ရေးသားသူ – နိုင်စွမ်း
စပိန်ပညာရေး လောကမှာ ဆွံ့အမကြားသူတွေ အတွက် ကြားသိစေတဲ့ အသံတွေကို ဖန်တီးပေးတဲ့ သူ၊ သင်ကြားပေးတဲ့ သူ လို့ ထင်ရှားတဲ့ ပညာရေးရှေ့ဆောင်လမ်းပြ တဦး အကြောင်း ပြောပြချင်ပါတယ်။
စပိန်မှာသာမက ကမ္ဘာ့ နိုင်ငံတွေမှာ သူ တီထွင်ခဲ့တဲ့ သင်္ကေတ ဘာသာစကားကို အခုထိတိုင် သုံးစွဲနေကြတာကို ဆွံ့နားမကြားကျောင်းတွေမှာ တွေ့နိုင်ပါ တယ်။ သူဟာ ဆွံ့အနားမကြားသူတွေရဲ့ ပညာရေးအတွက် သင်ကြားပေးမှုရဲ့ ရှေးဦးအစ တီထွင်ခဲ့သူပါ။ သူ့အမည်က ဂျူအန်း ပတ်ဘလို ဘိုနေး(Juan Pablo Bonet) ပါ။
ဂျူအန်း ပတ်ဘလို ဘိုနေး ကို ၁၅၇၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၆၃၃ ခုနှစ်မှာ သေဆုံးတယ်လို့ ယူဆရပါတယ်။ သူဟာ စပိန်ဘုန်းတော်ကြီး တပါး ဖြစ်ပြီး ဆွံ့အနားမကြားသူများ အတွက် သင်ကြားရေးမှာ မီးရှူးတန်ဆောင် လမ်းပြခဲ့သူပါ။ သူ့ရဲ့ ဆွံ့အနားမကြားသူများအား သင်ကြားရေးစာအုပ်ကို ၁၆၂၀ ခုနှစ်၊ မက်ဒရစ်မှာ ထုတ်ဝေခဲ့တယ်လို့ဆိုပါတယ်။
သူ့ကို မွေးဖွားတာက ဇာရာဂိုဇာ ခေါ် အရဂွန်မှာ မွေးဖွားတာ ဖြစ်ပြီး၊ သူဟာ ဖရေယာမြို့ရဲ့ ၅ ဦးမြောက် နယ်စားကြီး Juan Fernández de Velasco ရဲ့ အတွင်းဝန် ဖြစ်လာပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် အချိန်မှာပဲ သူဟာ မြို့စားကြီးရဲ့ ဒုတိယသား ဆွံ့အနားမကြား သူငယ်လေးကို ပညာသင်ကြားပေးဖို့ကိုပါ တာဝန်ယူရပါတယ်။
အဲဒီကာလက ချမ်းသာပြီး ဂုဏ်သရေရှိ လူတန်းစား တွေမှာ ဆွံ့အနားမကြား ကလေးငယ်တွေ မွေးဖွားလာတာလည်း အများအပြား ရှိနေပါတယ်။ သူတို့ဟာ သူတို့ရဲ့ကလေးတွေအတွက် ပညာတတ်မြောက်စေချင်ကြသလို ပညာကို လိုလိုလားလားလည်း ရှိကြတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ချမ်းသာကြွယ်မှုကို အမွေဆက်ခံနိုင်ဖို့ အတွက် ပညာတတ်မြောက်ဖို့ အရေးကြီးသလို၊ အဲဒီအထဲမှာ စာပေလေ့ကျက် တတ်မြောက်ခြင်းလည်း ပါဝင်ပါတယ်။
ခေတ်သစ် စာပေသင်ကြားမှု နယ်ပယ်မှာ ဂျူအန်း ပတ်ဘလို ဘိုနေး ဟာ ကိုယ်ဟန်အမူအယာပြ ဘာသာစကားကို အကောင်းမွန်ဆုံး တီထွင် သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလက လွန်ခဲ့တဲ့ ၁၇ ရာစုက ဂျူအန်း ပတ်ဘလို ဘိုနေး က စတင်သင်ကြားပေးခဲ့ခြင်းပါ။ ၁၆၂၀ ခုနှစ်မှာတော့ ဂျူအန်း ပတ်ဘလို ဘိုနေး ဟာ Reducción de las letras y arte para enseñar a hablar a los mudos (အင်္ဂလိပ်လို – “Summary of the letters and the art of teaching speech to the mute”) (မြန်မာလို- တိတ်ဆိတ် စကားသံများကို သင်ကြားခြင်း အနုပညာအကျဉ်း) စာအုပ်ကို မက်ဒရစ်မြို့မှာ ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
အဲဒီစာအုပ်ဟာ ဆွံ့အနားမကြားပုဂ္ဂိုလ်များ အလွယ်တကူ သင်ယူ တတ်မြောက်စေအောင် ပညာပေးခဲ့တဲ့ ခေတ်မီတဲ့ စာအုပ်တအုပ် ဖြစ်ကြောင်း ယနေ့ထက်တိုင် အသိအမှတ် ပြုနေရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အက္ခရာ စကားလုံးတွေရဲ့ သင်္ကေတကို အပြည့်စုံဆုံး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စတင် ရေးသားချိန်ကတော့ စပိန်နိုင်ငံက ဆွံ့အနားကြားသူများ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သို့ပေမယ့် အခုအချိန်အထိ ကမ္ဘာ့ဘာသာ ပေါင်းစုံက အဲဒီ အခြေခံကို ယူပြီး မိမိတို့ ဘာသာ စကားနဲ့ ဆက်စပ်ပြီး ပြုပြင်ရေးသား သင်ကြားပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဥပမာ Spanish Sign Language, French Sign Languange, American Sign language စသည်ဖြင့် ပေါင်းစပ်သင်ကြားပေးနိုင်တဲ့ နည်းတွေ ဆင့်ပွား တီထွင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူ့ရဲ့ အက္ခရာ သင်္ကေတတွေ အကြောင်းကို လေ့လာကြရအောင်ပါ။
ဒါကြောင့် သူဟာ ဆောင်းပါး ခေါင်းစဉ်မှာ တင်ပြသလို ဂျူအန်း ပတ်ဘလို ဘိုနေး (သို့မဟုတ်) အသံမဲ့ စကားသံတွေကို ကြားစေသူလို့ ဂုဏ်ပြုလိုက်ရခြင်းပါ။
နိုင်စွမ်း
Discussion about this post