အမှတ်တမဲ့ကြည့်ရင် ဆင် နဲ့တူလို့ ဆင်ဖျံလို့ အလွယ်တကူခေါ်ကြခြင်းဖြစ်ပါတယ်။ ဆင်ဖျံ(Elephant seal) တွေဟာ Mirounga မျိုးရင်းထဲမှာ ပါဝင်ပြီး သူတို့မှာ မြောက်ပိုင်းဆင်ဖျံ(M. angustirostris) နဲ့ တောင်ပိုင်းဆင်ဖျံ(M. leonina) ဆိုပြီးတော့ အမျိုးအစား ၂မျိုး ရှိပါတယ်။ အမဲလိုက်ခံရတာကြောင့် ဒီဖျံအမျိုးအစားတွေဟာ ၁၉ ရာစု အကုန်မှာ မျိုးတုံးလုနီးပါး တဖြည်းဖြည်းနည်းပါးလာခဲ့ရာမှ ကာကွယ်ထိန်းသိမ်းမှုတွေကြောင့် ယခုအခါမှာတော့ အနည်းငယ်ပြန်လည်တိုးပွားလာနေပါပြီ။
ဆင်ဖျံ ဆိုတဲ့ အမည်နဲ့လိုက်အောင် အရွယ်အစားကလည်း ဆင်ကြီးတွေနီးပါးကြီးမားပြီး ကမ္ဘာပေါ်က ဖျံမျိုးစိတ်တွေထဲမှာတော့ အရွယ်အစားအကြီးမားဆုံးဖြစ်ပါတယ်။ ပျမ်းမျှ ခန္ဓာကိုယ်အလျားကတော့ ၁၀ပေ ဝန်းကျင်ကနေ ၁၅ပေ ကြား ခန္ဓာကိုယ်အရွယ်အစားရှိပြီး တချို့ဖျံကြီးတွေဆိုရင် ပေ ၂၀လောက်တောင်ရှိတတ်သလို အလေးချိန်အားဖြင့်လည်း ပေါင် ၈၈၀၀ ခန့်အထိ ရှိတတ်ပါတယ်။
မြောက်ပိုင်းဆင်ဖျံတွေက တောင်ပိုင်းဆင်ဖျံတွေထက် အကောင်အနည်းငယ်သေးပါတယ်။ မြောက်ပိုင်းဆင်ဖျံတွေကိုတော့ ပစိဖိတ်ကမ်းရိုးတန်းတလျှောက် ကနေဒါ ၊ မက္ကဆီကို နဲ့ အမေရိကန်က ကျွန်းစုတွေအနီးမှာတွေ့ရလေ့ရှိတယ်။ သူတို့ကို တစုတဝေးထဲ အများဆုံးတွေ့နိုင်တဲ့ နေရာကတော့ ဗာကူးဗားကျွန်းရဲ့ Race Rocks သဘာဝထိမ်းသိမ်းရေးနယ်မြေမှာ ဖြစ်ပါတယ်။ တောင်ပိုင်းဆင်ဖျံကတော့ တောင်အာဖရိက ၊ အာဂျင်တီးနား ၊ ချီလီ ၊ နယူးဇီလန် ကျွန်းစုတွေ နဲ့ Valdés ကျွန်းဆွယ်တွေ အနီးမှာ နေထိုင်ကျက်စားလေ့ ရှိပါတယ်။
မြောက်ပိုင်းဆင်ဖျံမျိုးမှာ ဆင်တွေရဲ့နှာမောင်းလိုပဲ နှာခေါင်းကြီးတစ်ခု ရှိတယ်။ အဲဒီ နှာခေါင်းနဲ့ သူ့ပြိုင်ဖက်ကို ဖိထောင်းနိုင်တယ်၊ တိုက်ခိုက်နိုင်တယ် ၊ သူ့ဇက်ပိုးကို အားပြုပြီး လှိမ့်တာတွေကို ပြုလုပ်နိုင်ပါတယ်။ အမတွေ လာရောက် ပေါက်ဖွားကြမယ့် ကမ်းခြေ နယ်မြေအတွက် အဖိုချင်း နယ်မြေလုပွဲတွေ ဆင်နွှဲ တိုက်ခိုက်လေ့ ရှိတတ်ပါတယ်။ အနိုင်ရတဲ့ ဖျံဖို အဖွဲ့တဖွဲ့မှာ ဖျံမ အကောင် ၅၀ ခန့် ပါဝင်ဝန်းရံနေလေ့ရှိပါတယ်။
ဆင်ဖျံတွေ အမဲလိုက်ခံရခြင်း အကြောင်းကတော့ သူတို့ရဲ့ ကြီးမားတဲ့ သားရေတွေ၊ အသားတွေနဲ့ ဖံျသိုတွေအတွက် ကြောင့်ဖြစ်ပါတယ်။ သူတို့ကို ကို တိုက်ခိုက်အမဲလိုက်လေ့ရှိတဲ့ ရေသတ္တဝါတွေကတော့ great white ငါးမန်း နဲ့ Orcas ဝေလငါးတွေ ဖြစ်ပါတယ်။ ဆင်ဖျံတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ် တားဆီးပေးထားပါတယ်။ သူတို့က ပင်လယ်ငှက်တွေ၊ ဖျံငယ်တွေကို စားသုံးကြတယ်။
ဆင်ဖျံတွေဟာ တနှစ်ကို တခါ အရေခွံလဲကြရပါတယ်။ အပေါ်ယံအရေခွံ နဲ့ အမွှေးတွေ လှဲလှယ်ကြတာဖြစ်ပြီး ဒီဖြစ်စဉ်ဟာ ၁လခန့် ကြာမြင့်တတ်ပါတယ်။ အမက ၁၁ လ ကိုယ်ဝန်ဆောင်ပြီး ဆင်ဖျံပေါက် ကလေးတစ်ကောင် ဖွားမြင်ပေးပါတယ်။ သူတို့အရောင်က မီးခိုးရောင်၊ အညိုရောင်ဖြစ်ပါတယ်။ တခါတရံ အနက်ပြောက်ကလေးတွေ ရှိကြတယ်။ ဆင်ဖျံ အထီးရော အမပါ သားပေါက်တဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ပုံ၁ပုံကို ဆုံးရှုံးရလေ့ရှိပါတယ်။ အကောင်ပေါက်ကလေးတွေကတော့ မိခင်ရဲ့စောင့်ရှောက်ထိမ်းသိမ်းမှုအောက်မှာ ရေကူး ၊ ရေငုပ် စတာတွေကို ၁၀ ပတ်ခန့် လေ့ကျင့် သင်ကြားရပါတယ်။
မြောက်ပိုင်း ဆင်ဖျံတွေက သက်တမ်းတိုကြပြီး တောင်ပိုင်းဆင်ဖျံတွေကတော့ သက်တမ်းရှည်ကြပါတယ်။ မြောက်ပိုင်းဆင်ဖျံတကောင်ရဲ့ ပျမ်းမျှ သက်တမ်းဟာ ၉နှစ်ဝန်းကျင်သာ ရှိပေမယ့် တောင်ပိုင်းဆင်ဖျံတကောင်ရဲ့ ပျမ်းမျှသက်တမ်းကတော့ ၂၁ နှစ် ဖြစ်ပါတယ်။ အသက်အရှည်ဆုံး မြောက်ပိုင်းဆင်ဖျံရဲ့သက်တမ်းကတော့ ၁၄နှစ်အထိ ရှိခဲ့ဖူးကြောင်း မှတ်တမ်းတင်ထားပါတယ်။
Discussion about this post