တာဝန်ယူဝံ့ခြင်းသည် သတ္တိ ဆိုတဲ့ အကြောင်းကို ရေးရင်း အင်းဝ ဘုရင် မင်းခေါင်နဲ့ မွန်ဘုရင် ရာဇာဓိရာဇ် တို့ခေတ်က တိုက်ဆင်ကြီး ဗကမတ် နဲ့ ဦးစီးငပျံ တို့အကြောင်း ကိုရေးဖို့စကားခံခဲ့ပါတယ်။ အဲဒီလို စကားခံရင်းက ချော်တောငေါ့ပြီး စစ်ခွေးလေ့ကျင့်ရေးအကြောင်း၊ ခွေး နဲ့လူ (လေ့ကျင့်ပေးတဲ့သူတို့) ဆက် ဆံရေးအကြောင်းကို ရေးခဲ့တယ်။ အသက်ကြီးလာလို့ပဲလား မပြော တတ်ဘူး စကားစပ်မိစပ်ရာကို လျှာ ရှည်ချင်တာ သဘာဝပဲ ထင်ပါရဲ့ ကွယ်။ ဒီတော့ မင်းတို့လဲ အဘိုးကြီး တစ်ယောက်ရဲ့ စကားကြောကိုသည်းခံပြီးဖတ်ကြပေတော့။
ဆင်အကြောင်းကို ပြောနေရင်း ခွေးအကြောင်းရောက်သွားခဲ့တယ်။ စစ်ခွေးတွေဟာ အလွန်ကို လိမ္မာရေး ခြားရှိတယ်။ ရုပ်ရှင်ကားတွေထဲမှာထောက်လှမ်းရေးခွေးတွေရဲ့လိမ္မာကျွမ်းကျင်ပုံကိုမင်းတို့လဲတွေ့ဖူးကြပါလိမ့်မယ်။ စစ်ခွေးတွေရဲ့ကျွမ်းကျင်လိမ္မာမှုကိုသရုပ်ပြတဲ့အခါမှာသတိထားလိုက်မိတာကအားလုံးအယ်လ်ဇေး ရှင်းခွေးတွေချည်းဖြစ်နေတာကိုတွေ့ရတယ်။ အဲဒါနဲ့ ဗိုလ်ကြီးချစ်မောင်ကိုမေးကြည့်မိတယ်။
”ဗိုလ်ကြီးချစ်မောင်၊ ခင်ဗျားတို့ သရုပ်ပြပွဲမှာကြည့်လိုက်တော့ အား လုံးက အယ်လ်ဇေးရှင်းတွေချည်းပဲ။ ကျုပ်တို့ မြန်မာခွေးတွေကိုလေ့ကျင့်သင်ကြားပေးလို့မရနိုင်ဘူးလား”
”ရသမှ သိပ်ရတာပေါ့ဦးအောင်သင်းရာ။ တချို့ခွေးတွေဆိုရင် အယ်လ်ဇေးရှင်းတွေထက်တောင်ပါးနပ်သေးတယ်”
”ဒါဖြင့် ခင်ဗျားတို့ မြန်မာခွေး တွေကို ဘာကြောင့် စစ်တပ်ထဲမှာ မသုံးတာလဲ”
”အဲဒါကိုတော့ ပြောရတာ ခပ်ခက်ခက်ပဲ။ မြန်မာခွေးတွေက နား လည်တယ်။ လုပ်လဲလုပ်တတ်တယ်။ ဒါပေမယ့် မြန်မာခွေးတွေက မြန်မာ တွေအတိုင်းပါပဲ။ လုပ်တတ်ပေမယ့် စိတ်ကူးမပေါက်ရင် မလုပ်ဘူးဗျ။ ဒီ တိုင်းပေခံနေတာ။ ခင်ဗျားသိတဲ့ အတိုင်း စစ်မြေပြင်ဆိုတာ တာဝန်ကျ လာပြီဆိုရင် လုပ်မှဖြစ်မှာပေါ့။ စိတ် ကူးပေါက်မှ ထလုပ်တာမျိုးဖြစ်နေလို့ ရတာမှမဟုတ်ဘဲ။ ဒီတော့ မြန်မာခွေး တွေက ကျွမ်းကျင်ပါ၏။ သုံးလို့မရ ဆိုတာမျိုးဖြစ်နေတာပေါ့”
”ဘာကြောင့် ဒီလိုဖြစ်နေတာ လဲ”
”ကျုပ်တို့ လူတွေကြောင့် ပေါ့ ဗျာ”
”ဟုတ်လား၊ ပြောစမ်းပါဦး”
”ကျုပ်တို့မြန်မာတွေက ခွေး တွေကိုဆက်ဆံတဲ့အခါမှာ နှိမ်ချပြီး ဆက်ဆံတယ်ဗျာ။ ခွေးခုံတက်မှာ နေ၊ လူတွေ စားလို့ပြီးမှ အကြွင်း အကျန်ကိုစား။ လူတွေနားကို သိပ် ကပ်မလာနဲ့ဆိုတာမျိုး နှိမ်ချဆက်ဆံ တော့ ခွေးတွေရဲ့ စိတ်နေစရိုက်ကလဲ အလိုလိုနိမ့်ကျသွားတာပေါ့။ သူတို့ ကိုယ်သူတို့လဲ တန်ဖိုးမထားတတ် ကြတော့ဘူးပေါ့။ ဒီတော့ တာဝန်သိ စိတ်လဲ နည်းသွားတော့ တာပေါ့”
”သိပ်ကိုစိတ်ဝင်စားဖို့ကောင်း တာပဲဗျာ။ ဆက်ပြီးမေးပါရစေဦးဗျာ။ ကျုပ်တို့ကခွေးကို လူရာသွင်းပြီး ဆက်ဆံရင်ကော သူတို့ရဲ့ အခြေခံ စရိုက်တိုးတက်မလာနိုင်ဘူးလား”
ဗိုလ်ကြီးချစ်မောင်က ရယ်လိုက် ပြီး-
”ဦးအောင်သင်းရ၊ ဒါမျိုးဆိုတာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ နှစ်ယောက် တည်းလုပ်လို့ရတာမျိုးမှမဟုတ်ဘဲ။ မြန်မာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး က လူနဲ့ခွေးဆက်ဆံရေး ပြောင်းလဲ လာမှ ဖြစ်နိုင်တာမျိုး။ ဒါတောင်မှ မျိုးဆက် တစ်ခုနှစ်ခုနဲ့ ပြီးနိုင်တာ မျိုးမဟုတ်ဘူး။ မျိုးဆက်ဆယ်ခု လောက်၊ အဲ-နှစ်ပေါင်း ၉ဝ၊ ၁ဝဝ လောက်ရှိလာမှ ခွေးတွေရဲ့ စိတ်နေ စရိုက်သွင်ပြင်ပြောင်းလာမှာ။ စိတ် ကူးယဉ်လို့ ကောင်းရုံရှိမှာပေါ့ဗျာ”
သူပြောတာလဲ ဟုတ်ပေသားပဲ လို့ အောက်မေ့လိုက်မိတယ်။ ဒါပေ မယ့် ဆက်စဉ်းစားနေမိတာက လူ တွေရဲ့ မိဘ၊ သား၊ သမီးဆက်ဆံရေး၊ ဆရာ၊ တပည့်ဆက်ဆံရေးအကြောင်း ပါပဲ။ ကလေးတွေကို လူရာသွင်းပေး ပြီးအရေးတယူလုပ်ရင် စိတ်ဓာတ် ရေးရာ စာရိတ္တမြင့်မားလာမှု၊ တာဝန် သိတတ်မှုပိုပြီး တိုးတက်လာမယ်လို့ ထင်နေမိပါတယ်။ ကဲ- ထားလိုက်ပါတော့။ မင်း တို့စိတ်ဝင်စားရင် ဆက်ပြီးတွေးတော ဆင်ခြင်နိုင်အောင် ရေးလိုက်ရတာ ပါ။ ဆင်ကြီးဗကမတ်နဲ့ ဆင်ဦးစီး ငပျံတို့အကြောင်းကောက်ရအောင်။
တိုက်ဆင်ကြီး ဗကမတ် ရန်သူ့ လက်ပါသွားတော့ ရာဇာဓိရာဇ်ဟာ နေမထိထိုင်မသာဖြစ်နေတယ်။ နောက်တော့ ဗကမတ်ရဲ့ ဦးစီးငပျံ ကိုဆင့်ခေါ်ပြီး ရန်သူဆင်တပ်ထဲ ကိုဝင်။ ဗကမတ်ရဲ့ ခြေထောက်ကို မယ်နနှက်ချေလို့ စေခိုင်းတယ်။ မယ်နဆိုတာ သံမှိုပါပဲ။ ခြေလက်ကို သံမှိုနှက်လိုက်ရင် တိုက်ပွဲ မဝင်နိုင် တော့ဘူးပေါ့။ ငပျံလဲ ကောင်းပါပြီ လို့ ဝန်ခံပြီး ကြံရိုးလေးတစ်ချောင်း၊ နှစ်ချောင်းဆွဲပြီး ထွက်သွားတယ်။ ဆင်တင်းကုပ်တွေဆီကို ရောက်သွား လိုက်တော့ သူက ဗကမတ်ကို ချက်ချင်းမှတ်မိတယ်။ ဗကမတ်က လဲ သူ့သခင်ရဲ့ အနံ့ကို ရလိုက်တာ ကြောင့် နားရွက်ပေနေတယ် (နား ရွက်မခတ်တော့ဘူး)၊ အသာစောင့် ကြည့်နေတာပေါ့။
နောက်မှ ငပျံပေးတဲ့ ကြံတွေကို စားတယ်။ ငပျံက မယ်နနှက်ရမှာ ဝန်လေးနေတယ်။ သူ့သားကြီးကို အလွန်ချစ်တယ်မဟုတ်လား။ နောက် တော့သူက မယ်နတွေကိုပြပြီး တီးတိုးစကားဆိုတယ်။ ”ဗကမတ် သားကြီး မင်းရဲ့ ခြေတွေကို မယ်န နှက်ဖို့ ငါလာခဲ့ရတာ။ ဒါပေမယ့် ငါ ဘယ်လိုနှက်ရမှာလဲ”လို့ ပြောပြီး ငို တယ်။ ဗကမတ်လဲ မျက်ရည်တွေ တွေဆင်းလာတယ်။ နောက်တော့ ငပျံ က စိတ်ကိုတင်းပြီး-
”သားကြီးနက်ဖြန်ကျလို့ စစ်ပြင်ရင် ငါတို့ဆီကို ပြန်လာခဲ့ပါ။ သား ကြီးပြန်မလာရင် ငါလဲ အသတ်ခံရ မယ်။ မင့်အမေရော၊ အစ်ကိုတွေပါ သေကြရမှာပဲ။ ဒီတော့ သားကြီး ပြန်လာဖြစ်အောင် လာခဲ့ပါ”လို့ ငိုယို ပြီးပြောတယ်။ ဗကမတ် ကလဲ မျက် ရည်တွေတွေကျပြီး နားရွက်ပေနေ တယ်။
ငပျံ လဲ ဆင်တင်းကုပ်ထဲက လှစ်ခနဲ ထွက်ပြီး မွန်တပ်မတော်ဆီ ပြန်လာခဲ့တယ်။ ရာဇာဓိရာဇ်ကလဲ ငပျံပြန်အလာကို စောင့်နေတယ်။ ည ၉ နာရီလောက်ထိ စက်ရာမဝင်ဘူး။ ငပျံပြန်ရောက်လာပြီဆိုတော့ သူပြော တဲ့အတိုင်း လုပ်ခဲ့ပြီလားလို့ မေးတယ်။ ငပျံက မလုပ်ရက်လို့ မလုပ်ခဲ့ ကြောင်း။ သို့သော်လဲ သူ့သားကြီးကို သေချာမှာကြားခဲ့ကြောင်း ပြောပြတော့ ရာဇာဓိရာဇ်ဟာ သိပ်ဒေါသဖြစ်သွား ပြီး ”နင်ပြောသလို ဗကမတ်ပြန်လာ ရင်လာ၊ မလာရင်တော့ နင်တို့မိသား စု သေကြပေတော့”ဆိုပြီး မိသားစု တစ်စုလုံးကို အကျဉ်းတိုက်သွင်း ထားလိုက်တယ်။ ငပျံတို့မိသားစုတစ်ခုလုံး ဘယ် လောက်များထိတ်လန့်တုန်လှုပ်လေ မလဲဆိုတာကို မှန်းလို့သာကြည့်ကြ ပေရော့။
နောက်တစ်နေ့ မနက်စော ရောက်တော့ စစ်ရေးပြင်ကြပြီ။ မင်းခေါင်ရဲ့ တပ်က စစ်ပြင်တဲ့အခိုက်မှာ ဗကမတ်ပွဲကြမ်း တော့တာပဲ။ သူ့ကိုယ် ပေါ်မှာ ပေါင်းတွေ၊ ကကြိုးတွေ အတင်မခံဘဲလာသမျှကို ရန်လုပ်လို့ တပ်တပ်တစ်တပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဲဒီအချိန်ကျတော့မှ ဗကမတ် က မွန်တပ်ရှိရာဆီ ဒလဟောပြေး တော့တာပဲ။ ဆင်ပြေးတာဟာ အလွန်ကို မြန်တယ်။ မြေညီမှာဆိုရင် ဘယ်လိုလူမှ ဆင်လိုက်တာကို လွတ် အောင်မပြေးနိုင်ဘူး။ လျားခနဲ၊ လျား ခနဲနေအောင်ပြေးတာ။ ဗကမတ်ပြေးလာတာကို ကင်း လင့်စင်ပေါ်က ရဲမက်က မြင်လိုက် တော့ ”ဗကမတ် တပ်ဆီကို ပြန်ပြေးလာတယ်”လို့ အော်ပြောတာ ပေါ့။ ဒီတော့မှ ရာဇာဓိရာဇ်က ”ငပျံ ကို လွှတ်ပေးလိုက်။ သူ့သားကြီးကို သွားကြိုပစေ”လို့ အမိန့်ပေးလိုက် တယ်။
”ဗကမတ် တပ်ဆီကို ပြန် ငပျံ ကလဲ အချုပ်အနှောင်က လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဗကမတ်ဆီကို ပြေးထွက် သွားတယ်။ ဆင်ရောလူပါ တစ်ယောက်ရှိရာ တစ် ယောက် ပြေးသွားလိုက်ကြတာ အချင်းချင်းတွေ့လိုက်ကြတော့ ဗကမတ်က ငပျံကို သူ့နှာမောင်းနဲ့ ပွေ့ ချီပြီး ဦးကင်းပေါ်တင်လိုက်ရင်း တပ်ထဲကို ပြေးဝင်လာကြတယ်။ ငါ့မှာလေ အဲဒီအခန်းကို ကလေးသာသာမှာ ဖတ်လိုက်ရတော့ ဗကမတ်ကြီးလို မျက်ရည်များ တောင်လည်ခဲ့မိပါတယ်။ ခုလည်းပဲ ဟောလိဝုဒ်လို ရုပ်ရှင်မြို့တော်ကြီး တစ်ခုကများ ရုပ်ရှင်ရိုက်လိုက်ရရင် ဗကမတ် ပြေးလာတာ၊ ငပျံက ပြေး သွားတာတွေကို အဝေးရိုက်၊ အနီး ရိုက် ရိုက်ချက်တွေနဲ့ ပြလိုက်ရင် ဆိုတာမျိုး စိတ်ကူးယဉ်တွေးနေမိ တတ်ပါတယ်။
နောက်ပြီး ငပျံရဲ့ တာဝန်ယူ ဝံ့သော သတ္တိဟာလဲ အံ့သြစရာ မကောင်းဘူးလား။ သူ့သားကြီး ဗကမတ် ကို အသက်အပ်ပြီး ယုံကြည် စွာ တာဝန်ယူဝံ့တာကို အံ့သြလို့ မဆုံး ဘူး။ သူ့အသက်တစ်ချောင်းသာ မဟုတ်ဘူးနော်၊ မိသားစု အသက် ကိုပါပုံအပ်ပြီး တာဝန်ယူလိုက်တာ။ အသက်ကိုနှင်းပြီး တာဝန်ယူခဲ့ သူတွေအကြောင်းကို ဖတ်ခဲ့ရဖူးလှ ပါပြီ။ ကြားခဲ့ရဖူးလှပါပြီ။ ဒါပေမယ့် ဗကမတ် နဲ့ ငပျံတို့ ရဲ့ ဇာတ်လမ်းကတော့ အဆန်းတကြယ် စွန့်စားခန်းမို့ စွဲလမ်းနေတာကြောင့် ထုတ်ပြလိုက် ရတာပါ။
နောက်ပြီးမင်းတို့တစ်တွေကို ရာဇာဓိရာဇ်အရေးတော်ပုံလို စာအုပ် မျိုးတွေကို ဖတ်ကြည့်စေချင်တဲ့ စေတနာလဲ ပါသပေါ့ကွယ်။
အောင်သင်း
Discussion about this post