ရေးသားသူ – သန်းဝင်းလှိုင်(မိုးမခမဂ္ဂဇင်း)
ဇန်နဝါရီလသည် ကမ္ဘာ့ပြက္ခဒိန်တွင် ပထမဆုံးလ ဖြစ်သည်။ လုပ်ငန်းဆောင်တာ အဝဝတို့ကို စတင်ခြင်းကို လည်းကောင်း ၊ တံခါးပေါက်များနှင့် မြို့ဝင်ပေါက်များကိုလည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခြင်းတို့ကိုလည်းကောင်း အစိုးရသည်ဟုဆိုသောမျက်နှာနှစ်ဖက်ရှိ “ဂျေးနပ်” (Janus) အမည်ရှိ ရောမ နတ်သား၏ အမည်ကိုယူ၍ ဇန်နဝါရီ (January) ဟူ၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ရှေးရောမပြက္ခဒိန်တွင် မတ်လမှစ၍ ၁ဝ လသာ ရှိခဲ့သည်။ သို့ရာတွင် ဘီစီ ၇၁၅ ခုနှစ်ခန့်တွင် ရောမနိုင်ငံ၏ ဒုတိယဘုရင် “နူမာပွမ်ပီလီယပ်စ်” (Numa Pompilius 753 – 673 B.C) က ဇန်နဝါရီလကို တိုးဖြည့်ပြီးလျှင် နှစ်၏ အဦးဆုံးလအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုစဉ်က ဇန်နဝါရီလ၌ ရက်ပေါင်း ၃ဝ သာ ရှိသော်လည်း ဘီစီ ၄၆ ခုနှစ်တွင် ဂျူလီယက်ဆီဇာက ၁ ရက် တိုးပေးလိုက်သောကြောင့် ၃ ၁ ရက် ဖြစ်လာခဲ့သည်။
ခရစ်နှစ် ၁၅၈၂ ခုနှစ်တွင် ဂရီဂိုရီယမ် ပြက္ခဒိန်ကို ရောမကက်သလစ်ဂိုဏ်းဝင်တို့ လက်ခံအသုံးပြုလိုက်သည့် အချိန်မှစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ (ဝါ) နှစ်ဆန်းတစ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ ယခုအခါ ဇန်နဝါရီလ ၁ ရက်နေ့သည် ကမ္ဘာ့နှစ်ဆန်း တစ်နေ့သဖွယ် ဖြစ်နေလေပြီ။
ထိုနေ့တွင် ခရစ်ယာန်ဘာသာဝင်တို့သည် အချင်းချင်း လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ ကျွေးမွေးဧည့်ခံခြင်း အမှုတို့ကို “ခရစ်စမတ်နေ့” ကဲ့သို့ပင် ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် နှစ်သစ်ကူးနေ့ကို “ခရစ်စမတ်ငယ်” ဟူ၍ပင် ခေါ်ကြသည်။
အင်္ဂလန်ပြည်၌ ဇန်နဝါရီလ ၂၁ ရက်နေ့ကို “စိန့်အဂ္ဂနိစ်နေ့” အဖြစ် သတ်မှတ်ထားလေသည်။ စိန့်အဂ္ဂနိစ်(Agnes of Rome) မှာ လွန်ခဲ့သော လေးရာစုနှစ်အတွင်းက ရောမအမျိုးသမီး သူတော်စင်တစ်ဦး ဖြစ်သည်။ စိန့်အဂ္ဂနိစ်သည် ၁၃ နှစ်အရွယ်တွင် ဘာသာအယူဝါဒကွဲသော လူငယ်တစ်ဦးနှင့် လက်ထပ်ရမည့်အရေးကို ငြင်းပယ်ကာ အသက်စွန့်ခဲ့သူ ဖြစ်လေသည်။
အင်္ဂလန်ပြည်၌ မိန်းမပျိုများသည် စိန့်အဂ္ဂနိစ်နေ့ည၌ အိပ်မက်ထဲတွင် မိမိတို့၏ အနာဂတ် ချစ်သူ ခင်ပွန်းလောင်းကို မြင်မက်တတ်ကြသည်ဟု တချိန်က ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် အချို့သော မိန်းမပျိုတို့သည် အိပ်ရာမဝင်မီ တရားစာများကို ရွတ်ဖတ်၍ ဆုတောင်းမေတ္တာ ပို့သလေ့ ရှိကြသည်။ အချို့ကလည်း ဇန်နဝါရီလ ၂၁ ရက်နေ့ တစ်နေ့လုံး ဆားနှင့် ကြက်ဥတစ်လုံးမှအပ အခြား အစားအစာများကို လုံးဝမစားဘဲ ဥပုသ်ဝင်တတ်ကြသည်။
ဇန်နဝါရီလ၏ ဝိသေသ ထူးခြားသော ပန်းမှာ “စနိုးဒရော့” ပန်း ဖြစ်ပြီး မွေးနံကျောက်မျက်မှာ ပဒဲကျောက် ဖြစ်သည်။ မြန်မာ့သမိုင်း၌ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော အထင်ကရ ဖြစ်ရပ်များမှာ –
၁၀၆ဝ ဇန်နဝါရီ ၁၄
အနော်ရထာမင်းစောသည် နဖူးသင်းကျစ်ဓါတ်တော်နှင့် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ဆက်သသည့် စွယ်တော်များကို ဌာပနာ၍ ရွှေစည်းခုံ စေတီတော်ကြီးကို စတင်တည်လုပ်ခဲ့ရာ အတွင်းစေတီတော်သာ ပြီးစီးသည်။
၁၂၄၄ ဇန်နဝါရီ ၁၇
မင်းဥဇနာ၏ ဦးရီးတော် အမတ် သမန်တကုံထံ လင်မယားသည် ဂူ၊ ဘုရား၊ ပိဋကတ်၊ တရားအိမ်၊ ဓမ္မာရုံ၊ ကျောင်း ၊ စြင်္က ံ၊ တံတိုင်း၊ စာသင်ကျောင်း ၂ဝ တို့ကို တည်ဆောက်၍ လယ် ၃၈ဝ ၊ ကျွန် ၁၈၈၊ နွား ၁ဝဝ ၊ ဆင် ၁ စီးနှင့် ဥယျာဉ် ၁ ကို လှူသည်။
၁၃၆၅ ဇန်နဝါရီ ၂၆
သတိုးမင်းဖျားသည် အင်းဝ နန်းတော်ကို တည်ဆောက်သည်။
၁၃၆၆ ဇန်နဝါရီ ၁၆
ရခိုင်ပြည်၊ မဟာထီးတောင်ပေါ်တွင် ကောလိတဆရာနှင့် ရာစုမှူးတို့ ရခိုင်ပြည်ကို တိုက်ခိုက်၍ ရရှိလာသော သုံ့ပန်း ၃၈ဝဝ အား ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့ကြောင်း အလျား ၁၈ ပေ ၅ လက်မ၊ အနံ ၅ ပေ ၆ လက်မ ရှိသော ကျောက်တုံးကြီးပေါ်တွင် ရေးထိုးထားသည်။
၁၅၅၁ ဇန်နဝါရီ ၁၁
ဘုရင့်နောင်သည် ကေတုမတီတောင်ငူကို သိမ်းပိုက်သည်။
၁၅၅၃ ဇန်နဝါရီ ၇
ဘုရင့်နောင် ဝင်းတော်အသစ် တည်သည်။ ကျုံးတူးသည်။
၁၅၅၄ ဇန်နဝါရီ ၁၂
ဘုရင့်နောင်မင်းတရားကြီးခေမာဒွါရတံခါးကဝင်၍နန်းတက်သည်။ သီရိသုဓမ္မရာဇာ တံဆိပ်ခံသည်။ မိဘုရားမှာ အဂ္ဂမဟေသီ ဘွဲ့ခံသည်။
၁၅၅၅ ဇန်နဝါရီ ၉
အဝ (အင်းဝ) ကို သိမ်းယူပြီး ညီငယ် မင်းရဲကျော်ထင်ကို “သတိုးမင်းစော” အမည်ဖြင့် အဝမြို့ကို ပေးသည်။
၁၅၆၁ ဇန်နဝါရီ ၂
ဘုရင့်နောင်မင်းတရားသည် ကောင်းမှုတော် မဟာစေတီတော်ကို ထီးတော်တင်သည်။
၁၅၇၁ ဇန်နဝါရီ ၁၁
ဘုရင့်နောင်သည် ရွှေချိန် ၅၃ဝ ပိဿာဖြင့် ရွှေဘုရားကြီးကို သွန်းလုပ်သည်။
၁၅၇၉ ဇန်နဝါရီ ၃ဝ
သားတော် နော်ရထာမင်းစောအား ဇင်းမယ်ကို ပေးသည်။
၁၅၉၈ ဇန်နဝါရီ ၁၇
ညောင်ရမ်းမင်းသည် မြို့ဟောင်းကို အရှေ့အနောက်တောင်မြောက် ချဲ့ထွင်ပြီး ထူးမြတ်သည့် အင်းမန္တန်မြုပ်နှံ၍ မြို့တည်သည်။
၁၆၁၈ ဇန်နဝါရီ ၂
အနောက်ဘက်လွန်မင်းသည် အိန္ဒိယနိုင်ငံ ဂိုအာမြို့ကို အုပ်ချုပ်နေသော ပေါ်တူဂီဘုရင်ခံ၊ ကဝါပိတ်စရည်မင်း (Goa Viceroy) အား လက်ခံတွေ့ဆုံသည်။
၁၆၂၉ ဇန်နဝါရီ ၂၆
သာလွန်မင်းသည် ကျိုင်းရုံးမှ အင်းဝသို့ ပြန်လည်ချီလာရာ လမ်းခရီးတစ်လျှောက် ဆင်၊ မြင်း ၊ ဗိုလ်ပါတို့ကို သိမ်းယူပြီး ပင်းယအောင်ထပ်သို့ ရောက်ရှိသည်။
၁၆၃ဝ ဇန်နဝါရီ ၃၁
သာလွန်မင်းထံ ရခိုင်ဘုရင်၏ သံတမန်များ ရောက်ရှိသည်။
၁၆၃၄ ဇန်နဝါရီ ၁၁
သာလွန်မင်းက ယိုးဒယားသို့ သံ စေလွှတ်သည်။
၁၆၃၅ ဇန်နဝါရီ ၁၄
သာလွန်မင်းသည် ရတနာပန်းတောင်းဖြင့် ဂြိုဟ်နတ်တို့ကို ပူဇော်ပြီး နန်းတော်သစ်မြေကို ထူစေသည်။
၁၆၃၈ ဇန်နဝါရီ ၁၆
သာလွန်မင်း လှူဒါန်းသော ကောင်းမှုတော် စေတီတံတိုင်းတွင် ပိဋကတ်ဗေဒင် စတင်ရေးသည်။
၁၆၄၂ ဇန်နဝါရီ ၂၄
သာလွန်မင်းက ဒဂုန်စေတီတော် (ရွှေတိဂုံ)၏ တည်ရင်းအတိုင်းအတာနှင့် ထီးတော်လှူခဲ့သည့် မင်းကို သိလိုသောကြောင့် ဆရာတော် အနန္ဒစဇအနုရုဒ္ဓါကို မေးမြန်းလျှောက်ထားသည်။
၁၇၅၂ ဇန်နဝါရီ ၂၇
ဟံသာဝတီမင်း ဗျမိုင်းတိရာဇာနရာဓိပတိဘွဲ့ခံ ဗညားဒလသည် ညီတော် ဥပရာဇာနှင့် ညီငယ်ဗညားဒလ၊ စစ်သူကြီး ဒလပန်း စသော ဗိုလ်မှူး၊ တပ်မှူးများနှင့်အတူ အင်းဝ၊ စစ်ကိုင်းမြို့များကို ဝန်းရံပိတ်ဆို့ကြသည်။
၁၇၅၄ ဇန်နဝါရီ ၃
အလောင်းမင်းတရားကြီးသည် ရတနာပူရ အဝမြို့နှင့်စစ်ကိုင်းကို သိမ်းသည်။
၁၇၅၈ ဇန်နဝါရီ ၄
အလောင်းမင်းတရားက မည်သည့် တရုတ်မဆို ကင်းစောင့်ထံ စာချွန်ပေးမှ ဝင်ရောက်ခွင့်ပြုရန် တရုတ်တို့ထံမှ မည်သည့်လက်ဆောင်မျှ လက်မခံရန်၊ တရုတ်တို့ရောက်ကြောင်း ကင်းဝန်ထံ အစီရင်ခံရန်၊ကင်းစောင့်တို့ကအကောက်ကောက်ခံပြီးကင်းဝန်ကစာရင်းသွင်းရန် အမိန့်ထုတ်သည်။
၁၇၅၉ ဇန်နဝါရီ ၁၂
မြန်မာတပ်များ မဏိပူရမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်သည်။
၁၇၆၇ ဇန်နဝါရီ ၃ ဝ
ဝန်ကြီးမဟာစည်သူ ကွပ်ကဲသော မြန်မာတပ်များသည် တရုတ်တပ်များ ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်သောကြောင့် မိုးကောင်း၊ မိုးညှင်းကြောင်း ချီတက်သည်။
၁၇၈၅ ဇန်နဝါရီ ၂
မဟာဥပရာဇာ၏ တပ်များ ရခိုင်ကို သိမ်းယူသည်။
၁၇၈၅ ဇန်နဝါရီ ၄
မဟာဥပရာဇာသည် မဟာမုနိဘုရားအား မန္တလေးသို့ ပင့်ဆောင်သွားသည်။
၁၇၈၅ ဇန်နဝါရီ ၁၉
မဟာမုနိဘုရားပင့်ဆောင်မူသည့် ဖောင်တော်သည် ပိုးချည် ကျွန်းတပ်တော်ဆိပ်သို့ ရောက်သည်။
၁၇၈၅ ဇန်နဝါရီ ၂၀
အက္ကပတ်မြင်းဝန် နေမျိုးကျော်ထင်စည်သူက ကွန်းချောင်း ကျွန်းသာယာသို့ ထွက်ပြေးတိမ်းရှောင် နေသော ရခိုင်ဘုရင်၊ မိဘုရား၊ သားသမီး အခြွေအရံတိုကို မဟာဥပရာဇာထံ ဆက်သည်။
၁၇၈၅ ဇန်နဝါရီ ၂၇
ဗဒုံမင်းသည် ရတနာဆင်ဖြူတော်ကို ခမ်းနားကြီးကျယ်သော ပွဲသဘင်ခံ ကျင်းပကာ သိမ်းယူပြီး ရတနာပြောင်မွန်ဘွဲ့ပေးကာ ဆင်ဖြူများရှင် ဘွဲ့ခံယူသည်။
၁၇၉၁ ဇန်နဝါရီ ၁၄
မင်းကွန်းပုထိုးတော်ကြီး စတင်တည်သည်။
၁၈၂၃ ဇန်နဝါရီ ၁
မင်းကြီးမဟာဗန္ဓုလသည်အာသံကို တိုက်ခိုက်အောင်မြင်ပြီးနောက် အာသံပြည်မြို့စား စော်ဘွားတို့ ဆက်သလိုက်သော သမီးတော်နှင့် လက်ဆောင်ရွှေငွေများ သယ်ဆောင်ပြီး ပြန်လာသည်။
၁၈၅၃ ဇန်နဝါရီ ၁ဝ
မင်းတုန်းမင်းသည် မင်းညီမင်းသား ၊ မှူးတော်မတ်တော်၊ ဗိုလ်ရဲမက်၊ အမှုထမ်းပေါင်းခြံရံလျက် ရွှေနန်းတော်သို့ ဝင်သည်။
၁၈၅၇ ဇန်နဝါရီ ၃
ပြင်သစ်နိုင်ငံရောက် နာခံတော် မဟာမင်းကင်ရာဇသီဟသူ၏ သံအဖွဲ့က ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယံအား တက်လာရီနန်းတော်၌ တွေ့ဆုံနုတ်ဆက်သည်။
၁၈၅၇ ဇန်နဝါရီ ၁၃
မင်းတုန်းမင်းသည် မန္တလေးမြို့သစ်တည်ရန် အမိန့်ထုတ်သည်။
၁၈၇၃ ဇန်နဝါရီ ၂ ၄
ကင်းဝန်မင်းကြီး အင်္ဂလန်ပြည်မှအပြန် ပြင်သစ်နိုင်ငံသို့ ဝင်ရောက်ကာ ပြင်သစ်နှင့်စာချုပ် ချုပ်ဆိုသည်။
၁၈၇၉ ဇန်နဝါရီ ၁ ၉
သီပေါမင်းက ရေနံချောင်းမြို့စားဝန်ကြီး၊ မကွေးမြို့စား ဝန်ကြီး၊ ဝန်ထောက်မြို့သစ်မြို့စားတို့ (၃) ဦး အား အမျက်တော်ရှိ၍ ရာထူး ရုပ်သိမ်းသည်။
၁၈၈၆ ဇန်နဝါရီ ၁
အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် (Lord Dufferin) က အထက်မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာ အတွင်း သွတ်သွင်းကြောင်း ကြေညာသည်။
၁၈၈၇ ဇန်နဝါရီ ၁
ကြည့်မြင်တိုင် မင်းသား၏ တပ်နှင့် ဗြိတိသျှတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ ကြည့်မြင်တိုင်မင်းသား ကျဆုံးသည်။
၁၈၈၇ ဇန်နဝါရီ ၁၈
မန္တလေးမြို့ မိုးထိကျောင်းတိုက်တွင် စောရန်နိုင်အား ထီးနန်းတင်ရန် လျှို့ဝှက်အစည်းအဝေး ကျင်းပနေစဉ် ဗြိတိသျှတို့က ဝင်ရောက်စီးနင်းရာ ချောင်းခွမင်းသား စောရန်နိုင်အား ဖမ်းသွားသည်။
၁၈၈၈ ဇန်နဝါရီ ၃
ချင်းပြည်နယ် စီဟောင် (Si Hanung) အရပ်၌ ကပ္ပတိန် ရိတ်နှင့် တာစွန်းချင်းအကြီးအကဲ ကြွမ်ဘိစ် (ခ) ဗိုလ်ဆွန်ပက် (၁၈၃၄ – ၁၉၁) တွေ့ဆုံ ဆွေးနွေးသည်။
၁၈၉၅ ဇန်နဝါရီ ၃၁
မဟာဝန် ရှင်တော်မင်းကြီး ဆာအလက်ဇန္ဒားမက္ကင်းဇီက ရွှေတိဂုံဘုရားလမ်း၌ ဂျူဗလီဟောအဆောက် အအုံကို ပန္နက် ချသည်။
၁၉ဝ၆ ဇန်နဝါရီ ၁ ၃
ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား (နောင်အင်္ဂလန် ပဉ္ဓမဂျော့ဘုရင်) နှင့် ဇနီး ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သစ်ကို ဖွင့်လှစ်ပေးသည်။
၁၉၂ ဝ ဇန်နဝါရီ ၄
ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည်မှ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ပြန်လည်ထွက်ခွာလာသည်။
၁၉၂၁ ဇန်နဝါရီ ၇
ဖေ၊ ပု၊ မောင် ကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
၁၉၂၃ ဇန်နဝါရီ ၂
မြန်မာနိုင်ငံသည် ၁၉၁၉ အိန္ဒိယနိုင်ငံ အက်ဥပဒေအရ အခြားသော အိန္ဒိယပြည်နယ်များကဲ့သို့ ဒိုင်အာခီအုပ်ချုပ်ရသည့် ပြည်နယ်တစ်ခု ဖြစ်လာသည်။ သို့ရာတွင် ရှမ်းပြည်နယ်၊ ချင်းတောင်တန်းဒေသနှင့် ကချင်တောင်တန်းဒေသများသည် ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် အကျုံးမဝင်ဟု ဆိုသည်။
ယင်းနေ့၌ပင် ဆာဟာကုတ်ဘတ္တလာသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ဘုရင်ခံရာထူးတွင် တာဝန်ထမ်းဆောင်သည်။ သူသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံဖြစ်သည်။ ဒိုင်အာခီ အုပ်ချုပ်ရေး (ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး) အစိုးရအဖွဲ့ဝင်များမှာ –
၁။ ဆာဝီလျံဂျွန်ကိတ် (Sir William John Keith, C.I.E.,I.C.S)
၂။ မောင်ခင် (နောင် ဆာဘွဲ့ရ)
၃။ အမ်အေဦးမောင်ကြီး
၄။ ဂျေ၊အေ မောင်ကြီး (၁၈၇၂ – ၁၉၅၅) တို့ ဖြစ်ကြသည်။
၁၉၂၄ ဇန်နဝါရီ ၇
ပြည်ထဲရေးဝန်ကြီးချုပ် မောင်ခင်အား “ဆာ” (Sir) ဘွဲ့ ချီးမြှင့်သည်။
၁၉၂၇ ဇန်နဝါရီ ၁
ဆရာတော် ဦးဝိစာရအား သာယာဝတီထောင်မှ လွှတ်ပေးသည်။ သို့သော် စနောညောင်ကုန်းရွာ ၌ လည်းကောင်း၊ အင်းမရွာ၌လည်းကောင်း တရားဟောရာတွင် အစိုးရအား အကြည်အညိုပျက်အောင် လှုံ့ဆော်ဟောပြောမှုတို့ဖြင့် ထောင်ဗူးဝမှာပင် ရာဇသတ်ကြီး ပုဒ် ၁၂၄ (က)အရ ထပ်မံ ဖမ်းဆီးခဲ့သည်။
၁၉၂၇ ဇန်နဝါရီ ၃
ဂျေ၊ အေမောင်ကြီးအား ဗြိတိသျှအစိုးရက “ဆာ” (Sir) ဘွဲ့ ချီးမြှင့်သည်။
၁၉၃၁ ဇန်နဝါရီ ၂
တရုတ် – မြန်မာ အဓိကရုဏ်းဖြစ်ပွား၍ သံဃာတော်နှစ်ပါး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ရသည်။
၁၉၃၁ ဇန်နဝါရီ ၉
သာယာဝတီ တောင်သူလယ်သမားခေါင်းဆောင် သုပဏ္ဏကဂဋုန်ရာဇာဘွဲ့ခံ ငါးမည်ရ ဆရာစံ (ဆရာစံ၊ စရှား၊ စံကျော်၊ ဆရာမြိုင်၊ ဦးဉာဏ) အား ဖမ်းဆီးပေးသူကို ဆုငွေ ၅ဝဝဝ ကျပ်ပေးမည်ဟု ကြေညာသည်။
၁၉၃၁ ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံဘုရင်ခံ ဆာချားလ်ဒင်းနစ်သည် ဆာဂျေအေ မောင်ကြီးထံမှ မြန်မာနိုင်ငံဘုရင်ခံ တာဝန်ကို လွှဲပြောင်းရယူသည်။
၁၉၃၂ ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီးသည်။ အစည်းအဝေး အပြီးတွင် ဗြိတိသျှ ဝန်ကြီးချုပ် မက္ကဒေါ်နယ်က မြန်မာနိုင်ငံသည် အိန္ဒိယနှင့် ခွဲလိုသည် သို့မဟုတ် တွဲလိုသည် ဆိုသည်ကို မဲဆန္ဒဖြင့် ဆုံးဖြတ်ရန် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသည်။
၁၉၃၃ ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံတွင် (၄) ကြိမ်မြောက် ဒိုင်အာခီ (ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး) အစိုးရအဖွဲ့ အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။
(၁) မစ္စတာကူးပါး (Mr.T.Corpen, C.S.I., I.C.S) ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာမောင်ဘ၊ ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာဂျေအေ မောင်ကြီး၊ သစ်တောရေးဝန်ကြီးချုပ်
(၄) ဝတ်လုံဦးကျော်ဒင်၊ ပညာရေးဝန်ကြီးချုပ် တို့ ဖြစ်ကြသည်။
၁၉၃၃ ဇန်နဝါရီ ၁၉
တို့ဗမာအစည်းအရုံးမှ တို့ဗမာသတင်းစဉ် မှတ်တမ်းထုတ်ဝေသည်။
၁၉၃၈ ဇန်နဝါရီ ၈
တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံကို ဦးတည်စေမည့် ချောက်ရေနံမြေ အလုပ်သမားများ ဘီအိုစီ ကုမ္ပဏီကို သပိတ်မှောက်သည်။
၁၉၃၉ ဇန်နဝါရီ ၈
ရေနံမြေမှ ချီတက်ခဲ့သော အင်အား ၁၄၀၀ ခန့် ရှိသည့် အလုပ်သမား သပိတ်တပ်ကြီးနှင့် သထုံနှင့် ပဲခူးစီရင်စုတို့မှ လူအင်အား ၁၀၀၀ ကျော်ပါရှိသည့် တောင်သူလယ်သမားတပ်ကြီးနှစ်တပ် ကမာရွတ်တွင် ပေါင်းစုံမိကာ ရွှေတိဂုံစေတီတော်သို့ ချီတက်၍ ရွှေတိဂုံကုံးတော်ပေါ်၌ စခန်းချသည်။
၁၉၃၉ ဇန်နဝါရီ ၉
ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ တောင်သူလယ်သမားထု အစည်းအဝေးကျင်းပ၍ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗ၊တ၊လ၊စ) ကို ဖွဲ့စည်းသည်။ ဗ၊တ၊လ၊စ ဥက္ကဌအဖြစ် သခင်မြ (နောင်အာဇာနည်)အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ထိုနေ့မှာပင် အလုပ်သမား ကိုယ်စားလှယ်ပေါင်းစုံ ဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး (All Burma Trade Union Congress – A.B.T.U.C) ကို ဖွဲ့စည်း၍ ပထမဆုံး ဥက္ကဌအဖြစ် သခင်လေးမောင်အား ရွေးကောက်ခဲ့ကြသည်။
၁၉၃၉ ဇန်နဝါရီ ၁၀
တရုတ် – မြန်မာ လမ်းမ (တရုတ်နိုင်ငံ ကူမင်းမြို့နှင့် မြန်မာနိုင်ငံ လားရှိုးမြို့တို့ကို ဆက်သွယ်ထားပြီး ၇၂၆ မိုင် ရှည်လျားသည်) ကြီးကို တရားဝင် ဖွင့်လှစ်သည်။
၁၉၃၉ ဇန်နဝါရီ ၁၁
တို့ဗမာအစည်းအရုံး အမှုဆောင် သခင်နု အဖမ်းခံရသည်။
၁၉၃၉ ဇန်နဝါရီ ၁၄
တက်ဘုန်းကြီး သိန်း (သိန်းဖေမြင့် ) အဖမ်းခံရသည်။
၁၉၃၉ ဇန်နဝါရီ ၁၅
တတိယ ကျောင်းသပိတ်ခေါင်းဆောင် ကိုလှရွှေ (ဗိုလ်လကျ်ာ၏ညီ) အဖမ်းခံရသည်။
၁၉၃၉ ဇန်နဝါရီ ၂၃
ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ တို့ဗမာအစည်းအရုံး တည်ရာဌာန မော်လမြိုင် ဇရပ်ကို ရဲဖြင့် ဝိုင်း၍ ဖမ်းဆီးရာ ဥက္ကဌ သခင်ထိပ်တင်ကိုယ်တော်ကြီး ၊ အတွင်းရေးမှူး သခင်အောင်ဆန်း အပါအဝင် တို့ဗမာအစည်းအရုံး အဖွဲ့ဝင် ၁၀ ဦး အဖမ်းခံရသည်။ ထိုနေ့မှာပင် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ကို – ဥက္ကဌ သခင် လှအောင်၊ ဒု-ဥက္ကဌ သခင်လေးမောင်၊ အထွေထွေအတွင်းရေးမှူး သခင်တင်မောင်တို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းသည်။
၁၉၃၉ ဇန်နဝါရီ ၂၅
တရုတ်သမ္မတနိုင်ငံအစိုးရက ဆုံကင်း (Chungkhing)၊ ကူမင်း (Kunming) နှင့် ရန်ကုန်လေကြောင်း ခရီးစဉ် စတင်ဖွင့်လှစ်သည်။
၁၉၃၉ ဇန်နဝါရီ ၂၉
မြန်မာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ကို ရန်ကုန်မြို့၌ ဖွဲ့စည်းသည်။ အမှုဆောင် ဥက္ကဌမှာ ဒေါ်လှမေ (ဒီးဒုတ်ဦးဘချို၏ ဇနီး) ၊ အတွင်းရေးမှူးမှာ ဒေါ်ခင်မျိုးချစ် (စာရေးဆရာမ) တို့ ဖြစ်ကြသည်။
၁၉၄ဝ ဇန်နဝါရီ ၁
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) ညီလာခံကို တောင်ငူမြို့တွင် ကျင်းပသည်။
၁၉၄ဝ ဇန်နဝါရီ ၈
မန္တလေးမြို့ တမ္ပဝလီ သူကြွယ်စုရပ်၌ရှိသော အာဇာနည်ကုန်းတွင် အုတ်တံတိုင်းဆောက်ရန် နံနက် ရး၃၇ နာရီတွင် ပန္နက်ချသည်။
၁၉၄၀ ဇန်နဝါရီ ၁ ဝ
ဗမာ့ထွက်ရပ်ဂိုဏ်း၏ ပြန်လမ်းအမှတ် ၆ ကို ထုတ်ပြန်သည်။
၁၉၄၀ ဇန်နဝါရီ ၁၃-၁၄
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို တောင်ငူမြို့တွင် ကျင်းပသည်။
၁၉၄၀ ဇန်နဝါရီ ၂၁
ငါးပွင့်ဆိုင် ညီညွတ်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပ၍ ဦးပုအား အယုံအကြည်မရှိ အဆိုတင်သွင်းကာ ခေါင်းဆောင်အဖြစ် ဖယ်ရှားသည်။ ဦးဘဘေအား ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုသည်။ ဇန်နဝါရီ ၂ဝ ရက်နေ့က ပြုလုပ်သော ဝန်ကြီးအပြောင်းအလဲ လုပ်မှုသည် ဦးဘဘေအားဖြုတ်ချလို၍ပြောင်းလဲခြင်းဖြစ်ပြီးညီညွတ်ရေးအဖွဲ့ကိုမတိုင်ပင်ဘဲပြုလုပ်သည့်အတွက် အဖွဲ့ကို စော်ကားဖြစ်သောကြောင့် ဦးပုအစိုးရအပေါ် ထောက်ခံချက် ရုပ်သိမ်းသည်ဟု ဆုံးဖြတ်ကြသည်။
၁၉၄၁ ဇန်နဝါရီ ၆
စက်သူဌေး ဦးသွင် (အထက်လွှတ်တော်အမတ်၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း) အား “ဆာ” ဘွဲ့ ချီးမြှင့်သည်။
၁၉၄၂ ဇန်နဝါရီ ၁
အင်္ဂလိပ်နယ်ချဲ့အစိုးရက သခင်အောင်ဆန်းအား ဗြိတိသျှရန်သူတော် စာရင်း အမှတ်စဉ် ၅ အဖြစ် ကြေညာသည်။
၁၉၄၂ ဇန်နဝါရီ ၂
ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တောက်ထိန်တို့ ပါဝင်သော ကာနယ်ဟိရာယာမ ဦးစီးသော ရေကြောင်းချီတပ်ဖွဲ့သည် ဘန်ကောက်မြို့မှ စတင်ချီတက်သည်။
၁၉၄၂ ဇန်နဝါရီ ၁၁
ဗိုလ်မိုးကြိုး၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်နှင့် မော်လမြိုင် စစ်ကြောင်းသည် ဘန်ကောက်မြို့မှ ရဟိုင်းမြို့သို့ ထွက်ခွာသည်။
၁၉၄၂ ဇန်နဝါရီ ၁၈
ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ နန်းရင်းဝန် ဦးစောအား ဂျပန်တို့နှင့် လျှို့ဝှက်ဆက်သွယ်ခြင်းကြောင့် ပါလက်စတိုင်းနိုင်ငံ ဟိုင်ဖာမြို့တွင် ဖမ်းဆီးသည်။
၁၉၄၂ ဇန်နဝါရီ ၂၀
နန်းရင်းဝန်ဆာပေါ်ထွန်းဦးဆောင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း မြန်မာရေဒီယိုမှ ကြေညာသည်။
၁၉၄၂ ဇန်နဝါရီ ၂၂
အမှတ် ၁၅ ဂျပန်တပ်မတော် သေနာပတိ အီးဒါးက ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ ကြေညာချက်တွင် ဂျပန်လက်နက်ကိုင်တပ်ဖွဲ့များ မြန်မာနိုင်ငံသို့ ချီတက်ဝင်ရောက် ရသည့် ရည်ရွယ်ချက်မှာ မြန်မာပြည်သူများအား ဗြိတိသျှသြာဇာအောက်မှ လွတ်မြောက်စေရန်ဖြစ်ကြောင်း မြန်မာပြည်သူတို့ ကာလရှည်ကြာစွာ မျှော်လင့်တမ်းတခဲ့သည့် လွတ်လပ်ရေး ရရှိအောင် ကူညီရန် ဖြစ်ကြောင်း ပါရှိသည်။
၁၉၄၃ ဇန်နဝါရီ ၂
အဓိပတိ ဒေါက်တာဘမော်အိမ်တွင် အမျိးသမီး ဗမာ့ဝန်ထမ်းအဖွဲ့ချုပ်ကို တည်ထောင်၍ ဥက္ကဌအဖြစ်ဒေါ်ခင်မမမော်နှင့် အတွင်းရေးမှူးအဖြစ် ဒေါ်ခင်မြ တို့အား ရွေးချယ်တင်မြှောက်သည်။
၁၉၄၃ ဇန်နဝါရီ ၂၆
ရန်ကုန်မြို့ကို မဟာမိတ်လေယာဉ်များ လာရောက်ဗုံးကြဲတိုက်ခိုက်သည်။
၁၉၄၄ ဇန်နဝါရီ ၄
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းက “ဗမာပြည်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသံလွှင့် မိန့်ခွန်းပြောကြားသည်။
၁၉၄၄ ဇန်နဝါရီ ၂
ဗမာပြည်ကွန်မြူနစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဂရက်ကို ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် ညောင်ချောင်းရွာ လျှို့ဝှက်စွာ ကျင်းပသည်။ ကွန်ဂရက်သို့ သခင်စိုး၊ ကိုသွင်၊ ကိုကျော်ဝင်း၊ ကိုထွန်းစိန်၊ ကိုစံညွှန့်နှင့် သခင်တင်မြတို့ တက်ရောက်ကြသည်။
၁၉၄၆ ဇန်နဝါရီ ၁
အရှေ့အာရှတောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ် မောင့်ဘက်တန်က ဗြိတိသျှ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းကြောင်း ကြေညာသည်။
၁၉၄၆ ဇန်နဝါရီ ၄
ကိုလိုနီခေတ်ဦး နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် စောရန်ပိုင် (ချောင်းခွမင်းသား) တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီမြို့ အင်ကင်းရပ်၌ ကွယ်လွန်သည်။
၁၉၄၆ ဇန်နဝါရီ ၁၁
ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံး အမှုဆောင် အစည်းအဝေး ကျင်းပ၍ ဌာနချုပ် တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များ ဖြစ်ကြသော သခင်ညီ၊ သခင်အေး၊ သခင်လူထွန်း၊ သခင်ကျော်စိန်တို့ အား ရာထူးမယူရေး စည်းမျဉ်း ဖောက်ဖျက်မှုဖြင့် တို့ဗမာအစည်းအရုံးမှ ထုတ်ပစ်ရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။ သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးမှ နုတ်ထွက်သည်။
၁၉၄၆ ဇန်နဝါရီ ၂၇
ဒုတိယကမ္ဘာစစ်အတွင်း ယူဂန်ဒါနိုင်ငံတွင် ၄ နှစ်ကြာ အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံခဲ့ရသော ဂဠုန်ဦးစော မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။
၁၉၄၆ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ ဥပဒေပြုကောင်စီ ဥက္ကဌအဖြစ် ဦးချစ်လှိုင်အား ခန့်အပ်သည်။
၁၉၄၆ ဇန်နဝါရီ ၃ဝ
ဆာဒေါ်မန်စမစ်၏ ဘုရင်ခံအမှုဆောင်ကောင်စီ၌ သခင်ထွန်းအုပ်အား အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။
၁၉၄၇ ဇန်နဝါရီ ၁
ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ၌ လွတ်လပ်ရေးဆန္ဒပြပွဲ ကျင်းပသည်။
၁၉၄၇ ဇန်နဝါရီ ၂
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒါကိုတာလေယာဉ်ဖြင့် အင်္ဂလန်ပြည်သို့ ထွက်ခွာသည်။
၁၉၄၇ ဇန်နဝါရီ ၇
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ရောက်ရှိသည်။
၁၉၄၇ ဇန်နဝါရီ ၁၄
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်း (Downing Street) ရှိ ဗြိတိသျှနန်းရင်းဝန်ရုံး၌ အစည်းအဝေး ကျင်းပသည်။
၁၉၄၇ ဇန်နဝါရီ ၁၅
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှကိုယ်စားလှယ်တို့ အမှတ် ၁ဝ ဒေါင်းနင်းလမ်းတွင် အစည်းအဝေးကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေကြေညာချက် တိုက်တွန်းသည်။
၁၉၄၇ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်တွင် ဦးစိန္တာနှင့်နောက်လိုက် ၃၇ ဦး လက်နက်ချသည်။
၁၉၄၇ ဇန်နဝါရီ ၂၂
ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) အရေးပေါ် ကွန်ဖရင့်ကျင်းပ၍ သခင်သန်းထွန်းအား ဥက္ကဌ အဖြစ် တင်မြှောက်ခဲ့သည်။
၁၉၄၇ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံ ဘုရင်ခံ၏ အမှုဆောင်ကောင်စီက သခင်စိုး ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့် ဆယ်ဦး တောင်သူလယ်သမား သမဂ္ဂအား မတရားအသင်းအဖြစ် ကြေညာခဲ့သည်။
၁၉၄၇ ဇန်နဝါရီ ၂၅
တောင်ကြီးတွင် လူထုဆန္ဒပြပွဲကျင်းပ၍ ဦးဖေခင်က ရန်ကုန်ဖဆပလသို့လည်းကောင်း ၊ လန်ဒန်ရှိ ဗီုလ်ချုပ်အောင်ဆန်းထံသို့ လည်းကောင်း၊ ဗြိတိသျှနန်းရင်းဝန် အက်တလီထံသို့လည်းကောင်း လိပ်မူ၍ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံသည်ဆိုသော ကြေးနန်းရိုက်ကြားပေးပို့သည်။
၁၉၄၇ ဇန်နဝါရီ ၂၇
အောင်ဆန်း – အက်တလီ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်။ သဘောတူညီချက်၏ နောက်ဆက်တွဲ၌ ဦးစောနှင့် သခင်ဗစိန်တို့က အောင်ဆန်း – အက်တလီ စာချုပ်ကို ကန့်ကွက်ကြောင်း မှတ်ချက်ဖြင့် လက်မှတ်ရေးထိုးတင်ပြသည်။
၁၉၄၇ ဇန်နဝါရီ ၃၁
ဗိုလ်ချုပ်အောင်ဆန်းနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့မှမြန်မာပြည်သို့ပြန်လည်ထွက်ခွာသည်။
၁၉၄၈ ဇန်နဝါရီ ၄
မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာသည့်အခမ်းအနားကို နံနက် ၄း၂၀ နာရီတွင် အတွင်းဝန်များရုံး အတွင်းရှိ ယာယီပါလီမန် (တိုင်းပြုပြည်ပြုလွှတ်တော်) အဆောက်အအုံရှေ့ အလံတိုင်ပေါ်မှ ဗြိတိသျှ ယူနီယံဂျက်အလံကို အောက်သို့ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အလံတော်ကို လွှင့်တင်သည်။
၁၉၄၉ ဇန်နဝါရီ ၄
ပထမအကြိမ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပသည်။
၁၉၄၉ ဇန်နဝါရီ ၂၅
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ (K.N.D.O) အဖွဲ့က တောင်ငူကို တိုက်ခိုက်သည်။
၁၉၄၉ ဇန်နဝါရီ ၂၈
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ပုသိမ်မြို့ကို တိုက်ခိုက်သိမ်းပိုက်သည်။
၁၉၅၂ ဇန်နဝါရီ ၃၁
နိုင်ငံခြားရေးဝန်ကြီး စပ်ခွန်ချိုနှင့် အိန္ဒိယသံအမတ်ကြီး ဒေါက်တာ ရော့ဖ်တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံနှင့် အိန္ဒိယချစ်ကြည်ရေး မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးသည်။
၁၉၅၃ ဇန်နဝါရီ ၅
မြန်မာအစိုးရက လက်ျာ-ဖရီးမင်း စာချုပ်ကိုဖျက်သိမ်းရန် ဗြိတိသျှ အစိုးရထံ အကြောင်းကြားသည်။
၁၉၅၄ ဇန်နဝါရီ ၅
လကျ်ာ – ဖရီးမင်း စာချုပ်သက်တမ်း ကုန်ဆုံး၍ ရန်ကုန်မြို့ရှိ ဗြိတိသျှစစ်မစ်ရှင် အဖွဲ့သည် ထမ်းဆောင်လျက်ရှိသည့် တာဝန်များကို ရပ်ဆိုင်းလိုက်သည်။
၁၉၅၅ ဇန်နဝါရီ ၁၅
ရန်ကုန် မော်လမြိုင် စာပို့မီးရထားအား နှင်းပုလဲနှင့် ဒုံးဝန်းအကြား၌ ကေအင်ဒီအို သောင်းကျန်းသူ တို့က မိုင်းခွဲတိုက်ခိုက်၍ ခရီးသည် ၃ဝ သေဆုံးပြီး ၂ဝ ဒဏ်ရာရသည်။ မိန်းမပျို ၄ဝ ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။
၁၉၅၈ ဇန်နဝါရီ ၂၉ မှ ဖေဖေါ်ဝါရီ ၂
ရန်ကုန်မြို့ရေကူးကန်ဘဲ့ရပ်ကမ္ဘာအေးစေတီတောင်အနီးသီရိမင်္ဂလာကုန်းမြေတွင် တတိယအကြိမ် မြောက် ဖဆပလ ပြည်လုံးကျွတ် ညီလာခံ ကျင်းပသည်။
၁၉၆၀ ဇန်နဝါရီ ၈
ပြည်တောင်ဘက် ဦးကောင်းလက်မှတ်ပါ ဒေါင်းတံဆိပ် ၁၀၀ တန် ငွေစက္ကူ ၁၉၆၀ ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ တရားဝင်ရပ်စဲသော်လည်း ဦးစံလင်း လက်မှတ်ပါ အလားတူ ဒေါင်းတံဆိပ် ၁ဝဝ တန်ငွေစက္ကူများကို ဆက်လက်သုံးစွဲသွားရမည်ဟု ကြေညာသည်။
၁၉၆၀ ဇန်နဝါရီ ၂၈
တရုတ် – မြန်မာ ချစ်ကြည်ရေး စာချုပ်ကို တရုတ်ပြည် ပီကင်းမြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုသည်။ ယင်းနေ့မှာပင် တရုတ် – မြန်မာ နယ်နိမိတ် သဘောတူစာချုပ် ချုပ်ဆိုသည်။
၁၉၆၄ ဇန်နဝါရီ ၁၆
ပညာရေးဌာနမှ နိုင်ငံခြားဘာသာသင်ကျောင်းကို ဖွင့်လှစ်သည်။
၁၉၆၅ ဇန်နဝါရီ ၁
ဗဟိုပြည်သူ့ဝန်ထမ်းကျောင်းကို ဖောင်ကြီးတွင် ဖွင့်လှစ်သည်။
၁၉၉၁ ဇန်နဝါရီ ၃၁
တရုတ် – မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် အမျိုးသား ဇာတ်ရုံကို ဖွင့်လှစ်သည်။
၂၀၁၂ ဇန်နဝါရီ ၁၂
သမ္မတသစ်၏ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၂ ဖြင့် နာမည်ကြီး နိုင်ငံရေး အကျဉ်းသားများ အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၈၅၁ ဦးကို လွှတ်ပေးသည်။
ကမ္ဘာ့သမိုင်း၌လည်း ဇန်နဝါရီလ၌ ထင်ရှားသည့်အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။
အီတာလျံလူမျိုး နက္ခတ်ပညာရှင် ဂယ်လီလီယို (၁၅၆၄-၁၆၄၂) ၁၆၁ဝ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်ကို လှည့်ပတ်လျက်ရှိသော အရံဂြိုဟ် (လ) ငယ် ၁၂ လုံးကို ပထမဆုံး တွေ့ရှိခဲ့သည်။
၁၇၁၄ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပထမဆုံး လက်နှိပ်စက်ကို ဟင်နရီမေးလ်(Henry Mill)က တီထွင်၍ မူပိုင် မှတ်ပုံတင်သည်။ ဗြိတိသျှ အမျိုးသားပြတိုက်ကို ၁၇၅၉ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ အမေရိကန်ပြည်တွင်းစစ်အတွင်း ၁၈၆၃ ဇန်နဝါရီ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ၁၆ ဦးမြောက် သမ္မတ လင်ကွန်း၏ “လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်” ကို ထုတ်ပြန်သည်။ ထိုကြေညာချက် အရ အမေရိကန်ပြည်နယ် ၁၀ ပြည်နယ်မှ ကပ္ပလီ ငွေဝယ်ကျွန်ပေါင်း ၃ သန်း တို့သည် လုံးဝလွတ်လပ်ခွင့် ရရှိသွားသည်။
၁၈၇၁ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပရပ်ရှားဘုရင် ပထမမြောက် ဝီလျံ (၁၇၉၇ – ၁၈၈၈) က မိမိသည် ဂျာမနီပြည်ထောင်စု၏ ဧကရာဇ်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
၁၈၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်္ဂလန်ဘုရင်မ ဝိတိုရိယ (၁၈၃၇ – ၁၉၀၁) သည် အိန္ဒိယနိုင်ငံ၏ ဧကရီဘုရင်မဖြစ်ကြောင်း ကြေညာသည်။ ၁၈၉၃ ဇန်နဝါရီ ၁၃ တွင် ဗြိတိသျှလွတ်လပ်သော လေဘာပါတီကို ဂျိမ်းကီယာဟာဒီ (James Keir Hardie) စတင် တည်ထောင်သည်။၁၉ဝ၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီး ကွယ်လွန်သည်။ ၁၉၁၉ ဇန်နဝါရီ တွင် ဂျာမန်အလုပ်သမားပါတီ စတင်တည်ထောင်သည်။
၁၉၁၉ ဇန်နဝါရီ ၁၈ ၌ ပထမကမ္ဘာစစ် (၁၉၁၄-၁၈)အပြီး ငြိမ်းချမ်းရေးကွန်ဖရင့်ကို ပြင်သစ်ပြည် ပါရီမြို့၌ ကျင်းပသည်။
၁၉၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုင်ငံပေါင်းချုပ်အသင်းကြီးကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
၁၉၆၇ ဇန်နဝါရီ ၂၇ တွင် အမေရိကန် အာကာသယာဉ်မှူး သုံးဦးသည် အပိုလို အာကာသပျံသန်းမှု လေ့ကျင့်ပြင်ဆင်နေစဉ် အာကာသယာဉ် မီးလောင်မှုကြောင့် အားလုံး သေဆုံးသွားခဲ့ရသည်။
၁၉၇၂ ဇန်နဝါရီ ၅ ရက်နေ့တွင် အမေရိကန် သမ္မတနစ်ဆင်က နာဆာအဖွဲ့က လွန်းပျံ အာကာသယာဉ် တည်ဆောက်ရန်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ တောင်းခံမှုကို ခွင့်ပြုပေးခဲ့သည်။
၁၉၉၃ ဇန်နဝါရီလ ၃ ရက်နေ့တါင် အမေရိကန်သမ္မတ ဂျော့ဘုချ်နှင့် ရုရှားသမ္မတ ဘောရစ်ယဲ့ဆင်တို့ မဟာဗျူဟာမြောက် တာဝေးပစ် နျူကလီးယား ဒုံးလက်နက်လျော့ချရေး စာချုပ် – ၂ ကို လက်မှတ်ရေးထိုး ချုပ်ဆိုသည်။
၁၉၉၉ ဇန်နဝါရီ ၇ ရက်နေ့တွင် ၆၂ နှစ်ကြာ နန်းစံခဲ့သော ဂျပန်ဧကရာဇ်ဘုရင် ဟီရိုဟီတို ကွယ်လွန်သည်။
ဇန်နဝါရီလ၏ အခြားထူးခြားချက်များမှာ နှစ်စဉ် ဇန်နဝါရီ လ ၁ ရက်နေ့သည်ဟေတီနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ ရုရှားနိုင်ငံ၌ ဇန်နဝါရီလ ၇ ရက်နေ့တိုင်းကိုရုရှားသြသို့ဒေါ့ ခရစ်ယာန်ဂိုဏ်းက ခရစ်စမတ်နေ့ ကျင်းပကြသည်။ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံ၏ အမျိုးသားနေ့ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကျင်းပသည်။
မာလီနိုင်ငံ၏ တပ်မတော်နေ့ကို နှစ်စဉ် ဇန်နဝါရီလ ၂၀ ရက်နေ့၌ ကျင်းပ၍ နီပေါနိုင်ငံ၌ ဇန်နဝါရီ ၃၀ ရက်နေ့ကို နီပေါလ်အာဇာနည်နေ့အဖြစ် ကျင်းပကြသည်။ တူနီးရှားနိုင်ငံ၌ ဇန်နဝါရီလ ၁၂ ရက်နေ့ကို ဇန်ဇီဘာတော်လှန်ရေးအဖြစ် ကျင်းပသည်။ ယူဂန်ဒါနိုင်ငံ၌ ဇန်နဝါရီလ ၂၆ ရက်နေ့ကို လွတ်မြောက်ရေး အဖြစ် ကျင်းပကြသည်။
အင်ဂိုလာနိုင်ငံတွင် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုလိုနီနယ်ချဲ့တို့အား ဆန့်ကျင်၍ သွေးမြေကျခဲ့ရသော ဇာနည်များ အထိမ်းအမှတ်နေ့ ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၌ ဇန်နဝါရီလ ၇ ရက်နေ့တွင် အမျိုးသားအောင်ပွဲနေ့အဖြစ် ကျင်းပကြသည်။ လာအိုနိုင်ငံ၌ ဇန်နဝါရီလ ၂ဝ ရက်နေ့ကို တပ်မတော်နေ့အဖြစ် ကျင်းပခဲ့သည်။
သန်းဝင်းလှိုင်(မိုးမခမဂ္ဂဇင်း)
Discussion about this post