Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စိတ်ဝင်စားစရာ မြန်မာ အင်္ဂလိပ် နေ့၊လ များ၏ အဓိပ္ပါယ်

by Thutamm
August 14, 2019
Reading Time: 1min read
0
စိတ်ဝင်စားစရာ မြန်မာ အင်္ဂလိပ် နေ့၊လ များ၏ အဓိပ္ပါယ်
Share on FacebookShare on Twitter

မူရင်းရေးသားသူ – ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)

နေ့အမည်များ၏အဓိပ္ပာယ်

အင်္ဂလိပ်နေ့များ

စာသင်ချိန်တခုတွင် ကလေးတယောက်က မရဲတရဲဖြင့်မေးသည်။ ကပ်သီးကပ်တတ် မေးခြင်း မဟုတ်ဘူးဟုလည်း စကားပလ္လင်ခံသည်။ မိမိကမေးခွင့်ပြုလိုက်သည်။ (စကတည်းကလည်း မေးခွင်ပြုထား ပါသည်။ မိမိအတွက်လည်းအကျိုးရှိ သူတပါးလည်းအကျိုးရှိရမည်ဟု ပြောထားသည်။) သူမေးသည်က Sunday, Monday ဟူသောအမည်တွေ မည်သို့ဖြစ်လာသနည်းဟု ဆိုခြင်းဖြစ်သည်။ မိမိလည်း မှတ်သားထားတာလေးတွေ ကြိုးစားဖြေလိုက်ရသည်။ လိုအပ်သည်များကိုလည်း ရှာဖွေပြီး တင်ပြလိုက် ပါသည်။

Sunday ဟူသော အဓိပ္ပာယ်မှာ နေနတ်သားကို အစွဲပြု၍ ခေါ်သောနေ့ ဖြစ်သည်။ Monday သည် လနတ်သမီးကို အစွဲပြု၍ ခေါ်သောနေ့ဖြစ်သည်။ Tuesday သည် ဂရိနတ်ဘုရား ဂျူပီတာ(Jupiter)ကို အစွဲပြု၍ခေါ်သောနေ့ဖြစ်သည်။ (Norse ဒဏ္ဍာရီလာ နတ်ဘုရား Týr(Mars) ဟုလည်း ဖော်ပြကြသည်)။ Wednesday သည် လေမုန်တိုင်းကို အစိုးရသော ဝိုဒင်(Woden) နတ်မင်းကို အစွဲပြု၍ ခေါ်သောနေ့ဖြစ်သည်။

Thursday သည်ဝိုဒင်၏ သားတော်ဖြစ်သော သောရ်(Thor) အမည်ရှိ မိုးကြိုးနတ်မင်းကို အစွဲပြုခေါ်သောနေ့ဖြစ်သည်။ Friday ကတော့ ဝိုဒင်၏ မိဖုရား ဖရစ်ဂါ (Frigga) နတ်သမီးကို အစွဲပြု ခေါ်သောနေ့ ဖြစ်သည်။ Saturday ကတော့ မျိုးစေ့ကို အစိုးရသော ဆက်တန် (Saturn) နတ်မင်းကို အစွဲပြု ခေါ်သောနေ့ ဖြစ်ပါသည်။

မြန်မာနေ့များ

မြန်မာအခေါ် တနင်္ဂနွေနှင့် တနင်္လာ ကိုတော့ ပါဠိမှ ပုဒ်ပျက်၍ ပြောင်းလဲ ခေါ်ဝေါ်သည်ဟု ဦးဖိုးလတ်က ဆိုထားသည်။ ကျန်သည့် ငါးနေ့ကိုတော့ သက္ကတမှ ဆင်းသက်လာသည်ဟု ဆိုသည်။

တနင်္ဂနွေ ကို ပုဂံကျောက်စာများ၌ “တန်နှင်ကုနယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ” ဟု ဖော်ပြထားသည်။ တန်နှင်သည် နေ့ ဟု အဓိပ္ပာယ်ရသည်။ “ကုနယ်၊ ကုနွေ၊ ကနွေ” သည် နေ ဟုအဓိပ္ပာယ် ရသည်။ ထို့ကြောင့် တန်နှင်ကုနှယ် သည် နေနေ့ ဟု အဓိပ္ပာယ်ရသော နေမင်းကို အစွဲပြုသော နေ့ဖြစ်ပါသည်။

တနင်္လာကို ပုဂံခေတ်တွင် “တန်နှင်လာ” ဟုဖော်ပြသည်။ “လာ” ဟူသည် ရှေးအခါက လ ဟောသော ပုဒ်ဖြစ်သည်။ ဒါ့ကြောင့် တနင်္လာ ဆိုသည်မှာ နေ့လ သို့မဟုတ် လမင်းနေ့ ဟု အဓိပ္ပာယ်ရ၍ လမင်းကို အစွဲပြု ခေါ်သော နေ့ဖြစ်ပါသည်။

အင်္ဂါနေ့ကိုတော့ ရှေးကျောက်စာများတွင် “အင်္ကာ၊ အင်ကာ၊ အင်္ဂါ” ဟူ၍ တွေ့ရသည်။ “အင်္ဂါရ” ဟူသော သက္ကတစကားမှ လာသည်ဟု ဆိုသည်။ မီးကျီးမီးခဲ ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် အင်္ဂါသည် “မီးကျီးမီးခဲကဲ့သို့ နီရဲသော အဆင်းရှိသော ဂြိုဟ်” ဟု အဓိပ္ပာယ်ရ၍ အင်္ဂါဂြိုဟ်ကို အစွဲပြုခေါ်ဝေါ်သော နေ့ဖြစ်ပါသည်။

ဗုဒ္ဓဟူး နေ့ကို ကျောက်စာများ၌ “ပုတ္တ” ဟုတွေ့ရသည်။ “ပုတ္တ” မှ “ဗုဒ္ဓ” ဖြစ်လာသည်။ သက္ကတဘာသာ တွင် “ဗုဒ္ဓဒိန” ဟူ၍လည်းကောင်း “ဗုဒ္ဓဝါရ” ဟူ၍လည်းကောင်း ခေါ်ကြသည်။ ဗုဒ္ဓ၏ အနက်မှာ နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ် ဖြစ်သော လမင်း၏သား ဟူဆိုသည်။ ရာဇမတ္တဏ်ကျမ်းတွင် တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသားဟု ဖော်ပြသည်။ ဒိန နှင့် ဝါရ တို့အနက်သည် နေ့ ဖြစ်သည်။ ဗုဒ္ဓဝါရ တွင် “ရ” ကို ချေ၍ “ဗုဒ္ဓဝါ” မှ “ဗုဒ္ဓဟူး” ဖြစ်ပေါ်လာသည်။

ကြာသပတေးနေ့ ကိုတော့ ရာဇမတ္တဏ်ကျမ်းတွင် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ် “ကျာသပတေး” ကို အစွဲပြု ခေါ်ကြသည်။ ပုဂံကျောက်စာများတွင် “ကြာသပတိယ်” ဟု ဆင်တူသော အရေးအသားကို တွေ့ရသည်။

သောကြာ ကိုတော့ ပုဂံကျောက်စာများတွင် “သုကြာ” ဟုတွေ့ရသည်။ “သုကြာ” ဟူသောပုဒ်သည် သက္ကတဘာသာ “သုကြ” မှ ဆင်းသက်လာသည် ဟုဆိုသည်။ “သုကြာ” မှ သောကြာ ဖြစ်ပေါ်လာပုံကို ဦးဖိုးလတ်က အဆင့်ဆင့် ရှင်းပြထားသည်။ ဖြူစင်ထွန်းတောက်ခြင်းဟု အဓိပ္ပာယ် ရပါသည်။ ရာဇမတ္တဏ် ကျမ်းတွင်တော့ တေဇာပူရတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော “သောကြာ” မှ သောကြာ ဟု ခေါ်ကြောင်းဖော်ပြထားသည်။

စနေ ကိုတော့ ပုဂံကျောက်စာများတွင် “စနိဟ်” ဟုဖော်ပြထားသည်။ သက္ကတဘာသာ “ဂနိ” (ရှနိဟု ဖတ်ပါ) မှ ဆင်းသက်လာသည်ဟု ဦးဖိုးလတ်မှ ရှင်းပြထားသည်။ ဖြည်းညင်းစွာသွားခြင်းဟု အဓိပ္ပာယ်ရသည်။ ရာဇမတ္တဏ်ကျမ်းတွင် “စနေ” ကို “သနေ” ဟုဖော်ပြထားသည်။ သောရဌတိုင်း၊ ကာရအနွယ်၊ တနင်္ဂနွေဂြိုဟ်မင်း၏ မယား၊ ယသိဆာယာတွင် ဖွားမြင်သောသား “ဇပ္ပ” ကို အစွဲပြုခေါ်ကြောင်း ဖော်ပြထားသည်။

လအမည်များ၏အဓိပ္ပာယ်

နေ့အမည်တွေအကြောင်း ကိုးကားကောက်နုတ်ပြီး ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သဘောကျနှစ်သက်သည် ကြား၍ ဝမ်းမြောက်မိရပါသည်။ ခု လအမည်များ၏ အဓိပ္ပာယ်ကို ဖော်ပြလိုက်ပါသည်။

အင်္ဂလိပ်လများ

ဇန်နဝါရီလ ကို မျက်နှာနှစ်ဖက်ရှိသာ ကောင်းကင်ဘုံ၏ တံခါးဝကို စောင့်သည့် ဂျေနပ် (Janus) နတ်ကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်ပါသည်။ လက်တင်ဘာသာ JANUARIUS မှဆင်းသက်လာ၍ ပထမမြောက်လ ဟု အဓိပ္ပာယ်ရပါသည်။

ဖေဖော်ဝါရီလသည် မူရင်းအမည် Februo မှလာသည်။ သန့်ရှင်းစင်ကြယ်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ထို့ပြင် ဖေဖြူးဝါး ပြစ်ဒဏ်ကျခံပြီးဆုံးရာကာလ ဟုလည်း အဓိပ္ပာယ်ယူကြသည်။ လက်တင်ဘာသာ FEBRUARIUS MENSIS မှ ဆင်းသက်လာသည်။ ဒုတိယမြောက်လ ဖြစ်သည်။

မတ်လကိုတော့ Mars အမည်ရှိ စစ်ကိုအစိုးရသော ရောမနတ်ကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်ပါသည်။ လက်တင်ဘာသာ MARTIUS MENSIS ဖြစ်၍ အင်္ဂါဂြိုဟ်၏လ MONTH OF MARS စစ်ဘုရား၏လ ဟု အဓိပ္ပာယ်ရသည်။

ဧပြီလသည် Aperire မှ လာပါသည်။ လက်တင်ဘာသာဖြစ်ပြီး ဖူးငုံရာမှ ပွင့်လာခြင်းဟု အဓိပ္ပာယ် ရပါသည်။

မေလသည် Maia ဟူသည့် သီးပင်စားပင်မျာ ကြီးထွားခြင်းကို အစိုးရသော ရောမနတ်သမီးကို စွဲ၍ ခေါ်ခြင်းဖြစ်သည်။ မာရီယာ၏လ MARIA’S MONTH အဓိပ္ပာယ်ရှိသော လက်တင်ဘာသာ MAIUS MENSIS ၏ အတိုကောက် ဖြစ်သည်။

ဇွန်လသည် ဂျူပီတာနတ်မင်းကြီး၏ ကြင်ရာတော် Juno နတ်သမီးကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။

ဇူလိုင်လကို မူလက ကွင်းတီးလစ်ဟု ခေါ်သည်။ နောက်မှ ယခင်ပြက္ခဒိန်ဟောင်းအား ပြုပြင်ရေးဆွဲသူ Julius Caesar ကို ဂုဏ်ပြုကာ ဇူလိုင်လဟု ခေါ်ခြင်းဖြစ်သည်။

သြဂုတ်လကို မူလက ဆက္ကတီလစ်ဟု ခေါ်သည်။ နောက်မှ Augustus ရောမဘုရင်ကို ဂုဏ်ပြုကာ သြဂုတ်လဟု ခေါ်ခြင်း ဖြစ်ပါသည်။

စက်တင်ဘာလသည် Septem မှလာပြီး လက်တင်ဘာသာဖြင့် ၇(ခုနစ်) ဟု အဓိပ္ပာယ်ရပါသည်။

အောက်တိုဘာလသည် Octo မှလာပြီး လက်တင်ဘာသာဖြင့် ၈(ရှစ်) ဟု အဓိပ္ပာယ်ရပါသည်။

နိုဝင်ဘာလသည် Novem မှလာပြီး လက်တင်ဘာသာဖြင့် ၉(ကိုး) ဟု အဓိပ္ပာယ်ရပါသည်။

ဒီဇင်ဘာလသည် Decem မှလာပြီး လက်တင်ဘာသာဖြင့် ၁၀(တစ်ဆယ်) ဟု အဓိပ္ပာယ်ရပါသည်။

စက်တင်ဘာကို (၇)၊ အောက်တိုဘာကို (၈)၊ နိုဝင်ဘာကို (၉)၊ ဒီဇင်ဘာကို (၁၀) ဟု ဆိုရခြင်းမှာ မူလပြက္ခဒိန်တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ မပါသေးဘဲ၊ မတ်လမှ စ၍ ရေတွက်သော ကြောင့် ဖြစ်ပါသည်။

မြန်မာလများ

မြန်မာဆယ့်နှစ်လမှာတော့ တွေ့မိသမျှဖော်ပြလိုက်ပါသည်။

တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိသည်။ တစ်ခါတစ်ရံ ပျို့ကဗျာတို့၌ တာကူးလဟူ၍ ရေးသည်ကိုလည်း တွေ့ရသည်။ တာကူးဟူသော အရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းကို စွဲ၍ရေးသား ကြောင်း ဝေါဟာရလိနတ္ထဒီပနီကျမ်း ပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည် ။ ဤအဆိုကိုလိုက်၍ ဝေါဟာရ ၏ ဇာစ်မြစ်ကိုရှာဖွေ သူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟု ကြံဆကြသည် ။ သို့ရာတွင် ပုရံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသော အသုံးအနှုန်းနှင့် တန်ခူးဟူ သော အသုံးအနှုန်းသည် သူ့အဓိပ္ပါယ်နှင့်သူ တခြားစီ ဖြစ်သည်ဟု ဆိုသည် ။ “တာ” ဟူသည် အချိန်အခါ ၊ ရာသီဥတု ၊ နှစ်စသည် တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည် ။ ထို့ကြောင့် “တာကူးလ” သည် “နှစ်ကူးသောလ” ဟု အဓိပ္ပါယ်ရသည် ဆို၏ ။ တန်ခူးဟူသော ဝေါဟာရ၌ “တန် (ဝါ) တန်း” သည် ပါဠိ ကာလနှင့်အနက်တူ သော “ထန်း” ဖြစ်သည် ။ “ခူး” ကား “ဆွတ်ခူးသည်” ဟုအဓိပ္ပါယ်ရ သည် ။ ထို့ကြောင့် တန်ခူးလ ဆိုသည်မှာ ထန်းသီးဆွတ်ခူးသောလ ဟု မှတ်ယူရမည် ဆိုသည် ။

ကဆုန်လကို ပုဂံကျောက်စာတို့တွင် ကုဆုန်ဟူသော အရေးအပြင် ခူဆုန်၊ ခုဆုန်ဟူသော ကွဲလွဲချက်များတွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ်သည်။ `ကုဆုန်´ဟူသောစကား၌ `ကု´သည် `ရေ´ကိုဟော၏။ `ဆုန်´ကား `စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်း´ကိုဟောသည်။ ကု မှ က သို့ ရွေ့လျောသည် ။ အဓိပ္ပာယ်ကား ရေသွန်းလောင်းသောလ ဟူ၏။ လှေသင်းအတွင်းဝန်ကမူ ကဆုန်ကို ဝိဂြိုဟ်ပြုသောအခါ `ဥဒကံ၊ ရေကို၊ ဆိန္ဒတိ၊ ဖြတ်တတ်၏´ဟုဆို၍ ယင်းလကို ရေပြတ်သောလဟု အဓိပ္ပာယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို ပဓာနပြု၍ ဖွဲ့ဆိုကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းလောင်းခြင်းပင်ဖြစ်သည်ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ။

နယုန်လသည် မြန်မာလတွင် တတိယမြောက်လဖြစ်သည်။ ရှေးအခါက နံယုန်၊ နယုန်၊ နံမျုန် ဟုလည်း ရေးကြသည်။ ယခုအခါတွင်တော့ နယုန် ဟူ၍သာရေးကြတော့သည်။ နယုန်လဟူသော ဝေါဟာရ၏အနက်ကို ကြံဆရာ၌ `နံ´သည် အချိန်ကာလကို ဟောသောပုဒ်ဖြစ်သည်။ `ယုန်´ဟူသော ဝေါဟာရ၏ ဇာစ်မြစ်ကို မြန်မာစကားနှင့် အနွယ်တူသော တိုင်းရင်းသားဘာသာ စကားထဲတွင် လိုက်လံရှာဖွေကြည့်သောအခါ `ယုန်´ဟူသည် မိုးကိုလည်းကောင်း၊ စီးဆင်းခြင်းကိုလည်းကောင်း ဟောသည်ကို တွေ့ရသည်။ ထို့ကြောင့် နယုန်လဟူသည် မိုးရွာသောလကို ဆိုလိုသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ `နရယုဂ´မှ `နယုန်´ဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ ယုတ္တိမတန်ဟု ဦးဖိုးလတ်က ယူဆသည်။ `နရယုဂ´၏ အဓိပ္ပာယ်မှာ `ယောက်ျား၊ မိန်းမအစုံ´ဖြစ်၏။ သို့သော် နရယုဂသည် ပါဠိဘာသာစကားအရင်း မဟုတ်ပေ။

ဝါဆိုလဟူသောအမည်၌ ရှေးနှင့်နှောင်းပညာရှင်တို့ ဝိဝါဒကွဲပြားခြင်း မရှိချေ။ `ဝါ´ဆိုသည်မှာ ပါဠိ “ဝါသ´မှ တိုက်ရိုက်လာသောစကားဖြစ်၍ `နေခြင်း´ဟု အဓိပ္ပာယ်ရသည်။ `ဆို´ဟူသည်မှာ `ရွတ်ဆိုခြင်း´အနက်ရသည်။ မိုးတွင်း သုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသောလကို ဝါဆိုလဟုခေါ်သည်။ ပုဂံကျောက်စာ အဦးပိုင်းတွင် ဝါဆိုလကို `မလွယ်တာ´ဟူ၍လည်းကောင်း၊ `မြွယ်တာ´ဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်းတွင် `နွယ်တာ´ဟူ၍လည်းကောင်း၊ `နွေတာ´ဟူ၍လည်းကောင်း ရေးလာကြသည်။ အရင်းခံစကားဖြစ်သည်ကား `လယ်ယာမိုးမြေ´ကိုဟောသည်။ `တာ´ကား `တိုင်းတာခြင်း´ပင် ဖြစ်သည်။ လယ်ယာမြေတို့ကို တိုင်းတာသောလဟု အဓိပ္ပာယ်ရသည်။

ကျောက်စာတို့၌ ဝါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်းသည်။ ထို့ကြောင့် ဝါခေါင်လကို ယခုခေတ်သုံးစကားနှင့်ပင် ကြံဆ၍ရနိုင်သည်။ `ခေါင်´ဟူသော ဝေါဟာရသည် `အထက်၊ အလယ်၊ ဗဟို၊ အတွင်း´ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် `ဝါတွင်းသုံးလ၏ အလယ်´ဟု အဓိပ္ပာယ်ကောက်ယူနိုင်သည်။ ဝါခေါင်လသည် ဝါလယ်လပင်ဖြစ်၏။ လှေသင်းအတွင်းဝန်မင်းကမူ `ခေါင်´ကို `မိုးခေါင်သည်´(မိုးမရွာ) ဟူသော အနက်ကဲ့သို့ ကောက်ယူ၍ ဝါခေါင်ဆိုသည်မှာ ဝါမဆို၊ ဝါမကပ်၊ ဝါနှင့်ဝေးသည်ဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုသည်။ ဤလ၌ ဝါမကပ်ဟူသောသဘော သက်ရောက်သည်။ စင်စစ် ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ရဟန်းတော်တို့သည် ပစ္စိမဝါ ကပ်နိုင်သည်။ ဝါခေါင်လကို ကျောက်စာများ၌ `နံကာ´ဟု အရေးများသည်။ `နံ´ဟူသည် `အချိန်ကာလ´ကိုပြသည်။ `ကာ´ကို ကြံဆသောအခါ `လယ်လုပ်ငန်း´ဟု ပြဆိုသည်။ ထို့ကြောင့် `နံကာ´ ဟူသည် `လယ်လုပ်ချိန်၊ လယ်ထွန်ချိန်နှင့် ဆိုင်သော လ´ဟု အဓိပ္ပာယ်ရသည်။ ဝေါဟာရ လိနတ္ထဒီပနီ၌ကား `နံကာ´သည် နိက္ခမနိယဟူသော ပါဠိမှလာသည်ဟု ဆိုသည်။ အဓိပ္ပာယ်မှာ `နေသည် အတွင်းခရီးမှ အပြင်ခရီးသို့ထွက်ခြင်း´ဟု ဖြစ်၏။ သို့သော် ယုတ္တိမတန်လှပါ။

တော်သလင်းလ၏ဇာစ်မြစ်ကို သက္ကတ၊ ပါဠိ ဘာသာစကားတို့၌ လိုက်ရှာရန်မလိုတော့ချေ။ မြန်မာစကား သက်သက်နှင့်ပင် အဓိပ္ပာယ်ထွက်သည်။ `တော်´ဆိုသည်မှာ `မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊ အထက်ကောင်းကင်ဖြစ်သည်´ဟူ၍ လည်းကောင်း၊ `သလင်း´ဆိုသည်မှာ `သာလင်း´မှလာ၍ `သာယာထွန်းလင်းသည်´ဟူသော အဓိပ္ပာယ်ရှိသည်ဟု ကြံဆကြသည်။ သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသော အရေးအသားကို ပျို့ ကဗျာများ၌ တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရှင်တို့က `သစ်ဖောင်၊ ဝါးဖောင်များ စုန်ဆင်းသောလ´ဟု အဓိပ္ပာယ်ကောက်ကြ၏။ သို့ရာတွင် ဦးအောင်ကြီး၏ လူးတား၌ တိုင်လေးစင်၏ ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့် ပျော်ပွဲသဘင်ကို အခိုင်အမာဖော်ပြထားခြင်းကြောင့် `ပန်းလုသဘင်၊ သစ်ဆင်းရင်´သော ပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများက လက်ခံကြသည်။

သို့သော် ဤအဆိုကို လှေသင်းအတွင်းဝန်မင်းက သဘောမတူသည့်အပြင် တော်သလင်း၏ဇာစ်မြစ်ကို ကြံဆရာ၌ `ကောသိတုံအလံ´ဟူသောပါဠိမှ ဆင်းသက်၍ `တော်သလင်း´ဟူသောစကား ဖြစ်လာသည်ဟုဆို၏။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟု ခေါ်သည်။ ကန်ရာသီကား ကညာကိုစွဲ၍ ခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကို နှစ်သက် စေတတ်သည်။ ယင်းသို့ ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ `တောသ´ဟူ၍လည်းရှိသည်။ တောသမှ တော်သလင်းသို့ ရွေ့လျားသည်ဟု လှေသင်းအတွင်းဝန်က မိန့်ဆိုသည်။ သို့သော်လည်း ဤအဆိုမှာ အတွေးခေါင်လွန်းလှသည်။

သီတင်းကျွတ်လကို ပုဂံကျောက်စာတို့တွင် သီတင်းကျွတ်ဟူသော ဝေါဟာရကို မတွေ့ရဘဲ `သန်တူလ၊ သန္တူလ´ဟူ၍ တွေ့သည်။ အင်းဝခေတ်ကျောက်စာတို့တွင်မူ `သတင်းကျွတ်´ဟူ၍တွေ့နိုင်သည်။ လှေသင်းအတွင်းဝန်မင်းက `သီတင်းကျွတ်လဟုခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့အထိ သတင်းဝါလကျွတ်သောကြောင့် ခေါ်သည်´ဟု ရေးသားခဲ့၏။ ယင်းကို ဦးဖိုးလတ်က ထောက်ခံ၍ `သီတင်း´ ဟူသော ဝေါဟာရ၏အနက်မှာ နေထိုင်ခြင်းဖြစ်သည်။ ယင်းအနက်မှ `သီလကိုကျင့်သုံးဆောက်တည် နေထိုင်ခြင်း´ဟူသော အနက်သို့ ထပ်မံရွေ့လျောလာသည်ဟု ဆိုသည်။ ဤအနက်သည် ဝါကျွတ်ဟူသော အနက်နှင့်လည်း ကိုက်ညီသည်ဟု ဆိုသည်။ ရဟန်းတော်တို့ သီတင်းသုံး နေထိုင်ကြသည်မှာ အကျင့်သီလနှင့်တကွ နေထိုင်ကြသည်ဖြစ်ရာ သီတင်းသုံးခြင်းကို စွဲယူခြင်းမပြုဘဲ သီလကိုစွဲယူခြင်းပြု၍ သီတင်းကျွတ်ဟူသော အရေးအသားကို ယခုအခါ အတည်ပြုလာကြသည်။

ပုဂံကျောက်စာတွင်ရေးသားသော `သန်တူ´မှ `သန်´ကို `ကောက်ပင်´ဟု အဓိပ္ပာယ်ယူသည်။ `တူ´ကိုမူ မြန်မာစကားနှင့်နှီးနွယ်သော အခြားဘာသာစကားတို့မှ အရင်းအမြစ်ကိုလိုက်၍ `ထူသည်၊ ထောင်သည်၊ ပေါက်ပွားသည်´ဟူသော အနက်ကိုယူသည်။ ထို့ကြောင့် `သန်တူလ´ဆိုသည်မှာ `ကောက်ပင်များထွက်၍ ထောင်မတ်လာသောလ´ဟု အဓိပ္ပာယ်ရသည်။ လှေသင်းအတွင်းဝန်ကမူ `သန်´သည် `ဝသန္တ´မှလာ၍ `မိုး´ကိုဟောသည်၊ `တူ´ကား `တူရာသီ´ကိုရည်ညွှန်းသည်၊ ထို့ကြောင့်အဓိပ္ပာယ်မှာ `ဝသန ္တဥတု၊ တူရာသီ´ဖြစ်သည်ဆို၏။ ဤအဆိုကို ဦးဖိုးလတ်က လက်မခံချေ။

တန်ဆောင်မုန်းလကို ရှေးက တန်ဆောင်မှုန်းဟူ၍ မီးရှုးမီးတိုင် ထွန်းလင်းတောက်ပသည်ကို အကြောင်းပြု၍ ရေးသားကြသည်ဟုဆိုသည်။ `တန်ဆောင်´ကား `မီးရှူးမီးတိုင်တို့မှပေးသော အလင်းရောင်´၊ မုန်း နှင့် မှုန်း ဝေါဟာရက `မှုန်း´သည် `ထွန်းလင်းတောက်ပစေသည်´ဟု အဓိပ္ပာယ်ရကြောင်း ဦးဖိုးလတ်ကဖွင့်ဆိုသည်။

နတ်တော်လကား နတ်ကိုပူဇော်သောလဖြစ်သည်။ စကားဇာစ်မြစ်တို့ကို စစ်ဆေးရာတွင် ရှေးခေတ်နှင့် နှောင်းခေတ် သဘောထားကွဲပြားခြင်းမရှိဘဲ မည်သည့်နတ်ကို ကိုးကွယ်သည်ဆိုရာ၌ အယူအဆ နှစ်မျိုးရှိသည်။ လှေသင်းအတွင်းဝန်က နတ်တော်လတွင် မဟာပိနဲ္နနတ်မင်းအား ပူဇော်ပသည်ဟု ပထမဆို၏။ တစ်ဖန် မဟာဂီရိ နတ်မောင်နှမအား ပူဇော်ပသသည်ဟု ဒုတိယစကားကို ဆိုပြန်သည်။ ဤအချက်ကို ဝိဝါဒကွဲပြားအောင် ဦးဖိုးလတ်ကရှင်းပြရာတွင် မင်းမဟာဂီရိနတ်မောင်နှမကို ပူဇော်သည်ကား အရင်းခံဖြစ်သည်။ ယင်းသို့ပူဇော်သည့်အခါ လူတို့က နှစ်စဉ် ကြက်၊ ဝက်၊ ဆိတ်၊ နွားတို့၏ အသက်ဖြင့် သတ်ဖြတ်ပူဇော်လေ့ရှိသည်။ ဟံသာဝတီ ဆင်ဖြူရှင် လက်ထက်သို့ ရောက်သောအခါ ယင်းသို့ပူဇော်ခြင်းသည် သာသနာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဆိုကာ ပိတ်ပင်သည်။ ထိုအခါ မဟာပိနဲ္နနတ်ကို ရထားတင်ဆွဲ၍ ပူဇော်စေသည် ဟူ၍ ဖြစ်လေသည်။

ပြာသိုလဟုခေါ်ဆိုရခြင်း အရင်းအမြစ်ကို စိစစ်သော် ပ္လသိုဝ် – ပ္လာသိုဝ် – ပြသိုဝ် – ပြာသိုဝ် စသည်ဖြင့် ပြာသိုသို့ဆင်းသက်လာသည်ဟု အလွယ်နှင့် ပြဆိုနိုင်သော်လည်း ထိုဝေါဟာရကို ခွဲခြမ်းကြည့်ရာ၌မူ လွန်စွာ ခက်ခဲသည်။ `ပ္လာသိုဝ်´၌ ပါသော `ပ္လာ´ သဒ္ဒါကို မြန်မာနှင့်နွယ်တူသော ဘာသာစကားတို့တွင် လိုက်လံရှာဖွေရာ `ပျားဖယောင်း´ဟူသော ပုဒ်ရင်းကိုရ၏။ `သို´၏ အနက်ကား `သိုလှောင်ခြင်း`ဖြစ်သည်။ ထို့ကြောင့် `ပြာသိုလ´ဟူသည် `ပျားဖယောင်းကိုစု၍ အရဆုံးလ´ဟု အဓိပ္ပာယ်ရကြောင်း ဦးဖိုးလတ်က ဆိုသည်။ လှေသင်းအတွင်းဝန်မင်းကမူ ပြာသိုလသည် သက္ကတ `ပေါသျှီ´မှလာသည်။ `ပေါသျှီ´ကား ဖုသျှနက္ခတ်ဖြစ်၏။ ပြာသိုလ၊ မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်၍ လပြည့်သည်ကို အကြောင်းပြုလျှက် ပြာသိုဟု ခေါ်ကြောင်းဖွင့်ဆိုသည်။

တပို့တွဲလဟူသော ဝေါဟာရ၌ပါသည့် `တ´မှာ `ထန်း´ကို ဟောကြောင်းအထက်တွင်ဆိုခဲ့ပြီးဖြစ်၍ ဦးဖိုးလတ်က `တပို့´မှာ `ထန်းပို့´ဖြစ်၍ ထန်းဖူး၊ ထန်းခိုင်ဟု အဓိပ္ပာယ်ရသည်။ `တွဲ´ကား မြန်မာစကား သက်သက် `တွဲကျခြင်း´ကို ဟောသည်။ ထို့ကြောင့် တပို့တွဲလဟူသည် ထန်းဖူး၊ ထန်းခိုင်တို့ကို အောက်သို့ တွဲကျအောင်ပြုလုပ်ခြင်းဖြစ်၍ `ထန်းရည်နင်းလ´ ဟု အဓိပ္ပာယ် ရကြောင်းဖွင့်ဆိုသည်။ ဝေါဟာရတ္ထ ပကာသနီကျမ်း၌ ဒုတိယကျော်အောင်စံထား ဆရာတော်က တပို့တွဲမှာ လယ်ယာလုပ်သားတို့ ထမ်းပိုးကို ဆွဲထားသော်ဟူသော အနက်မှလာသည်ဟု ဆိုသည်။

လှေသင်းအတွင်းဝန်ကမူ ဤအဆိုကိုပယ်၍ တပို့တွဲသည် ပါဠိ၊ သက္ကတ၌ရှိသော `ပူပန်ခြင်း´အနက်ရှိသည့် `တပါ´သဒ္ဒါမှလာသည်ဟူ၍လည်းကောင်း၊ `တပံသူရီယာ တပဌာနံ၊ ဓာဝယတိ၊ ပလာယတိ´ဟူသော ဝိဂြိုဟ်ကိုထောက်ပြီး `တပဓာယဝ´ပုဒ်မှလာ၍ `နေပူရာ၊ နေရောင်ပျို့ရာ အရပ်သို့ ပြေးသွားစေတတ်ခြင်း´ကို အစွဲပြု၍ ခေါ်သည်ဟူ၍လည်းကောင်း ဖွင့်ဆိုသည်။ ဒုတိယကျော်အောင်စံထား ဆရာတော်က ဝေါဟာရ၏ ဗျူပ္ပတ်ကိုရှာရာ၌ မြန်မာစကား သက်သက်ကို အခြေခံ၍ ကြံဆဘိသကဲ့သို့ လှေသင်းအတွင်းဝန်မင်းက သက္ကတနှင့် ပါဠိဂတိကိုလိုက်၍ ကြံဆလေသည်။

တပေါင်းလဟူသည်မှာ `ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ´ဟု ဦးဖိုးလတ်ကဆိုသည်။ `တ´သဒ္ဒါကို သိကြပြီးဖြစ်သည်။ `ပေါင်း´ဟူသည်ကား မြန်မာစကားရိုးရိုး `ပေါင်းသည်၊ ကျိုသည်၊ ချက်သည်´ဟူ၍ အဓိပ္ပါယ်ရသည်။ လှေသင်း အတွင်းဝန်မင်းကမူ ပါဠိကို လိုက်တတ်သည့်အတိုင်း `တပေါင်း´ဆိုသည်မှာ `တပသျှား´မှလာ၍ `ပူပန်ခြင်း ကောင်းသောလ (ပြင်းထန်သောလ)´ ဖြစ်သည်ဟု ဆိုသည်။ ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဘွဲ့၌ နွေဦးကာလ (တပေါင်းလ) တွင် ထန်းတက်၍ ထန်းရည်သိမ်းဆည်းပြီးလျှင် ထန်းလျက်ချက်သည်ကို ဖွဲ့ဆိုထားသည်။

ဤသည်ကို ကောက်၍ `ထန်းချက်သောလ´ဟူသောအဆိုက ပို၍ယုတ္တိတန်သည်ဟု မှတ်ယူရန် ရှိပါသည်။ တပေါင်းလကို ထန်းပေါင်းလ ဟုလည်းခါ်ကြသည်။ ထို့အပြင် ကြက်သရေအပေါင်း အုပ်ဆောင်းစိုးမိုး နေသည့်အတွက် ကြက်ဆောင်းလ ဟူ၍လည်း ခေါ်ဝေါ်သည်ဟု မှတ်သားဖူးသည်။ တပေါင်းလတွင် တပို့တွဲလမှာ ပြုပြင်ထားသော ထန်းနို့ထန်းခိုင် စသည်မှာ မြူအိုးဖြင့်ခံ၍ ထန်းရေတို့ကို ဖျဉ်အိုးကြီးများဖြင့် စုပေါင်းရသော (ဝါ) ကြိုရသောလပင် ဖြစ်၍ ထန်းပေါင်းလဟု မူလကခေါ်ကြသည်။

(ကိုးကား မြန်မာ့ပြက္ခဒိန်၊ ဆရာဦးဝင်းဦး၏မြန်မာ့လများဇာတ်မြစ်၊ ဦးသိန်းအောင်၏ ဆယ်နှစ်လရာသီ၊ စွယ်စုံကျမ်း)

ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ပံ့သကူ ပစ်ခြင်း ဆိုသည်မှာ

ပံ့သကူ ပစ်ခြင်း ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!