ဒီအကြောင်းလေးကိုတော့ သိတဲ့မိတ်ဆွေတွေသိကြမှာပါ။ “အင်းဝတွင်ပိတ်ဖြူရှားသလော” ဆိုတဲ့ ဘုရင်မင်းခေါင် နဲ့ သူ့ရဲ့ညီ ရှင်သိဒ္ဓတ်တို့ကြားက အဖြစ်အပျက်လေးတစ်ခုပါ။ မသိသေးတဲ့မိတ်ဆွေတွေအတွက် ပြန်တင်ခြင်းဖြစ်ပါတယ်။ရှင်သိဒ္ဓတ်က မြန်မာ့သမိုင်းမှာတော့ လူသိနည်းတဲ့သူတစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောင်တော် အင်းဝဘုရင်မင်းခေါင်ကိုတော့ အားလုံးသိကြမှာဖြစ်ပါတယ်။ ရာဇာဓိရာဇ် နှင့် အပြိုင် မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့တဲ့ အင်းဝဘုရင်ဖြစ်ပါတယ်။
အေဒီ ၁၃၇၁ ခုနှစ်မှာ အင်းဝမင်းကြီးစွာစော်ကဲ ဟာ မြေဒူးမြို့ကိုထိပါးလာတဲ့ ရှမ်းတို့ကိုတိုက်ရန် စစ်ချီခဲ့ရင်း ကန်စွန်းနိမ့်ရွာမှ မိဘေဇာဟူသော မိန်းမချောလေးနှင့်တွေ့ပြီး မေတ္တာသက်ဝင်ကာ မိဘေဇာကိုနေပြည်တော်သို့ ခေါ်ယူခဲ့ပါတယ်။ မိဘေဇာနှင့် သားသမီး ၃ ယောက်ကို ရရှိခဲ့ပါတယ်။ မင်းဆွေ(အင်းဝဘုရင်မင်းခေါင်)၊ ရှင်သိဒ္ဓတ် နှင့် ရှင်မြတ်လှတို့ဖြစ်ပါတယ်။ မင်းဆွေ နှင့် ရှင်သိဒ္ဓတ် တို့ကို မင်းကြီးစွာက မျက်နှာသာမပေးခဲ့ပါချေ။ အကြောင်းကား သူ့တွင်ထီးနန်းဆက်ခံရန် သားတော် တရဖျား ရှိနေတာကြောင့်ပင်။ မိမိ နတ်ရွာစံ၍ သားတော်ကြီး မင်း ဖြစ် လျှင် မင်းဆွေနှင့် ရှင်သိဒ္ဓတ်ကို ညှဉ်း ဆဲလိမ့်မည်ဟု အကြောင်းပြချက်ဖြင့် မင်းကြီးစွာက သားတော်နှစ်ပါး ကို ငခင်ညို၊ ငခင်ဘဟူသော အထိန်းတော်နှစ်ဦးနှင့်အတူ မထင်မရှား အသွင်ဖြင့် အဝေးသို့ ပို့ထားခဲ့ပါတယ်။
အထိန်းတော်များ နတ်ပွဲများတွင် တီးမှုတ်သည့်ပိုက်ဆံဖြင့်သာ စားရသောကြောင့် ညီနောင်နှစ်ပါးဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ မင်းကြီးစွာစော်ကဲမှ သားတော်များကို သနားသောကြောင့် မင်းဆွေ ၉ နှစ် ၊ ရှင်သိဒ္ဓတ် ၇ နှစ် အရွယ်မှ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မင်းဆွေကို ပြင်စည်မြို့ကိုစားစေပြီး ၊ ရှင်သိဒ္ဓတ်ကို စစ်ကိုင်းမြို့ကိုစားစေခဲ့ပါတယ်။
မင်းကြီးစွာလွန်ခဲ့ပြီး တရဖျားနန်းတက်ခဲ့သော်လည်း အထိန်းတော် ငနောက်ဆံ၏ လုပ်ကြံမှုကြောင့် တရဖျားမှာ ထီးနန်းကို ၅ လ သာ စိုးစံခဲ့ရပါတယ်။ လစ်လပ်သွားသော အင်းဝထီးနန်းကို မှူးမတ်တို့က မင်းဆွေကို ပေးအပ်ခဲ့ပေမယ့် မင်းဆွေက ငြင်းပြီး ဦးရီးတော် ရမည်းသင်းစားမဟာပြောက်ကို နန်းတင်စေခဲ့ပါတယ်။
ဒီမှာတင် ရှင်သိဒ္ဓတ်ဒေါသထွက်ပါတော့တယ်။“စားမည့်ထမင်းပွဲကို သူတပါးကိုပေးလျှင်တော်သေးသည်။ ထီးနန်းကိုပေးမည်ဆိုသည်ကား မဖြစ်သင့်။ နောင်တော်ပြောပြီးသား စကားကို မရုတ်သိမ်းပါလင့်။ ညီတော့်တာဝန်ထား” ဟုဆိုကာ ရမည်းသင်းစားကို ရန်အောင်မြင်ဘုရားအနီးတွင် အလစ်တိုက်ကာ လုပ်ကြံခဲ့ပြီး ထီးနန်းကို နောင်တော်ဖြစ်သူ မင်းဆွေအား စိုးစံစေခဲ့ပါတယ်။ မင်းဆွေဟာ ရှင်သိဒ္ဓတ်ရဲ့အစွမ်းကြောင့်သာ ဘုရင်မင်းခေါင်ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် ဘုရင်မင်းခေါင် အမည်ခံ မင်းဆွေသည် ဥပရာဇာ ခန့်အပ်တဲ့အခါမှာတော့ ညီဖြစ်သူ ရှင်သိဒ္ဓတ်အားမပေးပဲ သားတော် မင်းရဲကျော်စွာအားပေးခဲ့ပါတယ်။ ထီးနန်းကိုရယူပေးသော ညီကိုကျော်ကာ သားဖြစ်သူကိုပေးသောကြောင့် မှူးမတ်များပင် အံအားသင့်ခဲ့ရပါတယ်။ ဤတွင် ရှင်သိဒ္ဓတ် အမျက်ထွက်လေသည်။ “ငဆွေကို ငါသူကောင်းပြုသည်” ဟု ကြိမ်းဝါးကာ မင်းခေါင်အား ပုန်ကန်ပါတော့တယ်။ ဘုရင်မင်းခေါင်ကလည်း ကိုယ်တိုင်စီးချင်းထိုးကာ အနိုင်ယူလိုက်ပါတယ်။ ( အမှန်တော့ ဘုရင်မင်းခေါင် တော်လွန်းတာကြောင့်မဟုတ်ပဲ ဘုရင်မင်းခေါင်ရဲ့ဆင်ကို ရှင်သိဒ္ဓတ်ဆင်ကမယှဉ်နိုင်တာကြောင့် ရှင်သိဒ္ဓတ်ရှုံးခဲ့တာဖြစ်ပါတယ်)
မင်းခေါင်ကလည်း ညီတော်ကို မသတ်ပဲ အကျဉ်းချထားခဲ့ပါတယ်။ အဲဒီနောက်တော့ မှူးမတ်တို့ရဲ့တောင်းဆိုမှုကြောင့် ချက်ချင်းပြန်လွတ်ပေးခဲ့ပါတယ်။ အကျဉ်းမှလွတ်လွတ်ချင်း ရှင်သိဒ္ဓတ်ဟာ ဟံသာဝတီသို့ထွက်ပြေးကာ ရာဇာဓိရာဇ်ထံ ခိုဝင်ခဲ့ပါတယ်။ ( ရာဇာဓိရာဇ်ကလည်း ရှင်သိဒ္ဓတ်အား သူကောင်းပြုထားခဲ့ပါတယ်)
အဲဒီအချိန်က အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲဖြစ်နေချိန်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရာဇာဓိရာဇ်က မွန်သူရဲကောင်းလဂွန်းအိမ်အား ဘုရင်မင်းခေါင်ကင်းတပ်များ စစ်ဆေးနေစဉ် လုပ်ကြံခိုင်းခဲ့ပါတယ်။ လဂွန်းအိမ်က ဘုရင်မင်းခေါင်ကို မသိသဖြင့် သိသောသူတစ်ယောက်အား ထည့်ပေးရန်ဆိုပါတယ်။ ဤတွင် ရာဇာဓိရာဇ်က ရှင်သိဒ္ဓတ်အား အင်းဝထီးနန်းသည် သင့်အတွက်ဖြစ်စေမည်ဟု ဆိုကာ လဂွန်းအိမ်နှင့် အတူလွှတ်လိုက်ပါတယ်။ ရှင်သိဒ္ဓတ်ဝမ်းသာသွားကာ ကြုံးဝါးပြီးဆင်ပေါ်တက်ခဲ့ပါတယ်။
လဂွန်းအိမ် နှင့် အတူ ဘုရင်မင်းခေါင်ကင်းစစ်မည့် လမ်းကျဉ်းလေးတစ်ခုတွင် ခြုံခိုကာ အသင့်စောင့်ပြီး ဘုရင်မင်းခေါင်လာသည်နှင့် ရုတ်တရက်ထွက်တိုက်ပါတော့တယ်။ ဘုရင်မင်းခေါင်ကလည်း တုံ့ပြန်တိုက်ခိုက်ပါတယ်။ ထိုသို့တိုက်ခိုက်နေစဉ် လဂွန်းအိမ်၏ဆင်ထက်မှ ရှင်သိဒ္ဓတ်က ” မင်းဧကရာဇ်ဖြစ်လျက် အမှုးအမတ် နှင့် ဆင်စီးချင်းထိုးရသလော၊ နောက်တွင် တပ်ကူလည်းများသေးသည်။ ခွာလှည့်တော့ ” ဟု ကျယ်လောင်စွာ အော်ပါတယ်။
ထိုစကားကိုကြားသည်နှင့် ခြုံခိုအတိုက်ခံရကာ လန့်နေသော ဘုရင်မင်းခေါင်ဟာ ဆင်ကိုချွန်းအုပ်ကာ နောက်ပြန်ဆုတ်ပါတယ်။ ဘုရင်မင်းခေါင် ထွက်ပြေးသည်ကိုတွေ့တဲ့ လဂွန်းအိမ်က တစိုက်မတ်မတ်လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဘုရင်မင်းခေါင်းဆင်မှ ထီးဖြူတော်ကို အမှတ်အသားပြု၍ လိုက်နေကြောင်း ရှင်သိဒ္ဓတ် သိလျှင်“နောင်တော်…အင်းဝမှာပိတ်ဖြူရှားသလော” ဟု အော်ဟစ်သောအခါမှ ဘုရင်မင်းခေါင်သည် ထီးဖြူကို ခုတ်ချကာ အရံဆင်များကြား ဝင်ရောပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ (ပိတ်ဖြူရှားသလော ဆိုသည်မှာ ပိတ်ဖြူဖြင့် ထီးဖြူကို အချိန်မရွေးချုပ်လို့ရသည်ဟု ဆိုခြင်းပါ)။ လဂွန်းအိမ်လည်း စစ်ကျွံ့မည် စိုး၍ ပြန်ဆုတ်ခဲ့ရပါတယ်။
ဟံသာဝတီသို့ ပြန်ရောက်ပြီး အရေးမလှခဲ့ကြောင်းသိတဲ့အခါ ရာဇာဓိရာဇ် ဒေါသပြင်းစွာထွက်ပါတော့တယ်။ လဂွန်းအိမ်က ရှင်သိဒ္ဓတ်အော်ပြောသည်များကို တင်လျှောက်၍ ပိုမိုစိတ်ဆိုးခဲ့ပါတယ်။ ရှင်သိဒ္ဓတ်က ” ညီရင်း အစ်ကို ဖြစ်၍ ပျက်စီးမည်စိုးသဖြင့် သတိပေးမိသည်။ နောင်ရာဇဝင်အဆက်ဆက်တွင် နောင်တော်ကို သတ်၍ ထီးနန်းစည်းစိမ် ယူသည်ဟု ပြောစမှတ်တွင်မည်ကိုလည်း စိုးရိမ်သဖြင့် အော်ရခြင်းဖြစ်သည်။ ” ဟုပြန်လျှောက်တဲ့အခါ ရာဇာဓိရာဇ်၏ ကွက်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။
တကယ်ဆိုရင် မိမိနောင်တော်အား သူတပါးလုပ်ကြံလိုက်လျှင် မိမိက ထီးနန်းရတော့မည်။ ဝမ်းသာအားရဖြင့် ငြိမ်ငြိမ်လေးနေဖို့သာရှိသည်။ သို့သော် မင်းသိဒ္ဓတ် ထိုသို့မလုပ်ခဲ့ပါပေ။ မိမိအား မငဲ့ညှာ၍ ဥပရာဇာမပေးခဲ့သူ မိမိနောင်တော်အား မည်မျှပင် စိတ်နာနေသော်လည်း အလုပ်ကြံခံရတော့မည်အခါ သွေးကစကားပြောခဲ့ပြီး လွတ်မြောက်စေရန်ကူညီဟန်တူပါတယ်။ နောက်ဆုံးမှာ နောင်တော်မသေပဲ သူသေခဲ့ကာ သူ့ရဲ့မေတ္တာတရားကို ပြသသွားခဲ့ပါတယ်။
ကိုးကား : ဆရာတော်၏ကန်ကြောက်ခြင်းကိုခံရသော မင်းဆွေ- မောင်ခင်မင်(ဓနုဖြူ) ၊ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း – နိုင်ပန်းလှ ၊ မြန်မာ့စွယ်စုံကျမ်း
Discussion about this post