ရေးသားသူ – မောင်ကံချွန်
ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက် စမ်းသပ်မှု တွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။
ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ် သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။ အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။
အဲဒါတွေက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။
Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုး အစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။
ကျနော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုူကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။
ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့ လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။
Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား “nickel-metal hydride” က Lanthanum သတ္တုကို သုံးထားတာပါ။ “ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယို တာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး” လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။
ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။ အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီ သတင်း ကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ဝယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal – အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal – ၂၅၀၀၊ Neodymium metal – ၁၁၅၊ Lanthanum metal – ၂၈၊ Europium Oxide – ၂၁၅၀၊ Dysprosium Oxide – ၉၇၅၊ Erbium metal – ၂၇၅၊ Cerium metal – ၂၅ ဒေါ်လာ ….။
မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည်က ငွေကြေး အရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း တူးဖော်ခွင့်ပြုမယ့် နေရာဒေသတဝိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊ ဘေးထွက် စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။
ထို့အပြင် တူးဖော်မယ့် နေရာဒေသတဝိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။ ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။
မောင်ကံချွန်
Discussion about this post