ရေးသားသူ – ကိုဇော်မင်း
သမိုင်းမှတ်တမ်းများအရ ဂျပန်နိုင်ငံရဲ့ အပြောင်းအလဲတွေကို စတင်ခဲ့တဲ့ မီဂျီခေတ်ဟာ မြန်မာနိုင်ငံက မင်းတုန်းမင်း ခေတ်နဲ့ ခေတ်ပြိုင်တွေလို့ ပြောနိုင်ပါတယ်။ အဲသည့်နောက်ပိုင်း နှစ်များမှာတော့ ဂျပန်နိုင်ငံဟာ အမေရိကန်တွေရဲ့ အကူအညီကြောင့် အာရှတိုက်မှာ ပထမဆုံး စက်မှုထွန်းကားပြီး တိုးတက်ချမ်းသာတဲ့ နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ ပြောချင်တဲ့ အဓိက အကြောင်းကတော့ ဂျပန်တွေရဲ့ ဆာမူရိုင်း စိတ်ဓာတ်ဆိုတာ ဖြစ်ပါတယ်။ ဆာမူရိုင်း စိတ်ဓာတ် ဆိုတာဘာလဲ။ ဘယ်သူတွေ ကျင့်သုံးတာလဲ။ ဘယ်သူ့အတွက်လဲ။
ရှေးထုံးတမ်းစဉ်လာအရ ဆာမူရိုင်းဖြစ်ဖို့ဆိုရင် ဆာမူရိုင်းမျိုးရိုးက ဆင်းသက်ဖို့လိုပါတယ်။ လယ်သမားတဦးဟာ ဆာမူရိုင်း ဖြစ်ချင်လို့မရပါ။ လယ်သမားဟာ လယ်သမားမျိုးရိုးကိုပဲ ပိုင်ဆိုင်ပါတယ်။ ထို့အတူ အထည်ချုပ်တဲ့သူ၊ အိုးခွက်လုပ်တဲ့သူ တွေ ဟာလည်း ဆာမူရိုင်းဖြစ်ချင်လို့ မရပါ။ ဆိုလိုခြင်တာကတော့ ကိုယ့်ဟာ့ကိုယ် လေ့ကျင့်တာ ကောင်းလို့ ဓါးခုတ် ကောင်းတာနဲ့ ဆာမူရိုင်းဖြစ်ချင်လို့ မရဖူးလို့ ဆိုလိုချင်တာဖြစ်ပါတယ်။
စက်မှုထွန်းကားလာတာနဲ့အမျှ နောက်ပိုင်းမှာ ဂျပန်အုပ်စိုးသူ လူတန်းစားဟာ စက်မှုလုပ်ငန်းအတွက် အရင်းအမြစ် တွေလိုလာ ပါတယ်။ သံ၊ ကျောက်မီးသွေး၊ ရေနံ အစရှိတဲ့ ပစ္စည်းတွေက မရှိမဖြစ်လိုလာပါတယ်။ အဲသည့် အရင်းအ မြစ်တွေကို သူ့ထက် စက်မှုစောပြီး ထွန်းကားနေတဲ့ အနောက်နိုင်ငံတွေကနေတဆင့် ဝယ်ယူရင် ဈေးကြီးလှပါတယ်။ ဒါ ကြောင့် ဂျပန်ဟာ အာရှ တိုက်အတွင်းမှာပဲ နီးနီးနားနား လိုအပ်တဲ့ အရင်းအမြစ်များကို ရှာဖွေရပါတယ်။ သို့သော် အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဒပ်ချ်တွေက အာရှနိုင်ငံအတော်များများကို ကိုလိုနီ လုပ်ထားပြီး ဖြစ်လေတာ့ အဲသည့်နယ်တွေမှာ ဝင်စွက်ဖက် ဖို့ဆိုတာ ဂျပန်အတွက် မလွယ်ကူပါ။ သို့သော် အဲသည့်အချိန်မှာ ဂျပန်တွေအတွက် ဝင်ရောက် စွက်ဖက်ဖို့ ကိုလိုနီလုပ်ဖို့ အလွယ်ဆုံး ဒေသကတော့ မန်းချူးကိုးဒေသ အပါအဝင် တရုတ်ပြည်ကြီး ဖြစ်ပါတယ်။ နောက်တနိုင်ငံကတော့ သူတို့နဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ အဲသလို ဝင်ရောက်ချယ်လှယ်ဖို့ တဖက်မှာလည်း အင်အား ကောင်းတဲ့ ခေတ်မှီစစ်တပ်ကြီးတခု လိုလာပါတယ်။
ဂျပန်နိုင်ငံဟာ စက်မှုထွန်းကားလာတဲ့ ခေတ်ဦးကတဲက အနောက်နိုင်ငံများ ပုံစံအတိုင်း ကြည်းတပ်၊ ရေတပ်တွေ ထူထောင် ပြီးသား ဖြစ်နေပါတယ်။ အဲတာကြောင့် ၁၉ဝ၄-၁၉ဝ၅ ခုနှစ်မှာ ရုရှားဇာဘုရင်နဲ့ စစ်ဖြစ်တော့ ရုရှားရေတပ်ကို ချေမှုန်း အောင်မြင်ခဲ့ပါတယ်။ အဲသည့်အကျိုးဆက်ကြောင့် ဂျပန်တွေဟာ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာခဲ့ပါတယ်။
ဆာမူရိုင်းစိတ်ဓာတ်ကို ပြန်ကောက်ရမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ဆာမူရိုင်းဆိုတာ ရန်သူကိုတိုက်ရင်းနဲ့ အသက်သာ အသေခံမယ် လက်နက်ချ ဒူးထောက်ခြင်း မပြုရဖူးဆိုတဲ့ စိတ်ဓာတ်မျိုးကို ဆိုလိုတာပါ။ သို့သော် အခြား မြောက်များလှတဲ့ ကောင်းမွန်တဲ့ ဆာမူရိုင်း ကျင့်စဉ်များလည်း ရှိပါသေးတယ်။ ဒီလို စိတ်ဓာတ်ကျင့်စဉ်မျိုးဟာ ဆာမူရိုင်းမျိုးရိုး သူရဲကောင်း တွေ အတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုဆာမူရိုင်း စိတ်ဓာတ်နဲ့ကျင့်စဉ်ဟာ လယ်သမား သူဆင်းရဲမျိုးရိုးတွေနဲ့ လားလားမှ မသက်ဆိုင်ခဲ့ပါ။ ပြောရရင် ဆာမူရိုင်း မျိုးရိုးဆိုတာ ရှေးတုံးက ဂျပန် နိုင်ငံမှာ ဇတ်မြင့်လူတန်းစား တရပ် ဖြစ်ပါတယ်။ ဓား ခေတ်၊ ဒုတ်ခေတ်တုံးက စစ်တိုက်ဖို့ ဆာမူရိုင်းများ စစ်သား စုဆောင်းရင် သာမန်လူတန်းစား တွေလည်း တဖက်မှာ ပါဝင်ပြီး တိုက်ခိုက်ရလေ့ ရှိပါတယ်။
အကြောင်းကြောင်းတွေကြောင့် တဖက် ဆာမူရိုင်းအုပ်စုက ရှုံးနိမ့်လို့ ရှုံးတဲ့အုပ်စုဖက်က ခေါင်းဆောင်ဆာမူရိုင်းဟာ ကိုယ့်ကိုယ်ကို သတ်သေရင်း သူရဲ့ဂုဏ်သိက္ခာကို ထိန်းရပါတယ်။ လယ်သမားမျိုးစစ်မှုထမ်းတွေ ထွက်ပြေးရင်၊ လက်နက်ချရင် ဆန်းတယ်လို့ မဆိုနိုင်ပါ။ သူတို့က နဂိုကတည်းကက ဆာမူရိုင်းမျိုးရိုးမှ မဟုတ်တာကိုး။ ဆာမူရိုင်း စိတ်ဓာတ်ကို ထိန်းသိမ်း ဖို့ဆိုတာ သာမန်စစ်သားတွေနဲ့ မဆိုင်ပါဖူး။ တကယ့်ဆာမူရိုင်းတွေလို အရှုံးနဲ့ရင်ဆိုင်ရလို့ သူများဆီမှာ ဒူးမထောက်ချင်လို့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးလဲ လုပ်ဖို့ မလိုအပ်ပါ။
ခေတ်မီစစ်တပ် ဖွဲ့လာရပြီဆိုတော့ စစ်ထဲမှာ ပါလာတဲ့ စစ်သားအများစုဟာ လယ်သမား မျိုးရိုးတွေ ဖြစ်ပါတယ်။ အဲသည်တော့ ဆာမူရိုင်းမျိုးရိုး စစ်ခေါင်းဆောင်တွေက စဉ်းစားပါတယ်။ သူတို့စစ်သားတွေအတွက် စိတ်ဓတ်ရေးရာကို မြှင့်တင်ဖို့ ဘယ်လို လုပ်မလဲ ဆိုတာ တွက်ချက်ရပါတယ်။ ဒါက စစ်တပ်တခုအတွက် အရေးကြီးတာကိုး။
ဒါကြောင့် ၁၉ရာစု မကုန်ခင် နှစ်များကစလို့ ခေတ်မှီစစ်တပ်တွေ စဖွဲ့တော့ ဒို့ဂျပန်တွေဟာ သမိုင်းအရ ဆာမူရိုင်း မျိုးရိုး တွေ ဖြစ်တယ်။ ဒါကြောင့် ဂျပန်မှန်ရင် ဘယ်အမျိုးက ဆင်းသက်ဆင်းသက် ဆာမူရိုင်းဖြစ်တယ် ဆိုတဲ့ အိုင်ဒီယာကို ရိုက်သွင်းရ ပါတယ်။ ဆာမူရိုင်းစိတ်ဓာတ်ကို ကိုင်စွဲပြီး တင်နော်ဟေကာ၊ သို့မဟုတ် ဘုရင်မင်းမြတ်နဲ့ တိုင်းပြည်အတွက် တိုက်ပွဲဝင်ရ မယ်လို့ အဲသည့်စိတ်ဓာတ်ကို သွတ်သွင်းလာခဲ့ပါတယ်။ ဆာမူရိုင်းဆိုတာ အသက်ပဲ အသေခံတယ် လက်နက်မချဖူးဆိုတဲ့ စိတ်ဓာတ်ပါ။ ရှေးတုံးက သာမန်အရပ်သူ အရပ်သားများ၊ လယ်သမားမျိုးရိုးများ မပိုင်ဆိုင်ခဲ့တဲ့၊ မရရှိခဲ့တဲ့ ဆာမူရိုင်းအဆင့် အတန်းကို လူထုအကြား ချပေးလိုက်တဲ့ သဘောပါပဲ။
ဒီလိုနည်းနဲ့ ဒုတိယ ကမ္ဘာစစ်တုံးက ဂျပန်စစ်သားတွေ စစ်တိုက်ရာမှာ သတ္တိကောင်းလွန်းလို့ အသက်ကို ပဓာနမထားလို့ အနောက်နိုင်ငံ စစ်တပ်များ ဖိန့်ဖိန့် တုန်ခဲ့ရတာ လူတိုင်းကြားဖူးပါတယ်။ မဟာမိတ် စစ်သင်္ဘောတွေကို တိုက်လေယာဉ်နဲ့ အသေခံပြီး ထိုးချတိုက်ခိုက်ခဲ့တဲ့ ဂျပန်လေသူရဲတွေ အများအပြား ရှိခဲ့ပါတယ်။ အဲသည့်လေသူရဲ အများစုဟာ မျိုးရိုးအားဖြင့် ဆာမူရိုင်းမျိုးရိုးက ဆင်းသက် လာသူများ မဟုတ်ကြပါ။ သာမန်အရပ်သူ အရပ် သား အဆင့်အတန်းက ပေါက်ဖွားလာတဲ့သူများသာ ဖြစ်ပါတယ်။
မြန်မာပြည် စစ်မျက်နှာမှာ အဲသည့်တုံးက တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျပန်စစ်သားဦးရေဟာ သုံးသိန်းကျော် ရှိပါတယ်။ မဟာ မိတ်တပ်များရဲ့ စာရင်းဇယားအရ အမေရိကန်နဲ့ အင်္ဂလိပ်တပ်တွေ တိုက်လို့သေခဲ့တဲ့ ဂျပန်စစ်သားက တသိန်း ရှစ်သောင်း ကျော် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာပြောက်ကျားများ အထူးသဖြင့် ကရင်ပြောက်ကျားများ တိုက်လို့ စစ်တောင်းမြစ်ဝှမ်း တဝိုက်မှာ သေဆုံးခဲ့တဲ့ ဂျပန်စစ်သား အရေအတွက်က နှစ်သောင်းကျော်တယ်လို့ ဆိုပါတယ်။ လက်နက်ချခဲ့တဲ့ ဂျပန် စစ်သား များကတော့ စုစုပေါင်း ရှစ်သောင်းပတ်ဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။ ဒီနေရာမှာ စဉ်းစားမိတာက အဲသည့် လက်နက်ချ ခဲ့တဲ့ ဂျပန်စစ်သား ရှစ်သောင်းကျော်မှာ ဆာမူရိုင်းမျိုးရိုး ဘယ်နှစ်ယောက်ပါပြီး၊ ဆာမူရိုင်း မျိုးရိုး မဟုတ်တဲ့သူတွေ က ဘယ် နှစ်ယောက်များ ရှိမလဲ ဆိုတာပါပဲ။
နောက်တခုကို ပြန်ကြည့်မယ်ဆိုရင် ၁၈၅၃ ခုနှစ်မှာ အမေရိကန် ရေတပ်ဗိုလ်ချုပ် ကိုမိုဒိုပယ်ရီ ဦးဆောင်တဲ့ စစ်သင်္ဘော တွေ ဂျပန်ကို ရောက်လာတော့ ဆာမူရိုင်းတွေ အသက်အသေခံပြီး ခံမတိုက်ပါဖူး။ ကူးသန်းရောင်းဝယ်ရေး အတွက် တံခါးဖွင့် ပေး လိုက်ရပါတယ်။ တကယ်လို့ အဲသည်တုံးက ဆာမူရိုင်းတွေ ခံတိုက်မယ်ဆိုလည်း အမေရိကန် ရေတပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အခြေအနေ ဂျပန်နိုင်ငံမှာ မရှိပါ။ ဆာမူရိုင်းအုပ်စုကွဲတွေ များလွန်းလို့ သူတို့ အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲနေတာ ကလည်း တပိုင်းဖြစ်ပါတယ်။
တကယ်တန်း ပြောရရင် ဆာမူရိုင်းမှာလည်း အသက်နဲ့ပါပဲ။ မျိုးရိုးဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ သေလမ်းကို ရွေးကြရတာပါ။ သို့သော် ဆာမူရိုင်းစိတ်ဓာတ်နဲ့ စစ်ဝါဒကို ပေါင်းပြီး အလွန်အကျွံတွေ ဖြစ်လာတော့ တချိန်မှာ ဖက်ဆစ် ဖြစ်ခဲ့ကြပါတယ်။ ဆာမူရိုင်းစိတ်ဓာတ်မျိုးဟာ အသုံးဝင်တဲ့နေရာရှိသလို အသုံးမဝင်တဲ့ နေရာတွေ ရှိတာကိုလည်း သတိ ချပ်သင့်ပါတယ်။
ဆာမူရိုင်းစိတ်ဓာတ်ကို အလွန်အကျွံ အသုံးချလို့ မှားခဲ့ဖူးပါတယ်။ ဒါကို လမ်းမှန်မှန်နဲ့ ရွေးတတ်ဖို့ လိုမယ် ထင်ပါတယ်။ ရှုံးမယ် မှန်းသိလို့ လက်နက်ချရမယ်လို့လည်း အမြဲမဆိုလိုပါ။ ရှုံးမယ်မှန်း သိရက်သားနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲ ဝင်ရ တာ တွေလည်း လူ့သမိုင်း တည်စကတည်းက အများအပြား ရှိခဲ့ပါတယ်။
စစ်ကြီးပြီးတော့လည်း ဂျပန်တွေဟာ သူတို့ရဲ့ ဆာမူရိုင်းစိတ်ဓာတ်ကို မစွန့်လွှတ်ပါဖူး။ သို့သော် ဒီတခါမှာတော့ ဆာမူရိုင်း စိတ်ဓာတ်ကို ဓားတဝင့်ဝင့် လုပ်တဲ့နေရာမှာ အသုံးမပြုဘဲ ပြာပုံထဲကတိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုး တိုးတက် ရေး အတွက်သာ အသုံးချပါတော့တယ်။ ဒါဟာ နမူနာကောင်း တခုလို့ ပြောရမှာပါ။ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်တဲ့ စိတ်နေ သဘောထားမျိုး ရှိတာဟာ ကောင်းတဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။
ဇော်မင်း(လူ့ဘောင်သစ်)
Discussion about this post