ကမ္ဘာပေါ်က တည်ဆောက်ပြီးခဲ့သမျှရဟတ်ယာဉ်တွေထဲမှာ အကြီးဆုံးကတော့ Mil V-12 ရဟတ်ယာဉ်ဖြစ်ပါတယ်။ ဆိုဗီယက်ရဲ့နာမည်ကျော် ရဟတ်ယာဉ်ထုတ်လုပ်ရေး Mil Design Bureau က တည်ဆောက်ဖန်တီးခဲ့တာဖြစ်ပါတယ်။
ရဟတ်ယာဉ်ဆိုပေမယ့် တောင်ပံနှစ်ဖက်ထုတ်ထားတဲ့ ဒီဇိုင်းကြောင့် လေယာဉ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အရွယ်အစားအနေနဲ့ကတော့ အလျား ၁၂၂ပေ တောင်ပံအကျယ် ၂၁၉ပေ ၊ အမြင့် ၄၁ပေ ရှိပါတယ်။ ရဟတ်ယာဉ်ဝန်ထမ်း ၆ဦးလိုက်ပါပြီး ခရီးသည် ၁၉၆ဦးအထိ တင်ဆောင်နိုင်ပါတယ်။
ပုံမှန်အနေနဲ့ ၄၄၀၀၀ပေါင် အလေးချိန်အထိသယ်ဆောင်လေ့ရှိပြီး အမြင့်ဆုံးအနေနဲ့ ၈၈၀၀၀ ပေါင်အထိ တင်ဆောင်နိုင်ပါတယ်။ တစ်နာရီကို ၁၆၀မိုင် အမြန်နှုန်းနဲ့မောင်းနှင်နိုင်ကာ ဆီအပြည့်ဖြည့်ထားရင် ၃၁၀မိုင် အကွာအဝေးအထိ သွားနိုင်ပါတယ်။ ဆီတိုင်ကီအပိုနဲ့ဆိုရင်တော့ ၆၂၀မိုင် အထိ သွားနိုင်မှာဖြစ်ပါတယ်။
ဒီရဟတ်ယာဉ်ကို ၁၉၆၈ခုနှစ် ဇူလိုင် ၁၀ မှာ ပထမဆုံးအကြိမ် အောင်မြင်စွာမောင်းနှင်နိုင်ခဲ့ပါတယ်။ ဒီလိုအမျိုးအစား ရဟတ်ယာဉ် ၂စီးသာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး များပြားလှတဲ့အလေးချိန်ကိုတင်ကာ အမြင့်ပေ ၁သောင်းနီးပါးအထိ ပျံသန်းပြခဲ့ပြီး စံချိန်တွေတင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဆိုဗီယက်လေတပ်က ဒီလိုကြီးမားလွန်းတဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီရဟတ်ယာဉ်တွေဟာ ဥရောပတခွင်လှည့်လည်ပျံသန်းရင်း လေကြောင်းပြပွဲတွေမှာသာ ပါဝင်ခဲ့ရပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ပျံသန်းမှုကို ရပ်နားခဲ့ပြီး လက်ရှိအချိန်မှာတော့ တစ်စီးက မော်စကိုအနီးက Mil Moscow Helicopter Plant မှာရှိနေပြီး နောက်တစ်စီးကတော့ မော်စကိုမြို့အရှေ့ပိုင်း ၃၁မိုင်အကွာက ဗဟိုလေကြောင်းပြတိုက်မှာ ရှိနေပါတယ်။
VIDEO
Discussion about this post