ဒီပုံကိုတော့ တော်တော်များများမြင်ဖူးကြပါလိမ့်မယ်။ နာမည်ကျော်တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကျော်ကြားဆုံးဓာတ်ပုံ ၁၀၀ စာရင်းမှာ ပါဝင်တဲ့ပုံလည်းဖြစ်ပါတယ်။ ပုံရဲ့နာမည်ကိုတော့ တင့်ကားလူသား(Tank Man) လို့ လူသိများပါတယ်။ မောင်းနှင်လာတဲ့ တင့်ကားကြီးတွေရဲ့ရှေ့မှာ မကြောက်မရွံ့ရဲရဲဝံ့ဝံ့ရပ်နေတဲ့ လူတစ်ယောက်ရဲ့ပုံဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဒီပုံရဲ့ ဆက်စပ်တဲ့အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
ဒီအဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့တဲ့တာကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ တီယန်နန်မင် အရေးအခင်းကြောင့်ဖြစ်ပါတယ်။ အရေးအခင်း စတင်ဖြစ်ပွားရခြင်းအဓိကအကြောင်းကတော့ ပြည်သူလူထုနှစ်သက် လိုလားတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Hu Yaobang ကို ကွန်မြူနစ်အစိုးရက အတင်းအကျပ်အနားယူခိုင်းရာကနေ စတင်ပါတယ်။ Hu Yaobang ဟာ ပြည်သူ့မျက်နှာကိုကြည့်သူ လွတ်လပ်စွာဟောပြောခွင့် ပုံနှိပ်ခွင့်တွေကို အတိုင်းတာတစ်ခုထိပေးတဲ့ ပွင့်လင်းသူဖြစ်တာကြောင့် ပါတီနဲ့ မကိုက်ညီဘူးဆိုကာ အတင်းအကျပ်ထုတ်ပယ်ရာမှ လူထုက မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၁၉၈၉ ခုနှစ်မှာ Hu Yaobang နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ဈာပနအခမ်းအနားကို တီယန်မင်ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကျောင်းသားငယ်တွေ အဓိကပါဝင်တဲ့ လူဦးရေ ၁သန်းနီးပါး စုရုံးတက်ရောက်ခဲ့ကြပြီး ဖိနှိပ်လွန်းတဲ့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးပေါ်ပေါက်လာပါတော့တယ်။ရက် ၂၀ကျော်ကြာအောင် အော်ဟစ် ၊ ချီတက် ၊ အငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို တရုတ်ခေါင်းဆောင်တိန့်ရှောင်ဖိန် နဲ့ ဝန်ကြီးချုပ်ဟောင်း Li Peng ၊ သမ္မတ ယန်ရှီကွမ်တို့က အင်အားသုံးဖြိုခွင်းဖို့ ဆန္ဒရှိပေမယ့် အတွင်းရေးမှူးဖြစ်တဲ့ ကျောက်ကျိယန်က ပြည်သူတွေရဲ့ခံစားချက်ကိုနားလည်ပြီး ဆန္ဒပြပွဲကိုရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့်ပဲ ကျောက်ကျိယန်ကို သေတဲ့အထိ အိမ်မှာအကျယ်ချုပ်ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရပါတော့တယ်။
အင်အား ၃သိန်းခန့်ရှိတဲ့ စစ်တပ်ကိုလည်း လူတွေစတင်စုရုံးခဲ့တဲ့မေလကတည်းက ခေါ်ယူထားခဲ့ပြီး ဘေဂျင်းမြို့ရဲ့ အဓိကနေရာတွေမှာ ချထားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာတော့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြတဲ့ ကျောင်းသားတွေကို ဘေဂျင်းသားသတ်သမားလို့ နာမည်ရခဲ့တဲ့ ဝန်ကြီးချုပ် Li Peng ဦးဆောင်ပြီးTiananmen ရင်ပြင်တဝိုက်မှာ ရက်ရက်စက်စက် ဖြိုခွဲပါတော့တယ်။ တိုက်ပွဲဝင်တင့်ကားတွေ ၊ စက်သေနတ်ယာဉ်တွေ ၊ မောင်းပြန်ရိုင်ဖယ်တပ်တွေနဲ့အတူ မည်းမည်းမြင်ရာပစ်ခတ်ကြပါတော့တယ်။
ဆန္ဒပြနေသူတွေဟာ အစပထမပိုင်းမှာတော့ အလန့်တကြားထွက်ပြေးပေမယ့် နောက်ပိုင်းမှာတော့ အသေခံရပ်ရင်း တွေ့ရာကျောက်ခဲတွေနဲ့ လက်နက်ကိုင်စစ်သားတွေကို ပြန်ပေါက်တာတွေ ၊ ပြန်လည်ရိုက်နှက်တာတွေ ၊ မီးရှို့တာတွေ ကိုလုပ်ပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးရလာဒ်အနေနဲ့ကတော့ ဆန္ဒပြသူ ရာဂဏန်း ကနေ ထောင်ဂဏန်းနီးပါး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသလို လူပေါင်းသောင်းနဲ့ချီပြီးတော့လည်း အဖမ်းခံခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဒီလုပ်ရပ်ကို တကမ္ဘာလုံးအံသြခဲ့ကြရပါတယ်။
နောက်တစ်နေ့ ဇွန်လ ၅ ရက်နေ့မှာတော့ မောင်းနှင်လာတဲ့ တင့်ကားတွေရဲ့လမ်းကြောင်းရှေ့တည့်တည့်မှာ အရပ်သားတစ်ယောက်ဟာ ပိတ်ရပ်ခဲ့ပါတယ်။ ဒီပုံကိုတော့ အမေရိကန်ဓာတ်ပုံဆရာ Jeff Widener က ဘေဂျင်းဟိုတယ်ပေါ်ကနေ အမိအရ ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ရှေ့ဆုံးကတင့်ကားဟာ ပိတ်ရပ်နေတဲ့လူကို ရှောင်ပြီး သွားဖို့ကြိုးစားပေမယ့် ဒီလူက တင့်ကားတွေရှေ့ဆက်သွားလို့ မရအောင် ထပ်ပိတ်ရပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရှေ့ဆုံးကတင့်ကားပေါ်ကို တက်ရောက်ပြီး ပြန်ဆင်းခဲ့ပါတယ်။ ပြန်ဆင်းပြီးတဲ့အခါမှာလည်း တင့်ကားသွားလို့ မရအောင်ထပ်ပိတ်ရပ်ပြန်ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့မိတ်ဆွေတွေဖြစ်ဟန်တူတဲ့ လူတစ်စုက သူ့ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ ဒီနေရာမှာ ပိတ်ထားသူကို တခုခုလုပ်ရင်ရပါလျက်နဲ့ မလုပ်ပဲ ရှောင်ထွက်ဖို့သာ ကြိုးစားခဲ့တဲ့ တင့်ကားမောင်းသူရဲ့လူသားဆန်တဲ့ စိတ်ဓာတ်ကိုလည်း မြင်နိုင်ပါတယ်။
ပိတ်ရပ်ထားတဲ့သူကို သတင်းစာအချို့ကတော့ ကျောင်းသားတစ်ယောက်ဖြစ်သူ Wang Weillin လို့ဆိုကြပေမယ့် ကွန်မြူနစ်ပါတီကတော့ ဒီအမျိုးသားကို မသိသလို ဖမ်းဆီးခဲ့ခြင်းလည်း မရှိခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သတ်ပြီးတော့ ဖမ်းသွားသလား ၊ အသတ်ခံရသလား ၊ ဘယ်ရောက်သွားသလဲစတဲ့ သတင်းအချက်အလက်ကတော့ အဲဒီအချိန်ကတည်းက စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ဒီအရေးအခင်းရဲ့ အထင်ကရဓာတ်ပုံအဖြစ် ကျော်ကြားခဲ့ပြီး ဗီဒီယိုတစ်ခုလည်း ထွက်ရှိလာခဲ့ပါတယ်။
တရုတ်ပြည်မှာတော့ ဒီဗီဒီယို နဲ့ ဓာတ်ပုံကို ပိတ်ပင်ထားတဲ့အတွက် တရုတ်လူမျိုး အများစုဟာ ဒီဓာတ်ပုံကို မသိကြပါဘူး။ သိတဲ့သူအချို့ကလည်း ဒီအဖြစ်အပျက်တွေကိုပြောဖို့ ယနေ့ထိတိုင်ကြောက်ရွံ့နေဆဲပါ။ ဖမ်းဆီးခံရသူတွေထဲက တချို့သေဒဏ်ကျခံခဲ့သလို ၊ တချို့ကလည်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ယနေ့တိုင် တရုတ်ထောင်တွေထဲမှာ အများအပြားရှိနေပါသေးတယ်။ တရုတ်အာဏာပိုင်တွေကတော့ ဒီဖြစ်ရပ်ဟာ ဆန္ဒပြမှုထက် တန်ပြန်တော်လှန်ပုန်ကန်မှုသာဖြစ်တဲ့အတွက် အဲဒီဖြစ်ရပ်နဲ့ဆိုင်တဲ့ အဆုံးသတ် အဖြေဟာ အဲဒီကတည်းက ထွက်ခဲ့ပြီးဖြစ်ကြောင်း အကြိမ်ကြိမ် ချေပ ပြောဆိုခဲ့ပါတယ်။