Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိတ်ဝင်စားဖွယ် လူဝင်စားတို့အကြောင်း

by Thutamm
August 18, 2019
Reading Time: 1min read
0
စိတ်ဝင်စားဖွယ် လူဝင်စားတို့အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – Phyo Aung

မကြာခဏဆိုသလို လူဝင်စားဖြစ်ရပ်သတင်းများသည် ကျွန်တော်တို့ပတ်ဝန်းကျင်များတွင်လည်းကောင်း ၊ စာအုပ်များတွင်လည်းကောင်း ဖတ်ဖူး ကြားဖူးကြပေလိမ့်မည်။ ကမ္ဘာအရပ်ရပ်၌လည်း အတိတ်ဘဝကို ကောင်းစွာမှတ်မိ၍ သေချာ ပြောပြနိုင်သော ကလေးသူငယ်များ တခါတရံ ပေါ်ထွက်လာလေ့ရှိ၏။

ယုံကြည်သူများနှင့် မယုံကြည်သူများ

အတိတ်ဘဝကို ယုံကြည်လက်ခံကြသောသူများက ဖြစ်ရိုးဖြစ်စဉ် ဟုသာမှတ်ယူ၍ စိတ်မဝင်စားကြချေ။ မယုံကြည်သူများကလည်း ကလေး၏ပေါက်ကရ ပြောဆိုမှုဟူ၍ အလေးမထားဘဲ မေ့ပစ်လိုက်ကြသည်ကများ၏။

မယုံကြည်သူများ၏ စွပ်စွဲချက်နှင့် စဉ်းစားရမည့်အချက်များ

မယုံကြည်လက်မခံလိုသူများက ထိုအမှုများအားလုံးသည် လိမ်လည်သောအရာများသာဖြစ်ကြပါသည် ဟုစွပ်စွဲကြသည်။ သို့ရာတွင် စဉ်းစားရန်ရှိသည်မှာ…. လူဝင်စားမှုများကို တီထွင်လိမ်လည်ရန် မှာလွယ်ကူသော ကိစ္စတော့မဟုတ်ပေ။ အသက်သုံးနှစ်သား ကလေးကို မိဘဆွေမျိုးများက အပင်ပန်းခံ ဇာတ်တိုက်ကာ အချိန်ကုန်ခံ၍ သင်ကြားရပေမည်။

သုတေသီများရှေ့၌ သေသူ၏ ဆွေမျိုးသားချင်းများ၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ ဘဝဟောင်းက ပိုင်ဆိုင်ခဲ့သောပစ္စည်းများနှင့် ဝယ်ယူခဲ့သောနေရာများ စသော သုတေသီတို့ မေးသမျှ အသေးစိတ်ခွဲခြား ၍ အချက်ပေါင်းများစွာကို မှတ်မိလေအောင် ၃နှစ်သားကလေးများအဖို့ အလွတ်ကျက်သင်ကြားထားရန် လွယ်ကူပါမည်လော။

ဤအချက်များနှင့်အခြားစဉ်းစားစရာအချက်များစွာကို ထောက်ချင့်၍ သုတေသီများပြုစုထားသော ထောင်နှင့်ချီ ရှိသော လူဝင်စားအမှုအားလုံးမှာ လိမ်လည်လှည့်စားသော အရာများသာဖြစ်ပါသည်ဟု မဆိုနိုင်ပေ။

သုတေသီ ဒေါက်တာ စတီဗင်ဆင်

ဗားဂျီးနီးယားတက္ကသိုလ်မှ ပရစိတ္တဗေဒ ပါမောက္ခ ဒေါက်တာ အီအန်စတီဗင်ဆင်(Dr. Ian Stevenson)သည် ကမ္ဘာတလွှား နိုင်ငံများစွာ သွားရောက်၍ လူဝင်စားဆိုသူများအား စုံစမ်းလေ့လာခဲ့သော လူဝင်စားအမှုများမှာ အမှုပေါင်း ၃၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

လူဝင်စားအမှုများတွင် ထင်ရှားသော လက္ခဏာ လေးခုကိုတွေ့ရပေမည်။၎င်းတို့မှာ-

(၁) လူဝင်စားဖြစ်သည် ဆိုသောသူသည် ကလေးအရွယ် အသက်သုံးနှစ်လောက်ကစ၍ မိမိ၏ အတိတ်ဘဝအကြောင်း ကို မှန်ကန်စွာ ပြောပြနိုင်ခြင်း။

(၂) ဘဝဟောင်းမှ မိဘဆွေမျိုးသားခြင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ နေရာဌာန နှင့်ကိုယ်ပိုင်ပစ္စည်းများကို ကောင်းစွာ ခွဲခြားမှတ်မိခြင်း။

(၃) မိမိဘဝဟောင်းနှင့်ပတ်သက်၍ စိတ်လှုပ်ရှား ခံစားမှုရှိခြင်း၊ ဘဝဟောင်းက လူများ၊ နေရာဌာန များနှင့်ဖြစ်ပျက်မှု များသည် ချစ်စိတ်၊ မုန်းစိတ်၊ ကြောက်စိတ် စသည်တို့ကိုဖြစ်ပေါ်စေခြင်း။

(၄) လူဝင်စားဆိုသူ နှင့်ဆိုင်ရာ အတိတ်ဘ၀ ပုဂ္ဂိုလ်တွင် စရိုက်၊ဝါသနာ တို့တူညီမှုရှိကြခြင်း။

ဘရားဇီးနိုင်ငံမှ လူဝင်စားဆိုင်မွန်နီ

ဘရာဇီးနိုင်ငံမှ လူဝင်စားသုတေသန ဌာနမှ တွေ့ရှိခဲ့သော ဆိုင်မွန်နီ သည် ဘရာဇီးနိုင်ငံသူဖြစ်လျက် ငယ်စဉ်ကတည်းကပင် အီတာလျံစကားကို ပြောဆိုနိုင်၏။ သူနှင့် အတူနေထိုင်သော မိဘ၊ဆွေမျိုးသားချင်းများနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများတွင်လည်း အီတာလျံစကားကို ပြောဆိုတတ်သူ၊ စိတ်ဝင်တစားလေ့လာသူဟူ၍ လည်းမရှိချေ။

သို့သော် ဆိုင်မွန်နီသည် စကားပြောတတ်သည့်အရွယ်မှ စ၍ အီတာလျံစကားကို ထူးထူးခြားခြားစပြော၏။ နှစ်နှစ်အရွယ်တွင် အီတာလျံစကားကို သွက်သွက်လက်လက် ပြောဆိုနိုင်သည့်အပြင်အီတာလျံကဗျာများ ကိုလည်းရွတ်ဆိုနိုင်၏။ လေယာဉ်အသံများ ကြားလျှင် ကြောက်လန့်တကြား ဖြစ်နေတတ်သည်။

ဗုံးဆန်မှန်၍ သေဆုံးခဲ့သော အီတလီသူ

သူ၏အတိတ်ဘဝအကြောင်းကိုပြောပြရာ…

သူသည်ဘဝဟောင်းက အီတလီ၊ ရောမမြို့ရှိ မိဘမဲ့ကျောင်းတွင် နေခဲ့ရကြောင်း၊ အင်ဂျလီနာဟု ခေါ်ကြောင်း၊ တနေ့တွင် ဗုံးကြဲလေယာဉ်များ ရောမမြို့ပေါ်သို့ဗုံးကြဲရာတွင် သူတို့မိဘမဲ့ကျောင်းကို ထိမှန်ခဲ့ကြောင်း၊ ဗုံးကြဲသည့်အချိန်တွင် တကိုယ်လုံး ပူခနဲဖြစ်ပြီး ကောင်းကင်ဘုံကိုရောက်သွားခဲ့ကြောင်း…. သုံးနှစ်အရွယ် ဆိုင်မွန်က သူ၏ အတိတ်ဘဝအကြောင်းအား ပြောပြခဲ့၏။

လက်ဘနွန်ပြည်မှ လူဝင်စားမှု

လက်ဘနွန်ပြည်၊ ကော်နယ်ရွာ (Kornayel)မှ အိမတ် (Imad Elawar)သည် အသက်နှစ်နှစ် အရွယ်တွင် အတိတ်ဘဝက သူနေခဲ့သော ခရီဘီ ရွာ(Khriby)နှင့် ဘဝဟောင်းက မိဘများ၊ အခြားလူများ၊ ပိုင်ဆိုင်မှုပစ္စည်းများအကြောင်း၊ တောထဲ၌အမဲလိုက်ထွက်ပုံ၊ ဘတ်(စ်)ကား မှောက်၍သေဆုံးခဲ့ပုံ၊ ချောမောလှပသော မယားငယ်အကြောင်း နှင့် အခြားဖြစ်ရပ်များအား လက်ရှိ မိဘ၊ဆွေမျိုးများအားပြောပြလေ့ရှိ၏။ ဘဝဟောင်းမှ ခရီဘီ ကျေးရွာလေးသို့ သွားလိုကြောင်း လည်း မကြာမကြာ ပူဆာတတ်၏။

ခရီဘီကျေးရွာသို့ လူဝင်စားသုတေသန

စိတ်ဝိညာဉ်သုတေသီ ဒေါက်တာစတီဗင်ဆင်သည် အိမန်နေထိုင်ရာ ကော်နယ်ရွာသို့ ရောက်သွားသောအချိန်၌ လူဝင်စား အိမတ်နှင့် သူ၏မိဘများမှာ ခရီဘီကျေးရွာသို့ မသွားရသေးပေ။ စတီဗင်ဆင် အဖွဲ့နှင့်အတူ လူဝင်စားလေး အိမတ်နှင့် သူ၏မိဘများသည် ခရီဘီကျေးရွာသို့ သုတေသနခရီးအဖြစ် သွားခဲ့ကြ၏။

ဘဝဟောင်းမှ သံယောဇဉ်

အိမတ်သည် ခရစ်ဘီကျေးရွာသို့ရောက်သောအခါ ဘဝဟောင်းမှ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လှပသောမယားငယ်တို့ကို ကောင်းစွာမှတ်မိ၍ သူတို့အကြောင်းကို ပြောပြနိုင်၏။

သုတေသီတို့က အိမတ် ပြောပြသော ဘဝဟောင်းမှ အကြောင်းများကိုအသေးစိတ် စုံစမ်းလေ့လာကြည့်ရာ မှန်ကန်မှုရှိကြောင်းသိခဲ့ရသည်။ အတိတ်ဘဝက မသေမှီနောက်ဆုံး ပြောခဲ့သော စကားကိုပင် အိမတ်က ပြန်ပြောပြရာ ဘဝဟောင်းမှ ဆွေမျိုးများမှ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။

အတိတ်ဘဝက အကြောက်တရား

အိမတ်သည် ဘတ်(စ်)ကားမြင်လျှင် ကြောက်တတ်လေ့ရှိ ရာ သူ၏အတိတ်ဘဝက ဘတ်(စ်)ကားမှောက်၍ သေဆုံးခဲ့ကြောင်း သိရ၏။

အတိတ်ဘဝက ပါရမီ

အိမတ်၏ မိဘအသိုင်းအဝိုင်း၌ ပြင်သစ်စကားကို တတ်မြောက်သူမရှိသော်လည်း ကလေးဘဝမှာပင် ပြင်သစ်ဘာသာစကားကို လျင်မြန်စွာတတ်မြောက်ခဲ့ကာ ထူးချွန်သော အိမတ်သည် ဘဝဟောင်းက ပြင်သစ်စစ်တပ်တွင် အမှုထမ်းဖူး၍ ပြင်သစ်စကားကို ကောင်းစွာပြောတတ်သူဖြစ်ကြောင်း သိခဲ့ရသည်။

အတိတ်ဘဝက ဝါသနာ ယခုဘဝအထိပါ

ငယ်ငယ်ရွယ်ရွယ်နှင့် တောထွက် အမဲလိုက်ခြင်းကို စိတ်အားထက်သန်နေသော အိမတ်သည် သူ၏ ဘဝဟောင်းက လည်း အမဲလိုက်ခြင်းကို အလွန်ဝါသနာပါခဲ့ကြောင်း ပြောပြခဲ့သည်။

ဘဝဟောင်းက အထုံဝါသနာ နှင့် ယခုဘဝ

သုတေသီများ၏အဆိုအရ ကလေးသူငယ်များ၏ အထုံဝါသနာသည် ရှေးဘဝဟောင်းနှင့်ဆက်စပ်နေတတ်၏။ ဘာသာရေး၌ စိတ်ဝင်စားသော ကလေးငယ်များမှာ ဘဝဟောင်းကဘုရားတရားကြည်ညိုသော သူများဖြစ်နေကြ၏။

မြွေများကို မကြောက်ဘဲစိတ်ဝင်စားသောကလေးတစ်ဦးမှာ ယခင်ဘဝက သူခိုးလူဆိုးများရန်မှ ကာကွယ်ရန် အိမ်တွင် မြွေဟောက်တစ်ကောင်မွေးခဲ့ဖူးသော အမျိုးသမီးတစ်ဦးဖြစ်ခဲ့ဖူးကြောင်းသိရ၏။

ဘဝဟောင်းက အကြိုက်နှင့်ယခုဘ၀ အကြိုက်

လူဝင်စားမှုများ၌ ကလေးသည် အချို့သောအစားအသောက်များကို ခုံမင်နှစ်သက်၍ အချို့ကို ရွံမုန်းခြင်းများ မှာလည်း ဘဝဟောင်းက လက္ခဏာအခြင်းအရာများနှင့်တူ၏။ အရက်သောက်ချင်သော ကလေးသုံးယောက်နှင့် ဆေးလိပ်သောက်ချင်စိတ်ပြင်းပြနေသော ကလေးတစ်ဦးမှာ ယခင်ဘဝက အလွန်အရက်ကြိုက်သော သူများနှင့် ဆေးလိပ်ကြိုက်သူတို့ ဖြစ်နေကြ၏။

သုတေသီများ၏ တွေ့ရှိချက်များကို ထောက်ရှုရသော် အချို့ကလေးများသည် အတိတ်ဘဝကို လုံးဝမမှတ်မိစေကာမူ သူတို့၏ ထူးခြားသော ဝါသနာများ၊အစွဲအလမ်းများမှာ ဘဝဟောင်းမှ ပါလာသော ဝါသနာများဖြစ်ပေလိမ့်မည်။

မိဘနှင့် ပတ်ဝန်းကျင်၏ လွမ်းမိုးမှု

မိဘများနှင့်ပတ်ဝန်းကျင်၏ သြဇာလွမ်းမိုးမှုမှာ ကြီးမားလှသည်မှန်၏။ သို့ရာတွင် ဤနေရာ၌ မိဘများနှင့် ပတ်ဝန်းကျင်မှ တိုက်တွန်းမှုကြောင့် စိတ်ဝင်စားလာသော ဖြစ်ရပ်များကို မဆိုချေ။

ကန့်ကွက်တားမြစ်နေသည့်ကြားမှ ထူးချွန်အောင်မြင်ကြသူများ

နာမည်ကျော် ဂျာမန်ဂီတပညာရှင် ဂျော့ဖရီဒရစ်ဟင်ဒယ်(Frederick Handel) သည်မိဘဆွေမျိုးများက ဂီတကို လုံးဝစိတ်မဝင်စားသည့်အပြင် ဆရာဝန်ဖြစ်သူ ဖခင်သည် ဂီတနှင့်ပတ်သက် ၍ တင်းတင်းကျပ်ကျပ်ပိတ်ပင်တားမြစ်ခဲ့သော်လည်း ဟင်ဒယ်သည် အနုပညာလောက တွင် အောင်မြင်ကျော်ကြားခဲ့၏။

ဖလော်ရင့်နိုက်တင်ဂေးသည် ကလေးဘဝကပင် သူနာပြုလုပ်ငန်းကို စိတ်ဝင်စား၍ မိဘဆွေမျိုးများ ပိတ်ပင်နေသည့်ကြားမှ ဆန့်ကျင်ကာ သူနာပြုဆရာမအဖြစ် ထင်ရှားလာခဲ့သည်။

ဘဝဟောင်းက ပါရမီလော

ကလေးဘဝ၌ အတတ်ပညာတခုခု(ဥပမာ အားကစား၊ ဂီတ၊ ပန်းချီ၊စာပေ)အား မိဘဆွေမျိုးများက အားမပေးသည့်ကြားမှပင် အထူးတလည် အားစိုက်သင်ကြားစရာမလိုဘဲ အလွယ်တကူ ကျွမ်းကျင်တတ်မြောက်ကြသူများကို ကျွနုပ်တို့ ပတ်ဝန်းကျင်၌ လည်းတခါတရံတွေ့နိုင်ပေသည်။ သူတို့သည် ဘဝဟောင်းကို လုံးဝမမှတ်မိကြပါ။

သို့ရာတွင် မျက်မှောက်၌ အကြောင်းတရားရှာမရအပ်သော သူတို့၏ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်လိမ္မာမှုတို့သည် ဘဝဟောင်းက ပါလာသည်ဟုယူဆဖွယ်ရှိနေ၏။

အတိတ်ပါရမီနှင့်လိုက်ဖက်သော ကမ္မဋ္ဌာန်းတရား

ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါက ရဟန်းငယ်တစ်ပါးသည် အသုဘကမ္မဋ္ဌာန်းကို ဝါတွင်း ၃လ ကာလပတ်လုံးတင်မက တန်ဆောင်မုန်းလပြည့်နေ့အထိ ပွားများသော်လည်း တရားတိုးတက်မှုမရှိချေ။

လက်ယာတော်ရံ အရှင်သာရိပုတ္တရာက မြတ်ဗုဒ္ဓထံချဉ်းကပ်ပြီး ထိုရဟန်းငယ်အတွက် ကမ္မဋ္ဌာန်းတောင်းပေးရာ…….ဗုဒ္ဓမြတ်စွာသည် ပဒုမ္မာကြာညိုပန်းတစ်ပွင့် ကို ဖန်ဆင်းတော်မူပြီး ထိုရဟန်းငယ်အားပေးဧ။်။

ထို့နောက်ဗုဒ္ဓသည် ရဟန်းငယ်အား ဇေတဝန်ကျောင်းဧ။်အနောက်တောင်ထောင့်ရှိ ရေကန်အနီးတွင် ကသိုဏ်းဝန်းအဖြစ် ပဒုမ္မာပန်းပွင့်ကိုကြည့်ရှုရင်း နီလကမ္မဋ္ဌာန်းကို အာရုံစိုက် ရှုမှတ်ပွားများရန် မှာကြားလိုက်၏

ထိုရဟန်းငယ်သည် မြတ်ဗုဒ္ဓချီးမြှင့်လိုက်သော ပဒုမ္မာကြာပွင့်နှင့် ကမ္မဋ္ဌာန်းအားပွားများရာ ထိုနေ့ နေမဝင်မှီတွင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်စခန်းသို့ တက်လှမ်းနိုင်လေတော့ဧ။် ။ ဤရဟန်းငယ်သည် အတိတ်က ဘဝပေါင်း၅၀၀ တိုင်အောင် ရွှေပန်းထိမ်သားဖြစ်ခဲ့သဖြင့် ရွှေပန်းရွှေခက်များ ထုလုပ်ခြင်းတွင် အထုံပါရမီ ရင့်သန်ကြောင်းကို မြတ်ဗုဒ္ဓသည် သိမြင်တော်မူ၍ ထိုရဟန်းငယ်ဧ။် ပါရမီနှင့် လိုက်ဖက်သော ကမ္မဋ္ဌာန်းအား ရှုပွားစေသောကြောင့် အချိန်တိုအတွင်း တရားထူးရသွားခြင်းဖြစ်သည်။

မင်းလှမြို့က လူဝင်စားမှု

မင်းလှမြို့မှ မောင်သာလှ သည် သူ၏မိဘများနှင့် ဧည့်သည်များက ကြို့ကုန်းရွာ၊ရွှေကျင်ကျောင်းတိုက်မှ ကြေးစည်ကြီးတစ်လုံး ပျောက်သွားကြောင်းပြောဆိုနေသည်ကို ကြားမိသောအခါ မောင်သာလှမှာ မနေနိုင်တော့ဘဲ…..

“အဲဒါ…သား..အရင်တုန်းက.. လှူခဲ့တဲ့ ကြေးစည်ပဲ” ဟုကြားဖြတ်ဝင်ပြောလေ၏။

“ပေါက်ပေါက်ရှာရှာ…. အဲဒါအပျိုကြီး ဒေါ်ရွှေမယ်လှူခဲ့တဲ့ကြေးစည်ပါ…ဟဲ့…ကောင်လေးရဲ့..”

“ဟုတ်တယ်လေ၊ ဒေါ်ရွှေမယ်ဖြစ်တုန်းက သား…လှူခဲ့တာလေ…”

ထိုအခါ လူမမယ်အရွယ် မောင်သာလှလေးအား မိဘနှစ်ပါးနှင့် ဧည့်သည်များက တအံ့တသြကြည့်မိကြကုန်၏။

ဘဝဟောင်းက ဆွေမျိုးများနင့် တွေ့ဆုံခြင်း

ဒေါ်ရွှေမယ်၏ ဆွေးမျိုး၊ မိတ်ဆွေများက ဤအကြောင်းကို ကြားသိရသောအခါ လူဝင်စား မောင်သာလှကို လာကြည့်ကြ၏။ ယခု မောင်သာလှ ဘဝ၌ တခါမှ မမြင်ဖူး၊ မကြားဖူးသော ဒေါ်ရွှေမယ်၏ ဆွေးမျိုးများကို လူမမယ်လေး မောင်သာလှက နာမည်များပြောပြနိုင်သည့်အပြင် မည်သို့ ဆွေမျိုးတော်စပ်ခဲ့ပုံကိုလည်းပြောပြ၏။ မောင်သာလှသည် ဘဝဟောင်းမှ ဆွေးမျိုးများနှင့် ပြန်ဆုံရသဖြင့် ကျေနပ်ပျော်ရွှင်နေလေ၏။

ဘဝဟောင်းအကြောင်းပြောပြသော မောင်သာလှ

ဘဝဟောင်းက ဒေါ်ရေ့ွှမယ်အိမ်သို့ ခေါ်သွားသောအခါ သူပိုင်ဆိုင်ခဲ့ဖူးသော ပစ္စည်းများကို ခွဲခြားပြသည့်အပြင်၊ သူလှူဒါန်းခဲ့ဖူးသော အလှူများအကြောင်း၊ သူ့မိတ်ဆွေဟောင်းများအကြောင်း ပြောပြလေသဖြင့် ဘဝဟောင်းမှ ဒေါ်ရွှေမယ်၏ အမျိုးများမှာ လူဝင်စား မောင်သာလှ လေးကိုဒေါ်ရွှေမယ်အမှတ်ဖြင့် အချစ်ကြီးချစ်မိလေတော့၏။

ဒါန၊ သီလဟူသော ကံမျိုးစေ့နှင့် စိတ်ဆန္ဒ

ဒေါ်ရွှေမယ်ဘဝက အလှူအတန်း၌ ဝါသနာထုံသည့်အလျောက် ငါးပါးသီလမြဲပြီး နေ့စဉ်ဆွမ်းလောင်းခြင်း၊ ဆင်းရဲသူများအားပေးကမ်းခြင်း၊ ဧက၂၀ လယ်မြေအား ဘုန်းကြီးကျောင်းအတွက် လှူဒါန်းခြင်း စသည့်ကုသိုလ်များစွာအား ပြုခဲ့၏။ အလှူဒါနများ ပြုပြီး တိုင်း နောင်ဘဝတွင် သာသနာ့အကျိုးအား ထမ်းရွက်ရသော ၊ဉာဏ်ပညာကြီးသောယောကျ်ားဘဝအား ဆုတောင်းခဲ့ကြောင်း ဆွေမျိုးများနှင့် ရွှေကျင်ကျောင်းဆရာတော်တို့ထံမှ သိရှိခဲ့သည်။

ဘဝဟောင်းက ချခဲ့သော ကံမျိုးစေ့ အကျိုးပေးပြီ

ဒေါ်ရွှေမယ်သည် အသက်၆၀၌ ကွယ်လွန်ပြီး နောက်တနှစ်ခန့်အကြာတွင် မောင်သာလှ အားမွေးဖွားခဲ့၏။ ဒေါ်ရွှေမယ်ဘဝက ဆန္ဒပြင်း ပြ၍တောင့်တ ခဲ့သည့်လျောက် ယခုမောင်သာလှ ဘဝ၌ပညာအလွန်ထူးချွန်ပြီး၊ လေးတန်းတွင် စကောလားရှစ်ဆု၊ သတ္တမတန်းတွင် စကောလားရှစ်ဆု၊ ဆယ်တန်းအောင်သောအခါတွင် လည်းကောလိပ်ဂျင် စကောလားရှစ်ဆုကို ထူးချွန်စွာ ရခဲ့၏။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO)မှ ချီးမြှင့်သော စကောလားရှစ်ဆုရရှိပြန်ကာ မဒရတ်တက္ကသိုလ်မှ DVDဘွဲ့ နှင့် လန်ဒန်တက္ကသိုလ်မှ MBBS ဘွဲ့တို့ကို ရရှိခဲ့၏။

အတိတ်ဟောင်းက ကံမျိုးစေ့နှင့် စိတ်ဆန္ဒ

ဒေါ်ရွှေမယ်ဘဝက ပြင်းပြသောဆန္ဒရှိခဲ့သည့်အတိုင်း ယခု မောင်သာလှဘဝတွင် ဆရာဝန်ဖြစ်စမှာပင် ကမ္ဘာအေးကုန်းမြေ၌ ဆရာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကိုယူရန် ကံအကြောင်းသင့်၍ တာဝန်ပေးအပ်ခြင်းကို ဝမ်းပန်းတသာ ထမ်းရွက်ခဲ့၏။

မန္တလေးသို့ပြောင်းရွှေ့သောအခါတွင်လည်း သံဃာတော်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် ကံအကြောင်းလှစွာ ထပ်မံတာဝန်ပေးအပ်ခြင်းအား ဝမ်းမြောက်စွာ ခံယူထမ်းရွက်ပြန်၏။

စွန်းလွန်းဆရာတော်ဘုရား လောင်းလျာဘဝ

စွန်းလွန်းဆရာတော် ဘုရားသည် လည်း အတိတ်ဘဝတစ်ခုက… သထုံဘုရင်မနူဟာမင်းဆည်းကပ် ကိုးကွယ်သော ဗားမဲ့ဆရာတော်ဖြစ်ခဲ့ဖူးကြောင်း စွန်းလွန်းဆရာတော်ဘုရားကြီး၏ ထေရုပတ္တိစာအုပ်၌ မှတ်သားခဲ့ရဘူး၏။

မဟာစည်ဆရာတော်ပြောသော သံဝေဂရဖွယ် လူဝင်စားမှု

အာရှနိုင်ငံများတွင်သာမက အနောက်ဥရောပနိုင်ငံများအထိပါ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကြောင့် နေလိုလလို ထင်ရှားတော်မူသော မဟာစည်ဆရာတော်ဘုရားကြီး ၏ “ဓမ္မစကြာတရားတော်ကြီး” စာအုပ်၌ သံဝေဂရဖွယ်ကောင်းသော လူဝင်စားမှုတစ်ခုကို ဖော်ပြပါအံ့။

စကားမပြောသော ကလေးငယ်

တောင်တွင်းကြီးမြို့ရှိစာရေးကြီးလင်မယားတို့တွင် သားယောကျ်ားလေးတစ်ဦး ရှိ၏။ သို့သော် အသက် ၅နှစ်အရွယ်တိုင်အောင် ကလေးငယ်မှာ စကားမပြောချေ။ တနေ့တွင်…ဖခင်ဖြစ်သူက လိုချင်တာတွေဝယ်ပေးပါမည်…စကားတစ်ခွန်း..တော့ အဖေ့ကိုပြောပါဟု ၅နှစ်သားလေးအား ချော့မော့၍ တိုက်တွန်းလေ၏။

ဆပ်စရာ ရှိသော ဆန်တစ်စလယ် အကြွေး

ထိုအခါ ကလေးငယ်ပထမဆုံး..စပြောလိုက်သည်မှာ…. “ငညိုဆန်တစ်စလယ်” ဟူသော စကားပင်ဖြစ်၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောသဖြင့် ဝမ်းသာအားရဖြစ်ကာ …

.”ငါ့သား…မင်းစကားသာပြောမယ်ဆို …အဖေက ဆန်တစ်စ လယ်…မှ မဟုတ်ဘူး…ဆန်တစ်အိတ်ဆိုလဲ…ပေးမယ်ကွာ” ဟု ဆိုလေရာ..သားဖြစ်သူက ဖခင်အား တောင်တွင်းကြီးမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် ချောင်းရိုးရွာရှိ မောင်ညိုဆိုသူထံ ဆန်အိတ်တစ်အိတ် ပို့ခိုင်းလေ၏။

အကြွေးရှင်နှင့်တွေ့ဆုံခြင်း

ချောင်းရိုးရွာရှိ မောင်ညိုနေထိုင်ရာ အိမ်သို့ အရင်တုန်းက အကြိမ်ကြိမ်လာခဲ့ဖူးသည့်အလား တလမ်းလုံးရှိ လမ်းလိမ်၊လမ်းကောက်များအား ၅နှစ်သားကလေးက ဦးဆောင်လမ်းညွှန်ပြသွားခဲ့၏။ ဖခင်မှာ သားဖြစ်သူ စကားစပြောတာကိုပင် အလွန်ကျေနပ်ဝမ်းမြောက်နေ၏။

သည်လိုနှင့် သိပ်မကြာမှီ မောင်ညိုအိမ်သို့ ရောက်လာလေသည်။ မောင်ညိုအရွယ်မဟုတ်တော့ပေ။ အသက်အရွယ်ထောက်သော် ဦးညိုဟုခေါ်ထိုက်နေပြီ။

ကလေးငယ်က ဦးညိုကို တွေ့လိုက်သည်နှင့်…. “ဟေ့…. ငညို..ငါ့ကိုမှတ်မိသေးရဲ့လားကွ”ဟု တရင်းတနှီး နှုတ်ဆက်လေ၏။ ထိုအခါ ကလေးဖခင် စာရေးကြီးက ဦးညိုအား တောင်းပန်စကားဆိုကာ.. သားဖြစ်သူ၏ ထူးခြားသည့်အကြောင်းများ၊ သားဖြစ်သူက ဦးညိုအား ဆန်တစ်စလယ် ပေးစရာရှိသည်ဆို၍ ခေါ်ခဲ့ရကြောင်း၊ ကလေးမှာ ယခုမှပင် စကားစပြောတာဖြစ်ကြောင်းရှင်းပြလေ၏။

ကြက်ဘဝက အသတ်ခံရခြင်း

ကလေးက…”ငညို၊ မင်းငါ့ကိုမမှတ်မိတော့ဘူူးပေါ့လေ၊ ငါ ဘဆိုင်လေကွာ၊ မင်းဆီက ငါဆန်တစ်စလယ်ချေးခဲ့တယ်၊ မင်းကိုပြန်မဆပ်ခင် ငါပိုးထိပြီးသေခဲ့တယ်၊ သေခါနီး မင်းကို ဆန်အကြွေးဆပ်ဖို့ငါသတိရမိသေးတယ်၊ သေပြီးနောက် မင်းအိမ်မှာတိုက် ကြက်ဖဖြစ်ခဲ့ရတယ်၊ ငါက မင်းအနိုင်ရဖို့ ၃ ကြိမ်တိုင်တိုင် အနိုင်ခွပ်ပေးခဲ့တယ်၊ ၄ ပွဲမြောက်တော့ ငါ့ထက်ကြီးတဲ့ကြက်ဖနဲ့တွေ့တော့ ငါမတတ်သာတော့ရံှုးခဲ့ရတယ်၊ ရှုံးလို့ဆိုပြီး စိတ်ဆိုးဆိုးနဲ့မင်းက ငါ့ကို ရိုက်သတ်ခဲ့တယ်။”

နွားဘဝက အသတ်ခံရခြင်း

“သေခါနီး အသက် ငင်နေတုန်း မင်းအိမ်ကနွားမကြီးက ငါ့ကို လာနမ်းတယ်၊ ကြက်ဘဝကသေတော့ အဲဒီနွားမ ရဲ့သမီး..နွားမကလေးဖြစ်လာရတယ်၊ နွားအရွယ်ရောက်လာတော့ မင်းနဲ့ မင်းသူငယ်ချင်းတွေက ငါ့အသား ကိုစားဖို့ သတ်လိုက်ကြတယ်၊”

လူ့ဘဝပြန်ရပြီ

“ ငါသေခါနီးဝေဒနာတွေနဲ့ အသက်ငင်နေတုန်း အခု ငါ့အဖေဖြစ်တဲ့စာရေးကြီးနဲ့ ငါ့အမေတို့ ငါ့အနား ရောက်လာပြီး ငါအသတ်ခံရတာကို စိတ်မကောင်းကြောင်း၊ သူတို့နွားဆို သတ်ရက်မည်မဟုတ်ကြောင်း ဝမ်းနည်းစကားတွေပြောသွားခဲ့တာကို ငါကြားလိုက်ရတယ်။

အခု ငါသူတို့ သားဖြစ်နေပြီ။ မင်းရဲ့ ဆန်အကြွေးဆပ်ဖို့ အခွင့်အရေးရလာ လို့ လာဆပ်တာပါကွာ”

လူမိုက်ကြီးရဲ့နောင်တ

ဦးညိုမှာ နားထောင်ရင်း မိတ်ဆွေဟောင်းကြီး ဘဆိုင်နှင့် ပတ်သတ်ခဲ့သော ရှေးဟောင်းနှောင်းဖြစ်များ၊ မိမိ၏ ရက်စက်မှုများ၊ စိတ်လိုက်မာန်ပါ လုပ်ခဲ့ပုံများ၊ ကံ၏ဆန်းကြယ်ပုံများ ကို တရေးရေးတွေးမိပြီး ငိုးကြွေးမိလေတော့၏။

စာရေးကြီးသည်လည်း မိမိ၏သားစကားမပြောခဲ့သည့်အကြောင်းရင်းများ၊ ဆန်တစ်စလယ်မျှ လောက် အကြွေးယူခဲ့သည်ကိုပင် စိတ်စွဲ၍ သေဆုံးခဲ့သည့် ဦးဘဆိုင်၏ ဘဝကံအကျိုးပေးအကြောင်းများ ကိုတွေးမိကာ စိတ်မကောင်းဖြစ်ပြီး မျက်ရည်များစို့လာလေ၏။

အတိတ်ဘဝကို မှတ်မိခြင်း

လူဝင်စားများသည် စကားပြောတတ်စ ကလေးငယ်ဘဝမှစ၍ ၁၀နှစ်ခန့်အရွယ်ထိ အတိတ်ဘဝအကြောင်းကို ပြောဆိုတတ်ကြသည်မှာသဘာဝကျပေ၏။ ထိုအရွယ်သည် ဘဝင်စိတ်အစဉ်(ဝါ) မှတ်ဉာဏ်၌ အတိတ်အကြောင်းအရာများ ပူပူနွေးနွေး ရှိနေသေးသည့် အချိန်ဖြစ်၍ ယခုဘ၀ အတွေ့အကြုံကလည်း နည်းပါးနေသေးသောကြောင့် အတိတ်အကြောင်းကို မမေ့နိုင်သေးသော အချိန်ဖြစ်ပေ၏။

အချိန်ကြာလာလေ အတိတ်ဘဝကို မေ့သွားခြင်းအကြောင်း

အသက်၁၀ နှစ်ကျော်လာသောအခါ အပေါင်းအသင်းများ များပြားလာခြင်းနှင့် အတွေ့အကြုံသစ်များကြောင့် အတိတ်ဘဝအကြောင်းကို စိတ်ဝင်စားမှုလျော့လာပြီး တဖြည်းဖြည်းမေ့လျော့သွားတတ်ကြသည်။

အတိတ်ဘဝကို မမှတ်မိခြင်းအကြောင်း

ပြင်သစ်ပြည်၊ ပါရီမြို့တော်မှ လူဝင်စားမှုများကို စိတ်ဝင်စားကြသော ပညာရှင်များက လယ်တီဆရာတော်ဘုရားအား အတိတ်ဘဝကို လူတိုင်း မမှတ်နိုင်ရခြင်းအကြောင်းအားမေးမြန်းလျှောက်ထားဖူး၏။ လယ်တီဆရာတော်၏အဖြေမှာ….

(၁) အတိတ်ဘဝ၌ နေ့ရက် ရှည်ကြာစွာ အနာရောဂါဖိစီး၍ ကိုယ်အား စိတ်အား နွမ်းနယ်ကုန်ခမ်းပြီးမှ သေဆုံးခဲ့ရခြင်းအကြောင်း၊

(၂) ယခုဘဝတွင် အမိဝမ်း၌ သေးငယ်လှသော ကာလရေကြည် အဖြစ်မှ စ၍ နေ့ရက်ကြာညောင်းစွာ ကြီးထွားလာရသဖြင့် စိတ်အားသေးနုပ်မှေးမော၍ နေခဲ့ရခြင်းအကြောင်း
တို့ကြောင့်ဖြစ်ကြောင်းဖြေကြားတော်မူခဲ့၏။

စိတ်၏ဆန်းကြယ်မှု

နာမ်(စိတ်) သဘောတရား၏ ဆန်းကြယ်မှုများကို ရုပ်သဘောတရားများဖြင့် အဖြေရှာမရသည့်အတွက် နာမ်(ကံ) စွမ်းအားဖြင့် ဘဝကူးပြောင်းခြင်းကို နားလည်ရန် ခဲယဉ်းလှသဖြင့် တယူသန် ရုပ်ဝါဒီသမားများမှာ လက်ခံရန် ဝန်လေးလှ၏။

မြန်မာပြည်သူတွေအတွက်အဆန်းမဟုတ်

ဗုဒ္ဓဘာသာ ဝင်များဖြစ်ကြသော မြန်မာပြည်သူပြည်သားတို့သည် အတိတ်ဘဝများ မရေမတွက်နိုင်အောင်များပြားခဲ့ကြောင်းကို ဗုဒ္ဓ၏ တရားတော်၌ မကြာခဏ ကြားသိဖူးနေကြရာ လူဝင်စားသတင်းများသည် ထူးဆန်းသည်ဟုမထင်မှတ်ကြတော့ချေ။ အတိတ်ဘဝမရှိဟု ယုံကြည်ယူဆနေကြသော နိုင်ငံများ၌မူ အလွန်ထူးဆန်းသည်ဟု မှတ်ထင်ကြ၏။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၌ ဘရိုက်ဒီမာဖီ ကဲ့သို့သော အတိတ်ဘဝဇာတ်လမ်းများ စတင်ပေါ်ပေါက်သော အခါ၌ တနိုင်ငံလုံးက စိတ်ဝင်တစား အာရုံစိုက်ခဲ့ကြသည်။

ထပ်မံတွေ့ရှိသော လူဝင်စားအမှုများ

လူဝင်စားအမှုများကို စနစ်တကျ စုံစမ်းစစ်ဆေးရာ၌ သိပ္ပံပညာရှင်များကိုယ်တိုင် အသိအမှတ်ပြုလေးစားရသည့် ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခWilliam James နှင့် ဗားဂျီးနီးယားတက္ကသိုလ်မှ Dr. Ian Stevenson နှင့် အခြား ကမ္ဘာအရပ်ရပ်မှ ပညာရှင်သုတေသီများ မှ သုတေသနလုပ်ခဲ့ကြသည့်လူဝင်စားဖြစ်ရပ်များမှာ သောင်းဂဏန်းကျော်သို့ ရောက်လာပြီဖြစ်သည်။

အတိတ်ဘဝအတွက်သက်သေ အထောက်အထားများ

ပါမာက္ခ ဝီလျံဂျိမ်းပြောခဲ့သလို ကျီးဖြူတစ်ကောင်တွေ့လျှင် ကျီးအားလုံးမည်းပါသည်ဟူသော အယူအဆပျက်ပျယ်လေ၏ ယခုအချိန်အထိ တွေ့ရှိထားသော လူဝင်စားမှုများမှာ ဆယ်ဂဏန်းမျှသာမဟုတ် ရာဂဏန်းသာမက ထောင်ဂဏန်းကျော်၍ သောင်းဂဏန်းသို့ပင်ရောက်နေပြီ ဖြစ်သဖြင့် အတိတ်ဘဝရှိသည်ဟူသော သက်သေအထောက်အထားများမှာ ထပ်ထပ်တိုးလာဖို့သာရှိပေတော့သည်။

 

Tags: amazingknowledge
Next Post
မန္တလေးတောင်က မြန်မာ့ပုဂ္ဂိုလ်ကျော် ရသေ့ကြီး ဦးခန္တီ

မန္တလေးတောင်က မြန်မာ့ပုဂ္ဂိုလ်ကျော် ရသေ့ကြီး ဦးခန္တီ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!