မွန်ဂို ဆိုတာနဲ့ တချိန်က ကမ္ဘာ့အကြီးဆုံး နယ်မြေတစ်ဆက်တည်း အင်ပါယာပိုင်ဆိုင်သူ စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန်ရဲ့ နိုင်ငံ ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ တစ်ချိန်က အာရှမှာ ထင်ရှားခဲ့တဲ့ မွန်ဂိုလီးယားနိုင်ငံရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။
မွန်ဂိုးလီးယားနိုင်ငံဟာ အာရှတိုက် အရှေ့ပိုင်း နှင့် အလယ်ပိုင်းတွင် တည်ရှိသော ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ ၊ တရုတ်နိုင်ငံ တို့ နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိပြီး မွန်ဂိုလူမျိုးများနေထိုင်ရာ နိုင်ငံဖြစ်ပါတယ်။ ပထဝီဝင်အရမူ မွန်ဂိုနိုင်ငံ ကို သုံးပိုင်းခွဲခြားနိုင်ပါတယ်။ တောင်ထူထပ်တဲ့ အနောက်မြောက်ပိုင်းကို အပြင်မွန်ဂိုလီးယား ၊ အရှေ့တောင်ဘက် မြေပြန့်ဒေသကို အတွင်းမွန်ဂိုလီးယားဟုခေါ်ပြီး ၎င်းတို့နှစ်ခု အကြားတွင် ဂိုဘီသဲကန္တာရကြီးတည်ရှိပါတယ်။
မွန်ဂိုအင်ပါယာကြီးကို ဂျင်ဂျစ်ခန်က ၁၂၀၆ခုနှစ်မှာ တစ်နိုင်ငံလုံးနယ်မြေတွေကို စုစည်းသိမ်းသွင်းပြီး ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလို တခြားနိုင်ငံများကိုပါ တိုက်ခိုက်သိမ်းသွင်းရင်း ကမ္ဘာ့အကြီးဆုံး နယ်မြေတစ်ဆက်တည်း အင်ပါယာကြီးဖြစ်လာခဲ့ပါတယ်။ အလျားမိုင်ပေါင်း ၆၀၀၀ခန့်ရှည်ပြီး စတုရန်းမိုင် ၁၂.၄၇သန်းခန့် ကျယ်ဝန်းတဲ့ ကမ္ဘာ့မြေဧရိယာရဲ့ ၂၂% ရှိတဲ့ အင်ပါယာကြီးဖြစ်ခဲ့ပါတယ်။ ဂျင်ဂျစ်ခန်လက်ထက်မှ မြေးဖြစ်သူ ကူဗလိုင်ခန်လက်ထက်တိုင်အောင် ပါဝါကြီးမားခဲ့တဲ့ မွန်ဂိုအင်ပါယာကြီးဟာ ကူဗလိုင်ခန် ကွယ်လွန်ပြီးနောက်မှာတော့ နယ်မြေ ၄ခု ကွဲသွားခဲ့ပါတယ်။
၁၆၀၀ ပြည့်နှစ်မှာတော့ ချင်းမင်းဆက်ရဲ့ ပိုင်နက် အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၇ ရာစုမှာတော့ မန်ချူးရီးယား မွန်ဂို နဲ့ တရုတ်နိုင်ငံတို့ဟာ မန်ချူးဘုရင်ရဲ့ လက်အောက်ခံများဖြစ်လာခဲ့ပါတယ်။ ၁၉၁၁ခုနှစ်မှာတော့ တရုတ်တော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး မန်ချူးတို့လက်အောက်မှ လွတ်မြောက်ခဲ့ရပါတယ်။ အဲဒီနောက်တော့ မွန်ဂိုနိုင်ငံကို လာမားဘုန်းတော်ကြီးများက အုပ်ချုပ်ခဲ့ပြီး ၁၉၂၄ခုနှစ်မှာတော့ ရုရှားနိုင်ငံရဲ့ အကူအညီနဲ့ ပြည်သူ့ သမ္မတနိုင်ငံအဖြစ်ကြေညာနိုင်ခဲ့ပါတယ်။ ၁၉၉၂ခုနှစ်က စလို့ ပါလီမန် သမ္မတနိုင်ငံရေးစနစ်ကို သုံးစွဲတဲ့ နိုင်ငံံဖြစ်လာခဲ့ပါတယ်။
မွန်ဂိုလီးယားနိုင်ငံ ဟာ အကျယ်အဝန်းအားဖြင့် စတု၇န်းမိုင် ၆၀၅၀၀၀ ကျယ်ဝန်းပြီး ကမ္ဘာ့ ၁၈ခုမြောက် အကျယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဧရိယာကျယ်ဝန်းလှပေမယ့် နေထိုင်သူ ဦးရေကတော့ အလွန်နည်းပါးလှပါတယ်။ တစ်နိုင်ငံလုံးပေါင်းမှာ ၃.၂၆သန်းပဲ ရှိပါတယ်။ ၁စတုရန်းမိုင် ပတ်လည်မှာ ၅.၁ယောက်နှုန်းပဲ နေထိုင်ပြီး ကမ္ဘာ့လူဦးရေသိပ်သည်းမှု အနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဒီစုစုပေါင်းလူဦးရေမှာ မွန်ဂိုလူမျိုး ၉၆% နဲ့ တာခစ်လူမျိုး ၄% ပါဝင်ပါတယ်။ အများဆုံးကိုးကွယ်သည့် ဘာသာမှာ တိဘက်ဗုဒ္ဓဘာသာ နဲ့ ဆင်တူတဲ့ လာမာအယူဝါဒ ကို ကိုးကွယ်ကြပါတယ်။ အစ္စလာမ် ၊ ခရစ်ယာန် နဲ့ မွန်ဂိုးလီးယားရိုးရာ shamanism ဘာသာ ကိုးကွယ်သူ အနည်းငယ်လည်း ရှိပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၄ပုံ ၁ပုံ ဟာ နေရာအတည်တကျနေထိုင်ခြင်းမရှိတဲ့ လှည့်လည်သွားလာနေထိုင်သူ nomad တွေဖြစ်ပါတယ်။
ဟွန်ဟိုမြစ်ဟာ အတွင်းမွန်ဂိုးလီးယားတောင်ပိုင်းကို ဖြတ်သန်း စီးဆင်းပါတယ်။ ပြင်းထန်လွန်ကဲသော ရာသီဥတုရှိပြီး အပူအအေး မညီမျှချေ။ လေပြင်း အစဉ် တိုက်ခတ်လျှက်ရှိကာ မိုးအလွန်ပါး၍ တစ်နှစ်လျှင် မိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မအထိသာ ရွာသွန်းတတ်ပါတယ်။ အရှည်ဆုံးမြစ်တွေကတော့ အော်ခွန်မြစ် နဲ့ ခါလန်မြစ်တွေဖြစ်ပြီး ၆၉၈မိုင် နဲ့ ၆၇၇မိုင် အသီးသီးရှည်လျားပါတယ်။
မွန်ဂိုလီးယားနိုင်ငံရဲ့ထင်ရှားသော အချက်များ
မွန်ဂိုလီးယားရဲ့မြို့တော်ကတော့ အူလန်ဘာတာ မြို့ ဖြစ်ပြီး အဓိပ္ပာယ်က အနီရောင်သူရဲကောင်း(red hero)လို့ ဆိုပါတယ်။၂၀၁၃ ခုနှစ် စာရင်းအရ လူဦးရေ ၁.၃သန်းကျော်ရှိပြီး တစ်နိုင်ငံလုံလူဦးရေစုစုပေါင်းရဲ့တစ်ဝက်ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ အပူချိန်ကတော့ အပူဆုံးလတစ်လဖြစ်တဲ့ ဧပြီလမှာတောင် -၁ ဒီဂရီ Celsius ပဲရှိပါတယ်။
ကမ္ဘာပေါ်မှာလူဦးရေအနည်းဆုံး နိုင်ငံံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေ ၃သန်းပဲရှိပါတယ်။ ကမ္ဘာ့လူဦးရေသိပ်သည်းဆ အနည်းဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ၁မိုင်ပတ်လည်မှာ ၅ယောက်ဝန်းကျင်သာ နေထိုင်နိုင်ပါတယ်။
မွန်ဂိုလီးယားက မြင်းစီးသမားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ခန့်လောက်ထဲက ရေခဲမုန့်တစ်မျိုးကို တီထွင်ခဲ့ကြသူတွေလို့ ဆိုပါတယ်။ သူတို့တွေဟာCream ထည့်ထားတဲ့ ထည့်စရာတွေကို မြင်းတွေရဲ့ကျောကုန်းပေါ်တင်ဆောင်လာပြီး ဆောင်းရာသီမှာ ဂိုဘီ သဲကန္တာကို ကျော်ဖြတ်ကာ ခရီးသွားခဲ့ပါတယ်။ မြင်းကျောပေါ်မှာ တင်ထားတဲ့ ခရမ်တွေဟာ ခရီးတစ်လျှောက်မြင်းရဲ့ခါယမ်းမှုကြောင့် သဲကန္တာရကို ကျော်ဖြတ်ပြီးချိန်မှာတော့ ရေခဲမုန့်တွေဖြစ်လာတယ် လို့ ဆိုပါတယ်။
သိုးတွေ ဆိတ်တွေ အလွန်ပေါတဲ့ နိုင်ငံပါ။ အဲဒီထက် ပိုပေါများတာကတော့ မြင်းတွေပါ။ မြင်းတွေရဲ့ အရေအတွက်ဟာဆိုရင် လူဦးရေစုစုပေါင်းထက် ၁၃ဆတောင်ပိုများပါသတဲ့။
Bactrian ကုလားအုတ်လို့ခေါ်တဲ့ဘို့နှစ်ခုပါတဲ့ ကုလားအုတ်တွေကဟာဆိုရင်လည်း မွန်ဂိုလီးယားရဲ့မူရင်းမျိုးစိတ်ပဲဖြစ်ပါတယ်။
မွန်ဂိုလူမျိုးတို့ဟာ မိမိတို့အတွက် လိုသမျှပစ္စည်းတွေကို မွေးမြူထာသည့် တိရစ္ဆာန် များမှ ရရှိပါတယ်။ အစားအစာအတွက် အသား၊ နို့၊ ထောပတ်၊ ဒိန်ခဲကိုလည်းကောင်း၊ နေထိုင်ရန် တဲအတွက် သားရေကို လည်းကောင်း ထိုတိရစ္ဆာန်များမှ ရရှိကြပါတယ်။ ကုလားအုပ်နှင့် မြင်းကို ဝန်တင် တိရစ္ဆာန်အဖြစ် အသုံးပြုကြပါတယ်။ ထွက်ကုန်များဖြစ်သော ရွှေ၊ သားမွေး၊ သားရေ၊ သိုးမွေးတို့ကို လက်ဖက်ခြောက်၊ ဂျုံ၊ သကြား၊ ဆေး၊ ချည်ထည်၊ သားရေထည်ပစ္စည်း၊ လက်ဝတ်လက်စားတို့နှင့် လဲလှယ်ကြပါတယ်။
တစ်ဆယ့်ကိုးရာစုနှစ် နောက်ပိုင်းမှာ အတွင်းမွန်ဂိုးလီးယား သို့ တရုတ်လူမျိုး မြောက်မြားစွာ ဝင်ရောက်လာ ပြီးလျှင် ခေတ်မီစိုက်ပျိုးနည်းများဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြပါတယ်။
စီးပွားရေးအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ ၊ ကြေးနီကျောက်မီးသွေး မိုင်းတွင်းတူးဖော်ရေးလုပ်ငန်းများ ၊ လောင်စာဆီထုတ်လုပ်ရေး ၊ အစားအစာနှင့် အဖျော်ယမကာ ၊ ဖိုက်ဘာမျှင်ထုတ်လုပ်ရေး ၊ cashmere wool နဲ့ တိရစ္ဆာန်တွေရဲ့ အသား ၊ နို့ စတာတွေကို ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၃၄၄၇ ဖြစ်ပါတယ်။
မွန်ဂိုလီးယားနိုင်ငံရဲ့ ပညာရေးဟာ ပြည်သူ့သမ္မတနိုင်ငံမဖြစ်ခင်က အလွန်နိမ့်ကျခဲ့ဖူးပြီး အဲဒီအချိန်က စာတတ်မြောက်သူစုစုပေါင်းဟာ နိုင်ငံ လူဦးရေရဲ့ ၁% အောက်သာ ရှိပါတယ်။ ၁၉၅၀ ဝန်းကျင်ကစလို့ ပညာရေးကို အားပေးထူထောင်ခဲ့ရာမှာ ၂၀၁၅ခုနှစ်အရောက်မှာ စာတတ်မြောက်မှုနှုန်းဟာ ၉၈.၄% အထိရှိလာခဲ့ပါတယ်။ တက္ကသိုလ်ပေါင်း ၃၀ ခန့်ရှိနေပြီး အထင်ရှားဆုံးကတော့ မွန်ဂိုလီးယားအမျိုးသား တက္ကသိုလ် နဲ့ မွန်ဂိုလီးယား သိပ္ပံနဲ့နည်းပညာ တက္ကသိုလ်တွေဖြစ်ပါတယ်။
မွန်ဂိုတွေဟာ တစ်ပြိုင်တည်း အသံနှစ်သံထွက်အောင်သီဆိုနိုင်ကြပါတယ်။ ဒါဟာ သူတို့ရဲ့သီချင်းဆိုနည်းတစ်ခုဖြစ်ပြီး throat singing လို့ခေါ်ပါတယ်။
ကမ္ဘာ့ ရှားပါးကျားသစ်တစ်မျိုးဖြစ်တဲ့ နှင်းကျားသစ် သုံးပုံတစ်ပုံခန့်ကို ဒီနိုင်ငံမှာတွေ့နိုင်ပါတယ်။ နှင်းကျားသစ်တွေကလည်း ဒီနိုင်ငံရဲ့ မူလမျိုးစိတ်တွေပဲဖြစ်ပါတယ်။
လူဦးရေရဲ့ ၃ပုံ ၁ပုံကတော့ ၁၈နှစ်အောက်တွေဖြစ်ပါတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၂၆၆ရက်လောက်ကတော့ နေသာတဲ့နေ့တွေပါပဲ။ အဲ့ဒါကြောင့် သူ့ကို ‘Land of Blue Sky’ ကောင်းကင်ပြာနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြပါတယ်။
လူတော်တော်များများကတော့ yurts တွေမှာနေထိုင်ကြပါတယ်။ yurts ဆိုတာ သူတို့နိုင်ငံရဲ့ ရိုးရာတဲအိမ်လေးတွေဖြစ်ပြီး သစ်သား သို့ ဝါးတွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ၎င်း တဲအိမ်လေးတွေကို ‘ger’လို့လည်း ခေါ်ကြပြီး အလွယ်တကူရွေ့ပြောင်းနိုင်အောင် ပြုလုပ်ထားပါတယ်။
ရှေးအကျဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်တဲ့ Erdene Zuu ဘုန်းတော်ကြီးကျောင်းရှိပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းကိုတော့ ၁၅၈၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ ကုလသမ္မဂ္ဂအဖွဲ့မှ ၁၉၆၁ခုနှစ်ကတည်းက ကုလသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့လက်ခံခဲ့သော်လည်း ၁၉၈၇ခုနှစ်တိုင်အောင် နိုင်ငံပေါင်း ၁၀၀ကျော်က နိုင်ငံတစ်နိုင်ငံအနေနဲ့ အသိမှတ်ပြုဖို့ကို ငြင်းဆိုခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ၄၃ဆက်မြောက် သမ္မတဖြစ်တဲ့ George W. Bush က မွန်ဂိုလီးယားကို လာရောက်လည်ပတ်ခဲ့ပါတယ်။
သူတို့ရဲ့ထူးခြားတဲ့ ပွဲတော်တစ်ခုကတော့ ရွှေလင်းယုန်များဖြင့်အမဲလိုက်ပွဲတော် Golden Eagle Festival ဖြစ်ပြီး Bayan-Ölgii ဒေသမှာ တစ်နှစ်ကို ၂ရက်ခန့်ကျင်းပလေ့ရှိပါတယ်။
နိုင်ငံရဲ့အဓိက အစားသောက်ကိုပြောပါဆိုရင်တော့ ပေါက်စီပဲဖြစ်ပါတယ်။ သိုးသားပေါက်စီ အမဲသားပေါက်စီတွေအများဆုံးတွေ့ရပါတယ်။ အငန်ဘက်ကဲတဲ့ မွန်ဂိုလီးယား နွားနို့လက်ဖက်ရည်ကို Suutei tsai လို့ခေါ်ပါတယ်။
မွန်ဂိုတွေဟာ သူတို့ရဲ့ဘာသာစကားကြောင့် အခြားနိုင်ငံက လူမျိုးတွေနဲ့ ဆက်သွယ်ဖို့ခက်ခဲပေမယ့် သူတို့ဆီကိုရောက်လာရင်တော့ အလွန်ဖော်ရွှေတတ်ကြသလို နို့လက်ဖက်ရည်နဲ့ ဧည့်ခံဖို့အမြဲအဆင်သင့်ဖြစ်နေလေ့ရှိပါတယ်။
မြို့တော်ရဲ့အပြင်ကိုထွက်လိုက်တာနဲ့ Genghis Khan ရုပ်ထုကြီးကိုမြင်တွေ့ရမှာဖြစ်ပြီး ဒီရုပ်ထုရဲ့ အမြင့်ကတော့ ၁၃၁ပေမြင့်ကာ ကမ္ဘာပေါ်က အမြင့်ဆုံး မြင်းစီးရုပ်ထုပဲဖြစ်ပါတယ်။
ပထမဆုံး ဒိုင်နိုဆောဥကို ၁၉၂၀ခုနှစ်က ဂိုဘီသဲကန္တာရ မှာရှာတွေ့ခဲ့တာဖြစ်ပါတယ်။
Discussion about this post