ကလေးတွေ မှာ ထူးခြားတဲ့ ပင်ကိုယ်ဝါသနာလေးတွေ ပါလာတတ်ကြပါတယ်။ ဒီလိုဝါသနာလေးတွေကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးတဲ့အခါ အဲဒီကလေးဟာ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။
အခုလည်း အင်္ဂလန်နိုင်ငံက Joe Whale ဆိုတဲ့ ၉နှစ်သား ကောင်လေးမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ အချိန်ရတိုင်း စာအုပ်တွေ နံရံတွေမှာ သူ့စိတ်ထဲပေါ်လာတဲ့အတိုင်း ပုံတွေလျှောက်ခြစ်နေတတ်တာပါ။
ဒါကို သူ့ရဲ့မိဘတွေက “ဒီကလေး သူများတွေလို ပုံဆွဲတာလဲ မဟုတ်ပဲ ခြစ်ချင်ရာလျှောက်ခြစ်နေတယ် နောက်အဲလိုလုပ်ရင် အရိုက်ခံရမယ်” ဆိုပြီး မဆူခဲ့ပဲ သားဖြစ်သူရဲ့ ဝါသနာကို အားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကလေးဟာ အားပြီဆိုတာနဲ့ သူ့ဝါသနာအတိုင်း လွတ်လွတ်လပ်လပ် ခြစ်ချင်ရာ လျှောက်ခြစ်ပါတော့တယ်။
သူဆွဲချင်ရာ ဆွဲထားတာကို ကျောင်းက ဆရာတစ်ယောက်က တွေ့သွားတဲ့အခါ သဘောကျသွားပြီး ဓာတ်ပုံရိုက်ကာ Instargram မှာ တင်လိုက်ပါတယ်။ အွန်လိုင်းပေါ်က လူပေါင်းများစွာဟာ ကလေးရဲ့ ဝါသနာကို ချီးကျူးခဲ့ကြပါတယ်။
သူတို့ထဲမှာ Shrewsbury မြို့ No.4 စားသောက်ဆိုင်ကြီးက ဝန်ထမ်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ မကြာမီမှာပဲ No.4 စားသောက်ဆိုင်က သူတို့ရဲ့ ပင်မစားသောက်ခန်းမ နံရံမှာ စိတ်တိုင်းကျသလို ပုံတွေရေးဆွဲပေးဖို့ Joe Whale ကို ဆက်သွယ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ကျောင်းဆင်းချိန်တိုင်းမှာ Joe ရဲ့ အဖေဟာ သားဖြစ်သူကို ပုံဆွဲပေးဖို့အတွက် စားသောက်ဆိုင်ဆီ ပုံမှန်ပို့ပေးခဲ့ရပါတယ်။
စားသောက်ဆိုင်ရဲ့ နံရံမှာ သူ ၁၂နာရီကြာ ရေးခြစ်ထားတာတွေကို ဆိုင်ကလည်း အလွန်သဘောကျခဲ့ပြီး အဲဒီပုံတွေကို အွန်လိုင်းပေါ်မှာတင်ခဲ့ရာ လူပေါင်း ၁သန်းခွဲခန့်ကြည့်ရှု့ခဲ့တဲ့အထိ စိတ်ဝင်စားခဲ့ကြပါတယ်။
အခုဆိုရင်တော့ Joe ကို Doodle Boy လို့ခေါ်ကြပြီး မီဒီယာတွေထက်မှာ နာမည်ကြီးနေပါပြီ။ ဒါအပြင် သူ့ရဲ့ရေးဆွဲမှုကိုနှစ်သက်တာကြောင့် အလုပ်လုပ်ပေးဖို့ ထပ်မံကမ်းလှမ်းခြင်းကိုလည်း ခံရပါတယ်။
Joe ရဲ့ ဖခင်ဖြစ်သူ Greg ကတော့ သားဖြစ်သူကို အသက်ငယ်ငယ်မှာတင် သူဝါသနာပါတဲ့အလုပ်ကို ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နိုင်ခြင်းအတွက် အလွန်ဂုဏ်ယူနေသလို ဆက်လက်ပြီးတော့လည်း ပံ့ပိုးမှုတွေ လုပ်ပေးဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
Discussion about this post