အတွင်းဘက်က သဘာဝအကန့်အကွက်တွေဖြစ်တဲ့ တောင်တန်းတွေ ဥရောပမှာရှိသလို တရုတ်မှာလည်း ထင်ထင်ရှားရှားရှိတာပါပဲ။ တရုတ်တွေ တစ်လုံးတစ်စည်းတည်း ရှိနေတာဟာ ရှီဟွန်ဂ်တိမင်းတစ်ပါးတည်းရဲ့ အစွမ်းလို့တော့ ပြောလို့မရနိုင်ပါ။ တခြားလူတွေလည်း ပါတယ်။ ဥပမာ စွိဝဲန်တိ (Sui Wen Ti) လည်း ဒီကိစ္စမှာ သိပ်အရေးကြီးတဲ့ အခန်းကပါတယ်။ ဒါပေမယ့် ရှီဟွန်ဂ်တိကတော့ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရှီဟွန်ဂ်တိရဲ့အကြောင်းကို ပြောကြရင် သိပ်တော်တဲ့ သူ့အမတ်ချုပ် လိဆု (Li Tsu) အကြောင်း ထည့်မပြောလို့ မရပါ။ လိဆုက ဧကရာဇ်ရဲ့ဝါဒရေးရာကို ကြိုးဆွဲနေခဲ့တာဖြစ်လို့၊ အရေးပါတဲ့ ပြုပြင်ရေးတွေမှာ မင်းကိုကျေးဇူးဘယ်မျှ၊ အမတ်ကို ဘယ်မျှလို့ ကန့်သတ်ပေးဖို့ ခက်ပါတယ်။ အဲဒီလိုမခွဲခြမ်းဘဲ ရှီဟွန်ဂ်တိရဲ့ ကျေးဇူးလို့ပဲ ပြောရပါတော့မယ်။ (ဘာဖြစ်လို့လဲဆိုတော့ လိဆုရဲ့ အကြံဉာဏ် ဘယ်လောက်ကောင်းကောင်း ဧကရာဇ်ကသာ ဆုံးဖြတ်ခွင့်ရှိလို့ ဖြစ်ပါတယ်။)
ကျမ်းစာအုပ်တွေ မီးတိုက်လို့ နောက်ပိုင်း ကွန်ဖြူးရှပ်ကျမ်းဆရာတွေက ရှီဟွန်ဂ်တိကို ပြစ်တင်ကဲ့ရဲ့ ရှုတ်ချကြတယ်။ မင်းဆိုမင်းညစ်၊ အယူသီးသူ၊ စိတ်ကောင်းမရှိသူ၊ လင်ကောင်မပေါ်ဘဲ မွေးဖွားသူ၊ ကိုယ်စွမ်းမရှိ အလယ်အလတ်တန်းလောက်ပဲ အရည်အချင်းရှိသူလို့ ပြောဆိုကြတယ်။ တစ်ဖက်မှာ ကွန်မြူနစ်တွေက တိုးတက်တဲ့အမြင်ရှိသူလို့ ချီးမွမ်းကြတယ်။ အနောက်တိုင်းစာရေးဆရာတွေက ရှီဟွန်ဂ်တိကို နပိုလီယန်နဲ့ နှိုင်းတယ်။ ရောမအင်ပါယာကို တည်ထောင်တဲ့ သြဂတ်စတပ်ဆီဇာ (Augustus Ceasar) နဲ့ နှိုင်းကြည့်ဖို့ပိုသန်တယ်လို့ ထင်ပါတယ်။ သူတို့နှစ်ဦးထူထောင်တဲ့ လက်နက်နိုင်ငံတွေဟာ အကျယ်အဝန်းရော၊ လူဦးရေပါ ဆတူလောက်ရှိမယ်။ ဒါပေမယ့် ရောမအင်ပါယာက တရုတ် လက်နက်နိုင်ငံလောက် ရေရှည်မခံဘူး၊ သြဂတ်စတပ်ဆီဇာအုပ်ချုပ်တဲ့ လက်အောက်ခံနိုင်ငံတွေဟာ အကြာကြီး မညီညွတ်၊ မတည်မြဲပါ။ တစ်ဖက်က ရှိဟွန်ဂ်တိနိုင်ငံတော်ကတော့ ကြာရှည်ခံတယ်။ ဒါကြောင့် အခုပုဂ္ဂိုလ်နှစ်ယောက်မှာ ရှီဟွန်ဂ်တိကိုပဲ ပိုပြီးတန်ခိုးသြဇာကြီးသူလို့ ဆိုရပါတယ်။
ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀