ဆရာယုဒသန် (သို့) ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် (Adoniram Judson)သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသောအမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသောစကားလုံးကို အသံလှယ်၍ ခေါ်ဆိုသော အသံထွက်ဖြစ်ပြီး အမည်ရင်းမှာ အဒိုနီရမ်ဂျပ်ဆင် ဖြစ်လေသည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယာန် သာသနာရေးဘက်၌သာမက စာပေဘက်၌သော်၎င်း၊ နိုင်ငံရေးဘက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။
ယုဒသန်သည် ၁၇၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် မော်လဒင်မြို့တွင် မွေးဖွားခဲ့သည်။ ဗရောင်းသက္ကသိုလ်တွင် ပညာသင်ကြားခဲ့၏။ ၁၈၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် အန်ဟေဇယ်တိုင် နှင့် ထိမ်းမြားလက်ထပ်ခဲ့လေသည်။ နောက်တနေ့တွင် ယုဒသန်သည် အခြား အဖော်လေးဦးတို့နှင့်အတူ အရှေ့အာရှနိုင်ငံများသို့ သာသနာပြုရန် စေလွှတ်ခြင်းခံရ၏။ ယုဒသန် ဇနီးမောင်နှံတို့သည် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ဆေလမ်မြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွန်လတွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ဆိုက်ရောက်လေသည်။
ထိုအချိန်က ဗြိတိသျှ အစိုးရနှင့် အမေရိကန် အစိုရတို့သည် အချင်းချင်းမသင့်မတင့် ဖြစ်လျှက်ရှိသောကြောင့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီသည် အမေရိကန်သာသနာပြုပုဂ္ဂိုလ်များကို ထိုတိုင်းပြည်တွင် နေထိုင်ရန်မလိုလားချေ။ ထို့ကြောင့် အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ်က ယုဒသန်နှင့်ဇနီးတို့ကို မိမိတို့စီးနင်းလိုက်ပါလာခဲ့သော သင်္ဘောဖြင့် အမေရိကန်ပြည်သို့ပြန်ရန် အမိန့်ပေးလေသည်။ ထိုအခါ ယုဒသန်သည် ပြင်သစ်ပိုင် မောရစ်ရှပ်ကျွန်းသို့ ထွက်ခွာခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင်ရှိနေစဉ် ယုဒသန်နှင့်သူ၏ဇနီးတို့သည် နှစ်ခြင်း ခရစ်ယာန်အသင်းသို့ ကူးပြောင်းခဲ့ကြသည်။
ယုဒသန်သည် အရှေ့အာရှနိုင်ငံများ၌ သာသနာပြုရန်ဟူသော မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမည့် အခြေအနေတွင်ရောက်ရှိနေခဲ့သော်လည်း ၁၈၁၃ ခုနှစ် ဇွန်လဆန်းတွင် အရှေ့ဖက်သို့ ကြုံရာသင်္ဘောနှင့် မဒရပ်မြို့သို့ထွက်ခွာခဲ့ကြပြန်သည်။ တဖန် မဒရပ်မြို့မှ တဆင့် ဂျောဂျီးယားနားအမည်ရှိ သင်္ဘောဖြင့်မြန်မာနိုင်ငံသို့လိုက်ပါလာခဲ့ကြရာ ဇူလိုင်လ (၁၃)ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လေသည်။
ထိုအခါက ရန်ကုန်သည် ယခုကာလ ရန်ကုန်နှင့် လုံးဝမတူချေ။ ဆူးလေစေတီတော်ကို အရှေ့ဖက်၊ အနောက်ဖက်နှင့် တောင်ဖက်တို့မှ အင်းကြီးတစ်ခုကာဆီးလျှက်ရှိသည်။ မြို့ကို အင်းကြီးနှင့် ချောင်းမြောင်း ထုံးအိုင်တို့ ဝန်းရံလျက်ရှိသဖြင့် ကျွန်းကြီးတစ်ကျွန်းကဲ့သို့ ဖြစ်လျက်ရှိသည်။ မြို့မြောက်မျက်နှာရှိ ဝန်ကြီးတံခါးမှ ထွက်၍ ချောင်းကိုကူးပြီးလျှင် ဝန်ကြီး လမ်းအတိုင်း ဆက်သွားပါက မိုင်ဝက်လောက် ခရီးတွင် နှစ်ခြင်းသာသနာပြုအိမ်ကြီးသို့ရောက်လေသည်။ ယခုဘားလမ်း၏ မြောက်စွန်းအနီးတွင် ဖြစ်သည်ဟု သမိုင်းဆရာများက ဆိုသည်။ ထိုအိမ်ရှင်မှာ အိန္ဒိယနိုင်ငံ ဆာရမ်ပူမြို့ရှိ အင်္ဂလိပ် နှစ်ခြင်း ခရစ်ယာန်သာသနာပြု ဝီလျံကာရီ၏ သား ဖဲလစ်ကာရီ ဖြစ်သည်။ ထိုသာသနာပြုအိမ်၌ ယုဒသန်တို့ နေထိုင်ကြသည်။
ဟောရန် ပြောရန် သာသနာပြုရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တလုံးတပါဒမျှ မတတ်ကြသောကြောင့် မြန်မာစကားကို ဦးစွာကြိုးစားသင်ယူရသည်။ သိုဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဒါကျမ်းတစ်စောင်ကို ရေးသားပြုစုပြီးစီးလေ၏။ မြန်မာတို့ အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာ တို့ကိုလည်း နားလည်ရပေဦးမည်။ ထို့ကြောင့် ယုဒသန်သည် လောကုတ္တရာ စာပေများကို လေ့လာဆည်းပူးရာ၊ မြန်မာစကား ကဲ့သိုဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍ မြန်မာအနက် ပေးကာ ပါဠိ – မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင် ပါသော မြန်မာ စကားလုံး များကို တဖန် အက္ခရာ ဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပဌမမြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။
၁၈၁၆ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် ဆရမ်ပူ သာသနာပြုကောလိပ်ကျောင်းက ပုံနှိပ်စက်တလုံးနှင့် မြန်မာခဲစာလုံးများကို လက်ဆောင်ပို့လိုက်သည်။ ပုံနှိပ်စက်နှင့်အတူ ဆရာဟောက် ဆိုသူ ပုံနှိပ်ပညာတတ် အမေရိကန်သာသနာပြုတဦးလည်း ရောက်လာသည်။ ၁၈၁၇ ခုနှစ်တွင် ယုဒသန်သည် ရှင်မဿဲ ခရစ်ဝင်ကျမ်းကို မြန်မာဘာသာပြန်ဆိုပြီးစီးသည်။ ထိုအခါ ယုဒသန်သည် တရား ဟောနိုင်လောက်အောင် မြန်မာစကားကိုတတ်မြောက်ပြီဟု အယူရှိလေသည်။ ထို့ကြောင့်သူသည် မြန်မာတို့ တရားနာလေ့ရှိသော ဇရပ်များသို့သွားကာ ဓမ္မကထိကများ ဟောသည်ကို မြန်မာများနှင့်အတူ နာယူ၍ အတုယူနည်းမှည့်လေတော့သည်။
ထို့နောက် သာသနာပြုအိမ်ကြီးနှင့် မလှမ်းမကမ်း လူသွားလူလာများသောခရီးတွင် ဇရပ်တဆောင် ဆောက်လုပ်သည်။ ဇရပ်မျက်နှာစာခန်းကို ဝါး၊ ဓနိတို့ဖြင့် ဆောက်လုပ်၍ အကာအရံမရှိ ဟင်လင်းထားသည်။ ထိုအဆောင်တွင် ယုဒသန်ထိုင်၍ ခရီးသွားများကို တရားနာလာရန် ဖိတ်ခေါ်လေ့ရှိသည်။ ကလေးသူငယ် များကိုလည်း သစ်သား သင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိသည်။ ထိုဇရပ်ကြီးတွင် ယုဒသန်တို့သည် တရားစဟောသည်။ ကျမ်းစာများကိုလည်း ဆက်လက်ရေးသား ပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေလေသည်။
သို့ဖြင့် ဘကြီးတော်ဘုရား လက်ထက်သို့ ရောက်လာသောအခါ ဘုရင်မင်းမြတ်ထံမှ တရားဟောပြောခွင့် အမိန့်တော်ကို ခံယူရန်လိုသဖြင့် အခြား သာသနာပြုတဦးဖြစ်သူ ဆရာကိုးလမင်းနှင့် အတူ နေပြည်တော်သို့ ၁၈၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆန်တက် သွားကြလေသည်။ လမ်းခရီးတွင် တလကျော်ကြာပြီးနောက် အမရပူရမြို့တော်၌ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ခွင့်ရ၍ ယုဒသန်က သာသနာပြုခွင့်ရရန် လျောက်တင်လေသည်။ သို့ရာတွင် မင်းတရားကြီးက နှစ်သက်တော်မမူသဖြင့် အခွင့်မရဘဲ ရန်ကုန်သို့ စုန်ဆင်းခဲ့ရသည်။
ထိုအတောအတွင်း ယုဒသန်၏ ဇနီးမှာ ကျန်းမာရေးချို့ယွင်းလျက်ရှိသဖြင့် ၁၈၂၁ ခုနှစ်တွင် အမေရိကန် နိုင်ငံသို ပြန်လေသည်။ ထို့နောက် မျက်စိ ရောဂါနှင် နားရောဂါ တို့၌အထူး ကျွမ်းကျင်သော သာသနာပြု ဆရာဝန် ပရိုက်စ် ဆိုသူသည် ၁၈၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၈၂၂ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် ဒေါက်တာပရိုက်စ်သည် အင်းဝမြို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ရန် ဆန်တက်ရာတွင် ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါသွား ပြန်လေသည်။
ထိုအချိန်တွင် ဘကြီးတော် မင်းတရားကြီးသည် အင်းဝမြို့တော်သို့ ပြောင်းရွှေ့ စံနေတော်မူပြီ ဖြစ်၏။ တခါသော် ယုဒသန်သည် ဘကြီးတော် မင်းတရားရှေ့တွင် တရားဟော ပြောပြရလေသည်။ မင်းတရားကြီးက ယုဒသန်အား နေပြည်တော်၌ နေထိုင်ရန် မြေတကွက် ပေးသနားတော် မူသည်။ ဒေါက်တာပရိုက်စ် ကိုမူ စစ်ကိုင်းဖက်၌ နေအိမ်ဆောက် ခွင့်ပေးလေသည်။
ထိုနောက် ယုဒသန် သည် ရန်ကုန်မြို့ သိုစုန်ဆင်းခဲ့သည်။ ၁၈၂၃ ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့တွင် အန်း ဟေဇယ်တိုင်သည် အမေရိကန်နိုင်ငံမှ ပြန်ရောက်လာသည်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ယုဒသန် ဇနီးမောင်နံှ နှစ်ဦးတို့သည် အင်းဝနေပြည်တော် သို့ ရောက်ရှိလာပြီးလျှင် အိမ်တဆောင် ဆောက်လုပ် နေထိုင်ကြလေသည်။
ယုဒသန်သည် မြန်မာမှူးမတ် ဆွေတော် မျိုးတော်တို့နှင့် သင့်မြတ်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်း တကျောင်းဖွင့်ကာ အပ်ချုပ် အတတ်နှင့် စာရေး စာဖတ် တို့ကိုသင်ကြား ပေးသည်။ ယုဒသန်သည် စကြာမင်းကလေးခေါ် ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၊ မြဝတီမင်းကြီးဦးစ နှင့် မက္ခရာ မင်းသားကြီးတို့ ထံတွင်လည်းဝင်ထွက် လေသည်။
ထိုအတောအတွင်း မြန်မာ အစိုးရနှင့် အင်္ဂလိပ်အစိုးရတို့သည် ရှင်မဖြူကျွန်း အရေးကြောင့် စစ်ဖြစ်ကြရာ ၁၈၂၄ ခုနှစ်မေလတွင် အင်္ဂလိပ်တို့က ရန်ကုန်မြို့ကို သိမ်းယူလေသည်။ ထိုအချိန်တွင် နေပြည်တော်၌ နိုင်ငံခြားသားတို့အား ထိန်းသိမ်း စောင့်ကြပ်ထားရန်လိုအပ်သည့်အတိုင်း ယုဒသန်နှင့် ဒေါက်တာပရိုက်စ်တို့ကို ဖမ်းဆီး၍ လက်မရွံ့ ထောင်သို့ပို့ထားလေသည်။ အခြားသောအင်္ဂလိပ်လူမျိုးများလည်း ထိုနည်းအတူ အဖမ်းခံရသည်။ ၁၈၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ယုဒသန်ဇနီး၌ သမီးဖွားမြင်၍ မာရီယာဟု အမည်မှည့်ခေါ်သည်။
ယုဒသန်တို့လူစုကို ထောင်ထဲ၌ ၁ဝ လ အကျဉ်းချထားပြီးနောက် အောင်ပင်လယ်ထောင်သို့ တဖန် ပြောင်းရွှေ့ချုပ်နှောင်ထားလေသည်။ ဇနီးလည်း မိမိ၏ ခင်ပွန်းသွားရာ အရပ်သို့လိုက်လေသည်။ ထိုနှစ် နိုဝင်ဘာလတွင် ယုဒသန်အား ထောင်မှလွှတ်ရန် အမိန့်ရောက်လာသည်။ မလွန်မြို့အနီး ညောင်ပင်ဆိပ်စခန်းတွင် အင်္ဂလိပ်နှင့် မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် နှစ်ဦး နှစ်ဘက် စေ့စပ်ဆွေးနွေးရာ၌ ယုဒသန်ကို စကားပြန်အဖြစ် စေလွှတ်ရန်အတွက် ဖြစ်သည်။ ဒီဇင်ဘာ ၁(၇) ရက်နေ့တွင် အင်းဝသို့ပြန်ရောက်လာသည်။
ထို့နောက် ခဲပေါင်မြို့စား ဝန်ကြီးဦးရွှေလူ၏ ကူညီမှူဖြင့် ယုဒသန်သည် ၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထောင်မှလွတ်မြောက်ခဲ့လေသည်။ ထိုအချိန်တွင် ယုဒသန်၏ ဇနီးသည်မှာ အသည်းအသန်ဖျားနာလျက်ရှိသည်။ ၁၈၂၆ ခုနှစ်တွင် ရန ္တပိုစာချုပ် ချုပ်ဆိုသောအခါ၊ ယုဒသန်သည် စကားပြန်အဖြစ် ဆောင်ရွက်ကာ အင်္ဂလိပ်မှ မြန်မာသို့၊ မြန်မာမှ အင်္ဂလိပ်သို့ ပြောသမျှ စကား၊ ရေးသမျှ စာတို့ကို ဘာသာပြန်ဆိုရလေသည်။ စစ်ပြေငြိမ်းသွားသောအခါတွင်ကား ယုဒသန်သည် အောက်ပြည်သို့စုန်၍ အင်္ဂလိပ်ပိုင်နက်ဖြစ်သော ကျိုက္ခမီမြို့တွင် နေထိုင်ကြသည်။
ယုဒသန်၏ ဇနီး အန်း ဟေဇယ်တိုင်သည် ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်လေသည်။ ထိုအချိန်တွင် ယုဒသန်သည် ဗြိတိသျှ အစိုးရကိုယ်စလှယ် ဂျွန်ကရောဖက်နှင့်အတူ အင်းဝမြို့တော်သို့ အင်္ဂလိပ်အစိုးရ ကိစ္စဖြင့် ရောက်ရှိနေခိုက်ဖြစ်သည်။ ၁၈၂၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ယုဒသန်၏ သမီး မာရီယာသည်လည်း ကွယ်လွန်လေသည်။
ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနှိပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ပုံနိုပ်ပြီးစီးလေသည်။ ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တအုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။ သို့သော်လည်း ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။
အင်္ဂလိပ်အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။ ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက် မကျန်းမမာဖြစ်လာသည်။ ထို့ကြောင့် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ (၁၂) ရက်နေ့တွင် ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေမြှုပ်သဂြိုလ်လိုက်ကြသည်။
ယုဒသန်၏ လက်ငုတ်ဖြစ်သော မြန်မာ အဘိဓာန်ကို သာသနာပြုဆရာ အီးအေ၊ စတီဖင်က ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင် ပုံနှိပ်နိုင်ခဲ့သည်။ ယုဒသန်သည် အဘိဓာန်နှင့် ခရစ်ယာန်ကျမ်းများအပြင် ရွှေချိန်ခွင်စာအုပ်ကို ၎င်း၊ မြန်မာအမျိုးသမီး ဝတ်ဆင်ပုံ စာတမ်းကို ၎င်း၊ ပိဋ္ဋကတ်အနှစ်ချုပ် ကျမ်းကို၎င်း မြန်မာဘာသာဖြင့် ရေးခဲ့လေသည်။
ယုဒသန်သည် ပထမ ဇနီး အန်း ဟေဇယ်တိုင်ကွယ်လွန်ပြီးနောက် ၁၈၃၄ ခုနှစ်တွင် မစ္စစ် ဗော့ဒမန်ဆိုသူ မုဆိုးမတဦးနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ တဖန် ဒုတိယ ဇနီးကွယ်လွန်ပြန်၍ ၁၈၄၆ ခုနှစ်တွင် မစ္စအမ္မလီချူးဗက် ဆိုသူနှင့် တတိယ အိမ်ထောင်ပြုလေသည်။ ကျန်ရစ်ခဲ့သောသားသမီးများအနက် သားဖြစ်သူ အက်ဒွပ် ဂျပ်ဆင်သည် ယုဒသန်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့လေသည်။ ယခင်က ရန်ကုန်တက္ကသိုလ်တွင် အပါအဝင်ဖြစ်သော ဂျပ်ဆင်ကောလိပ်မှာ ယုဒသန်အထိမ်းအမှတ်ကျောင်းပင်ဖြစ်သည်။
မြန်မာစွယ်စုံကျမ်း အတွဲ ၁ဝ၊ (၁၉၆၆)
Burmese Encyclopedia Vol 10, P-433 (Publsihed in 1966)
Myanmar Wikpedia
Discussion about this post