ရေးသားသူ – ကိုထိုက်( Messenger News)
စိတ်ဖိစီး၊ စိတ်ရှုပ်၊ အလုပ်တွေ ပိနေခြင်းသည် ကိုယ့်လုပ် ကိုင်နိုင်စွမ်းရည်ကို ကျဆင်း စေသည်။ ပေါင်းသင်းဆက်ဆံရေး ကိုလည်း ထိခိုက်စေသည်။ အိမ်ထောင်သာယာရေး ကိုလည်း ဖျက်ဆီးနိုင်သည်။ ပစ္စုပ္ပန် ကြုံလာရသည့် ပျော်စရာ အားတက်စရာများကိုလည်း ပျော်လို့ မရတော့၊ အားတက်လို့ မရတော့တာမျိုး ဖြစ်ရသည်။ လူတစ်ကိုယ် ပြဿနာပုံစံတစ်မျိုး ဖြစ်တတ်ရာ ဖြေရှင်းပုံ ကလည်း တစ်မျိုးစီ ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ အချို့သော အလေ့အထကောင်းများသည် လူတိုင်းကို အကျိုးပြုနိုင်စွမ်း ရှိသည်။ သို့ဖြစ်ရာ စိတ်ဖိစီးမှု ကင်းဝေးစေမည့် သိပ္ပံနည်းကျ ထောက်ခံထား ကြသော အချက် (၁၀) ချက်ကို တင်ပြသွားပါမည်။ သောကကင်းဝေး နေထိုင်နိုင်ကြပါ စေသော်။
၁။ သူများထက် စောအောင် ထပါ။
အလုပ်ကို သူများထက် အရင်ပြီးအောင် လုပ်နိုင်မည် ဆိုလျှင် စာဖတ်သူ ခံစားနေရသည့် စိတ်ဖိစီးမှုတွေ ကျသွားမည်လား။ ကျသွားပါ မည်ဟု အဖြေပေးသူများ အတွက် ဆေးနည်းကား သူများထက် စောအောင် အိပ်ယာထဖို့ ဖြစ်သည်။ သူများတွေ အိပ်ကောင်းတုန်း မနက် လေးနာရီ လောက်က တည်းက ထပြီး အလုပ်တွေ လုပ်နေရတာ စိတ်ကိုပါ ခွန်အား ဖြစ်စေသည်။ ငါက အလုပ်တွေ အများကြီး ပိုပြီးနေပြီ၊ သူများတွေက အိပ်ကောင်းတုန်းပဲ ရှိသေး ဟူသော ကျေနပ်စိတ်လေးက ကိုယ့်ဆီ စိတ်ဖိစီးမှုတွေဝင် မလာအောင် ခံတပ် သဖွယ် ကာပေးနိုင်သည်။ သူများထက် အလုပ်ကြိုပြီးနေသဖြင့် လူကလည်း စိတ်ပေါ့ပါး ပျော်ရွှင်ကာ တစ်နေ့တာမှာ လန်းဆန်းစွာ အလုပ်လုပ်နိုင်သည်။ လန်းဆန်းစွာ အလုပ်လုပ်နိုင် သဖြင့် အလုပ် အရည်အသွေး လည်းတက်ကာ ကိုယ့် လက်ရာကိုယ် ကျေနပ် ဂုဏ်ယူနိုင် သောသူ ဖြစ်လာမည်။
စာရေးသူသည်လည်း မနက်စောစော ထလေ့ရှိသူဖြစ်သည်။ မွန်းမလွဲမီ ပြီးရမည့် အလုပ်တွေကို မနက်စောစောထ လုပ်ပြီး မနက် ရှစ်နာရီ ကိုးနာရီ လောက်မှာ ပြီးထား ပြီဆိုလျှင် ကိုယ့်လောက် ပျော်ရွှင်သူ လောကကြီးမှာ ရှိတော့မည်မဟုတ်။ သူများတွေက ထိုအချိန်ကျမှ ရုံးသွားဖို့ ပြင်ကြ၊ ရုံးတက်ကြ လုပ်နေခြင်းကို မြင်ရသော အခါ ကိုယ်က တစ်လှမ်းကျော ထားပြီ ဆိုသော အသိက ကိုယ့်အောင်မြင်မှု ပီတိစိတ်ကို နှစ်ဆ ဖြစ်စေကြောင်း စောစောထဖူးလျှင် ခံစားရမည်။ စောစောကြိုပြီးထား သဖြင့် နေ့လယ်စာကို စိတ်အေး လက်အေး စားနိုင်သည်။ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ ချိန်းပြီး ဆိုင်ထိုင် စကားလေး ဘာလေး ပြောလို့ရသည်။ မွန်းတည့်လောက်ပြီး ရမည့် အလုပ်ကို နောက်ဆုံး အချိန်နဲ့ ကပ်ပြီးမှ ပြီးသူများကား စိတ်ပန်း လူပန်း ဖြစ်နေကာ နေ့လယ်စာပင် အရသာမခံ နိုင်အောင် ဖြစ်နေချိန်တွင် ကိုယ် က ထမင်းတစ်ပွဲကို ဇိမ်ရှိရှိ စားနိုင်မည်။
လေ့လာမှု စစ်တမ်းများအရလည်း စောစောထသူ များသည် လုပ်ရည် ကိုင်ရည် ပိုကောင်း ကြကြောင်း တွေ့ရသည်။ အလုပ်ထဲမှာ ပိုအောင်မြင်သူ များ၊ လစာပိုကောင်း သူများ၊ ဝင်ငွေပို ကောင်းသူများကို ကြည့်လျှင်လည်း စောစောထသူက အများစု ဖြစ်ကြောင်း သုတေသနများက ထောက်ပြ ထားပြီး ဖြစ်သည်။
၂။ နေ့တိုင်း ကျန်းမာရေး လေ့ကျင့်ခန်းလုပ်။

ကြွက်သား လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိစီးခြင်းကြောင့် ထွက်လာသည့် အဖျက် ဟိုမုန်း ကျူရန်နိုင်းကို ချေဖျက်နိုင်သော အင်ဇိုင်းများ ထွက်လာကြောင်း သုတေသန တစ်ရပ်က ဖော်ပြ ထားသည်။ လေ့ကျင့်ခန်း လုပ်ခြင်းသည် စိတ်ဖိစီးမှုကို ကျစေ၏ဟု တိုက်ရိုက်ဆို နိုင်သည်။ လေ့ကျင့်ခန်းကြီး တစ်သီး တစ်သန့် လုပ်နေရတာ မုန်းပါ သလား။ ခရီးသွား ဟန်လွှဲ လုပ်သွားလို့ရပါသည်။
သူငယ်ချင်း တစ်ယောက်ယောက်နဲ့ စက်ဘီး တူတူ လျှောက်စီး ကြပါ။ အခင်အမင်လည်းတိုး ကျန်းမာရေးလည်း ကောင်းမည်။ လိုင်းကား စီးရင် တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်သွားပါ။ အစည်းအဝေးခန်း လူမစုံသေးလို့ စောင့်နေရချိန်မှာ မတ်တပ်ရပ်ပြီး နံရံကိုလက်နဲ့ ထောက်တွန်း လေ့ကျင့်ခန်းလေး လုပ်နေပါ။
၃။ ဖေ့စ်ဘုတ် ခဏခဏ မသုံးနဲ့။
ဗြိတိသျှကို လမ်ဘီယာ တက္ကသိုလ်က လေ့လာခံ ကျောင်းသား (၁၂၄) ယောက်ကို နှစ်စုခွဲသည်။ တစ်စုကို တစ်နေ့ သုံးကြိမ်သာ ဖေ့စ်ဘုတ် ကို ခတ္တခဏ သုံးခိုင်းသည်။ နောက်တစ်စုကို ကြိုက်သလောက် သုံးခွင့်ပေးသည်။ ထိုအစုသည် မကြာမကြာလည်း ဖုန်းထုတ်ပြီး ဖေ့စ်ဘုတ်ကို ဖွင့်ကြည့်ကြည့်နေကြသည်။ ဖုန်းထုတ်ပြီး တစ်နေ့ သုံးကြိမ်သာ ဖေစ့်ဘုတ်သုံးသူများသည် စစ်တမ်းကာလ တစ်ပတ် ပြည့်ချိန်တွင် ကျန်အစုထက် စိတ်ဖိစီးမှု သိသိသာသာ နည်းပါးကြောင်း တွေ့ခဲ့ရသည်။
၄။ လိုချင်စိတ်တွေ လျှော့ပါ။ လုပ်စရာရှိတာ ကိုသာ အကောင်းဆုံးလုပ်ပါ။
အကောင်းမြင်စိတ် များလွန်းခြင်းသည် လည်း စိတ်ဖိစီးမှု များအောင် ဖိတ်ခေါ်ရာ ရောက်တတ်ကြောင်း နယူးယောက် တက္ကသိုလ် ပါမောက္ခ ဂါဘရီရယ် အော်တီဂန်က ပြောသည်။ ကိုယ်ဖြစ်ချင်တာ တစ်ခု ဖြစ်လာ ရမည်ဟု အကောင်းဘက်က မျှော်လင့်ထားခြင်း၊ ဖြစ်လာသည့် ပုံကို စိတ်ကူး ပုံဖော် ကြည့်ခြင်း များသည် စိတ်အား ဖြစ်ရေး အတွက် အထောက်အကူရ သော်လည်း မဖြစ်လာ သေးတာကို စိတ်ကူးနဲ့ သာယာနေခြင်း ကြောင့် တကယ် လုပ်သည့် အပိုင်းတွင် လျော့ရဲတတ်ကြောင်း ပါမောက္ခ အော်တီဂန်က ထောက်ပြသည်။
အခြား အစွန်းတစ်ဖက် အဖြစ် မဖြစ်နိုင်တာ၊ ပျက်စီးမှာ တွေချည်း စိတ်ထဲ ထည့်ထား ခြင်းသည်လည်း ဘာမှ မဖြစ်မြောက်အောင် ဖျက်ဆီးရာ ရောက်သည်။ အကောင်းဆုံးကား ရည်မှန်းချက် အောင်မြင်ရင် ဘယ်လို ပျော်ရွှင်ရမလဲ စဉ်းစား ကြည့်ပါ။ ပြီးတာနဲ့ ရည်မှန်းချက် အကောင်အထည်ဖော် ရာမှာ ကျော်လွှားရမည့် အခက်အခဲ များကို စဉ်းစားပါ။ ဘယ်လို ကျော်လွှားရမလဲ အစီအစဉ်ချပါ။ ပြီးရင် ထလုပ်ပါဟု ပါမောက္ခ အော်တီဂန်က ပြောသည်။ ကိုယ်မှန်းထား တာကို ဖြစ်အောင် လုပ်နိုင်ထား ပါက နောင် အခက်အခဲများ ရှိလာလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေကာ စိတ်ဖိစီးမှုဒဏ် ခံရနည်း သွားမည်။
၅။ အိုမီဂါ-၃ များများစားပါ။
အိုမိဂါ-၃ ဖက်တီး အက်စစ်များပြားသောငါး၊ အစေ့အဆံ များကို စားသုံးခြင်းသည် စိတ်ဖိစီးမှုကို ကျစေသည်။ ကိုယ့်စားသည့် အစားအသောက် က ကိုယ့်စိတ်ခံစားချက်ပေါ် သိသိသာသာ လွှမ်းမိုးမှု ရှိကြောင်း အမေရိကန် အမျိုးသား ကျန်းမာရေး သိပ္ပံမှသုတေသနပညာရှင် ဂျိုးဟစ်ဘန်းက ပြောသည်။
၆။ ပစ္စုပ္ပန်မှာနေ။
ပြီးတာတွေ တွေးပူခြင်းဟာလည်း စိတ်ကို ဖိစီးစေသည်။ မဖြစ်သေးတာတွေ တွေးပူခြင်းသည်လည်း စိတ်ကို ဖိစီးစေသည်။ တွေးပူတာမျိုး မလုပ်ဘဲ ပစ္စုပ္ပန်မှာနေကာ လုပ်စရာရှိ တာကို အကောင်းဆုံးလုပ်ခြင်းသည် စိတ်ဖိစီးမှုကို အကောင်းဆုံး ကာကွယ်ခြင်း ဖြစ်သည်။ အမေရိကန် ဝင်စကွန်ဆင်-မက်ဒီဆန် တက္ကသိုလ်၏ လူ ၄၀၀ ပါသော သုတေသန တစ်ရပ် အရလည်း ထိုသူများကို ပစ္စုပ္ပန်မှာ စိတ်ကို ထားကာ အသက်ရှူမှတ် လေ့ကျင့်ခန်း လုပ်ခိုင်းကြည့်ရာ သေချာလုပ်နိုင်သူများသည် စိတ်ဖိစီးမှုလည်း သိသိသာသာ လျော့နည်းကြောင်း တွေ့ရသည်။
၇။ ရင်းနှီးနွေးထွေးစွာ နေတတ်ပါစေ။
အမေရိကန် ကာနက်ဂျီမီလွန် တက္ကသိုလ်၏ လေ့လာမှု တစ်ခု အရ အခြားသူများကို နွေးထွေးစွာ ဆက်ဆံတတ်သူသည် ကိုယ်တိုင်မှာလည်း စိတ်အနွေးဓာတ် ဖြစ်ထွန်းနေကာ စိတ်ဖိစီးခြင်းဟူသော အအေး ဓာတ်ဘေးက ဝေးကြရကြောင်း သိရသည်။
၈။ မိတ်သစ်ဆွေသစ်တွေ တိုးနေပါစေ။
အထီးကျန် စိတ်ဝေဒနာ ခံစားလာရပြီ ဆိုလျှင် စိတ်လည်းကျသည်၊ ခန္ဓာကိုယ် ခုခံအားစနစ်လည်း ကျဆင်းသဖြင့် ပြင်ပရောဂါများပို ဝင်ရောက်ကာ အသက် ရန်ရှာခံရမည်။ မိတ်ဆွေသစ်များ တိုးပွားနေအောင် နေထိုင်ခြင်းသည် အထီးကျန် စိတ်မဖြစ်အောင် အကောင်းဆုံး ကာကွယ် နည်း ဖြစ်သည်။ မိတ်ဆွေသစ်များ တိုးဖို့ ရာလည်း မခက်။ သင်တန်းတွေတက်ရင်း မိတ်သစ်တွေ ရနိုင်သည်။ ရပ်ကွက်ထဲက လူမှုရေး အဖွဲ့အစည်းများမှာ ပါဝင်ရင်း ကိုယ့်ရပ်ကွက်ထဲက လူတွေနဲ့ ပိုရင်းနှီး နိုင်သည်။
ပရဟိတ လှုပ်ရှားမှုများမှာ စာရင်းပေးထားခြင်းဖြင့် မြောက်မြားစွာသော မိတ်သစ် များနဲ့ ကြုံဆုံ ရမည်။ မိတ်သစ်လိုချင်စိတ် တကယ်စစ်မှန်ဖို့တော့လိုသည်။ တစ်ဖက်လူများကို တကယ် စိတ်ဝင်စားကာ မိတ်ဆွေသစ် များကို ကူညီလိုသူ တစ်ဦး အဖြစ် ကိုယ့်စိတ်ကို ပြုပြင်နိုင်မည်ဆိုလျှင် စိတ်ဖိစီးမှုဒဏ်က ကျိန်းသေပေါက် ကင်းဝေးပြီ။ သူများအတွက် အလင်းသယ်ဆောင်ပေးသူသည် ကိုယ်တိုင ်အဖို့ အလင်းချို့တဲ့မှာမပူရဆိုသော စကားပုံရှိသည်။ သူများစိတ်ချမ်းသာအောင် ကူညီသူသည် ကိုယ်တိုင် စိတ်မချမ်းသာမှာမျိုး တွေးပူနေစရာပင် မလိုတော့။
၉။ ပလပ်ကြိုးဖြုတ်။
စမတ်ဖုန်း တကြည့်ကြည့် လုပ်သူ ဖြစ်လေ စိတ်ဖိစီးဒဏ် ပိုခံရသူ ဖြစ်လေဟု သုတေသနက ဆိုသည်။ စဉ်းစားကြည့်ပါ။ ဖုန်းကို တကုန်းကုန်း သုံးနေသူနဲ့ ပန်းခြံထဲမှာ စိတ်လွတ် ကိုယ်လွတ် သာသာယာယာ လမ်းလျှောက်နေသူ မည်သူ ကိုယ်စိတ် ပိုကျန်းမာမည်နည်း။ သို့ဖြစ်ရာ နည်းပညာ ပလပ်ကြိုးကို ဖြုတ်သင့်သည့် အချိန်မျိုးမှာ ဖြုတ်ထားပြီး လောကကြီးထဲမှာ စီးမျော နေထိုင်ပါဟု အကြံပေးလိုသည်။ လောကကြီးကို အာရုံစိုက်ပါ။ ကိုယ့်ဘေးကလူများ ဘာအကူအညီ လိုအပ်နေလဲ အာရုံစိုက်ပါ။ လူအများကြီးရှိသော လောကကြီးထဲ ရောက်လာ ပြီးကာမှ နေဝင်မိုးချုပ် ဖုန်းနဲ့ ကိုယ့်နဲ့သာ နှစ်ပါးသွား နေလျှင် လူဖြစ်ကျိုးမနပ်မည်ကို သတိရကြပါ။
၁၀။ အိပ်ရေးဝအောင် အိပ်။
စိတ်ဖိစီးလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လျှင် စိတ်ဖိစီးဖို့က ပိုလွယ်သွား ပြန်သည်။ ထိုနှစ်ခု မုန့်လုံး စက္ကူကပ်ကာ ကိုယ်လည်း အမေရိုက်တာ ခံရသည့် ဂျာအေး ဖြစ်ရမည်။ သို့ဖြစ်ရာ တတ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် အထက်က အကြံပြုချက်လေး များ လိုက်နာကျင့် သုံးရမည်။ သို့မှသာ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ကာ နောက်နေ့ အတွက် အားအပြည့် ရမည်။
အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးမည့် အကျင့်ဆိုးများ ကိုလည်း ရှင်းလင်းပစ်ပါ။ ညခင်းလောက် ကတည်းက အရက်၊ ကော်ဖီစတာတွေ ရှောင်ထား လိုက်ပါ။ အိပ်ချိန်သိပ်နီးလာလ အလင်းရောင် တောက်ပသည့် တီဗီ၊ ကွန်ပျူတာ၊ ဖုန်းတွေ မကြည့်ပါ နဲ့တော့။ တောက်ပသော အလင်းသည် ဦးနှောက်ကို နေ့ဘက်သာရှိ သေးသည်ဟု ထင်သွားစေကာ လူကို အိပ်ချင်စေသည့် ဟော်မုန်း မထွက်အောင် လုပ်ပစ်နိုင်သည်။ ထိုအခါ မျက်စိကြောင်ပြီး တန်ဖိုးရှိသောည ဆုံးရှုံးရမည်။
Ref: 10 Scientifically Proven Ways to Reduce Your Stress by Christina DesMaraisc, inc.com
ကိုထိုက်( Messenger News)
Discussion about this post