ဒီကျွန်းလေးရဲ့နာမည်ကတော့ ဆန်တာခရုဒီလော့တေး (Santa Cruz del Islote) ဖြစ်ပြီး ကိုလံဘီယာကမ်းရိုးတန်း ကာရစ်ဘီယံပင်လယ်ထဲက ဆန်ဘာနားဒိုးကျွန်းစုထဲမှာတည်ရှိတဲ့ ကျွန်းလေးဖြစ်ပါတယ်။ တစ်ကျွန်းလုံးမှ အကျယ်အဝန်းအားဖြင့် ၂.၄ဧက ပဲ ရှိပေမယ့် နေထိုင်သူပေါင်းကတော့ ၁၂၀၀ ခန့်ရှိနေပါတယ်။ ဒါဟာ လူနေသိပ်သည်းပါတယ်ဆိုတဲ့ မတ်ဟတ်တန်ထက် ၄ဆ ပိုများတဲ့လူနေထူထပ်မှုပါ။ (မတ်ဟတ်တန်က တစ်မိုင်ပတ်လည်ကို လူပေါင်း ၇သောင်းကျော်နေထိုင်ပါတယ် )
ဆန်တာခရု ကတော့ မတ်မတ်တန်နဲ့ တူပေမယ့် နေထိုင်မှုစနစ်ကတော့ အရမ်းကွာခြားလွန်းပါတယ်။ ဒီနေရာမှာ ရေချိုမရနိုင်ပါဘူး ။ ပြီးတော့ လျှပ်စစ်ကလည်း တစ်ရက်မှ ၄နာရီပဲလာပါတယ်။ ဒါတောင် မီးစက်တစ်လုံးနဲ့ ပေးထားရလို့ဖြစ်ပါတယ်။ မီစက်ရပ်တဲ့အခါမျိုးမှာတော့နေစွမ်းအင်သုံး ဆိုလာပြားတွေကိုအသုံးပြုကြပါတယ်။ ရေအတွက်ကိုတော့ ကျွန်းပေါ်မှာရှိတဲ့ ကန်ထဲကို ကိုလံဘီယာရေတပ်ကနေ သင်္ဘောနဲ့ သုံးပတ် တစ်ခါ လာဖြည့်ပေးလေ့ရှိပါတယ်။ ရေက ရွှေလိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ လိုတာထက်ပိုယူလေ့မရှိကြပါဘူး။
ဒီနေရာမှာလူတွေစနေခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ လောက်ကတည်းက ဖြစ်ပါတယ်။ ဒီကျွန်းနဲ့ ၅၀ ကီလိုမီတာလောက်ဝေးတဲ့ Baru မြို့က ငါးဖမ်းသမားသမားတစ်စုဟာ ငါးဖမ်းထွက်ရင်း ဒီကျွန်းနားကို ရောက်ရှိလာကြပါတယ်။ ညမိုးချုပ်သွားတဲ့အတွက် ဒီကျွန်းပေါ်မှာပဲ စခန်းချဖို့ ဆုံးဖြတ်လိုက်ပြီး စခန်းချကြပါတယ်။ အဲဒီမှာ ထူးခြားချက်တစ်ခုကိုတွေ့သွားပါတယ်။ အဲဒါကတော့ စွတ်စိုတဲ့ရာသီဥတုဖြစ်နေပေမယ့် ဒီကျွန်းမှာ ခြင်မရှိတာပါ။ အဲဒီကစလို့ ဒီကျွန်းကို မကြာခဏလာရင်း အမြဲနေတဲ့သူတွေရှိလာခဲ့တာဖြစ်ပါတယ်။
ယနေ့မှာတော့ ဘောလုံးကွင်းတစ်ကွင်းခွဲခန့်သာကျယ်တဲ့ ဒီကျွန်းမှာ အိမ်ပေါင်း ၁၂၀ကျော်အပြင် ဈေးဆိုင်နှစ်ဆိုင် ၊ အရက်ဘားတစ်ခု ၊ ကျောင်းတစ်ကောင်း ၊ စားသောက်ဆိုင်တစ်ဆိုင် ပါရှိနေပြီဖြစ်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ကျွန်းဖြစ်လာခဲ့ပါတယ်။ နေစရာအလွန်ကျဉ်းမြောင်းတဲ့အတွက် ပင်လယ်ထဲကို နည်းနည်းစီချဲ့နေရပါတယ်။ အိမ်တွေအထပ်ကိုမြှင့်လိုက်ရင် လူနေထူထပ်မှုကိုလျှော့ချနိုင်မှာဖြစ်ပေမယ့် ဒီမှာရှိတဲ့အိမ်အများစုကတော့ တစ်ထပ်စီသာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်တွေကြားထဲက အလွတ်ထားတဲ့နေရာတွေပေါ်ကိုလည်း ဘယ်သူမှ ကျူးကျော်ခြင်းမရှိကြပါဘူး။
လမ်း ၄ လမ်း ၊ အကွက် ၁၀ ကွက်ခန့်ရှိပြီး ကားမရှိ ၊ ဆိုင်ကယ်မရှိ ။ ရှိတဲ့ကျောင်းမှာ ဆရာ ၁၇ ယောက်ရှိပြီး စာသင်တဲ့ကလေးပေါင်း ၁၇၀ ခန့်ရှိပါတယ်။ မိသားစုတိုင်းမှာ အနည်းဆုံးလှေတစ်စီးစီရှိပါတယ်။ ကျွန်းပေါ်မှာနေထိုင်ကြသူတွေဖြစ်ပေမယ့် အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်လေ့မရှိပါဘူး။ အခြားကျွန်းတစ်ကျွျန်းပေါ်က အမှိုက်စွန့်ပစ်ရာနေရာကို လှေနဲ့သွားစွန့်ပစ်ကြပါတယ်။
ဒီကျွန်းမှာနေထိုင်သူအများစုဟာ ငါးဖမ်းသမားတွေဖြစ်ပြီး အချို့ကတော့ အနီးအနားမှာရှိတဲ့ ဟိုတယ်တွေ အပန်းခြေစခန်းတွေက ဝန်ထမ်းတွေဖြစ်ပါတယ်။ သူတို့ရဲ့အဓိကဝင်ငွေကတော့ ခရီးသွားလာသူတွေအပေါ် နဲ့ လက်မှုပစ္စည်းရောင်းချရတဲ့အပေါ်မှာ မှီခိုနေရပါတယ်။ ဒီကျွန်းနားက Mucra ဟာ အကောင်းစားအပန်းဖြေစခန်းတစ်ခုဖြစ်ပြီး အဲဒီကျွန်းကို ခရီးသည်ထောင်ပေါင်းများစွာဟာ နှစ်စဉ် လာရောက်လေ့ရှိပါတယ်။ ခရီးသွားတွေဟာ ဒီကျွန်းမှာ ငါးဖမ်းတာ ၊ ရေကူးရေငုပ်တာ ၊ ရေငုပ်ရင်း ရေအောက်သဘာဝအလှတွေကြည့်ရှု့တာတွေကို ပြုလုပ်လေ့ရှိပါတယ်။
အကျပ်အတည်းတွေကြားက လူနေထူထပ်တဲ့ကျွန်းမှာနေထိုင်ကြရပေမယ့် ဘယ်သူမှကျွန်းကို စွန့်မသွားကြပါဘူး။ သူတို့အတွက် ဒီကျွန်းလောက်နေလို့ကောင်းတဲ့နေရာမရှိဘူးလို့ ဆိုကြလေ့ရှိပါတယ်။ ကျွန်းမှာနေထိုင်သူတွေဟာ စည်းလုံးကြသလို နှစ်လိုဖွယ်စိတ်ထားတွေရှိကြပါတယ်။ ဒီကျွန်းမှာ တစ်နှစ်နေလို့ ရာဇဝတ်မှု တစ်မှုဖြစ်ခဲပါတယ်။ မိသားစုလိုနေထိုင်ကြတဲ့အတွက် ဘယ်အိမ်မှလည်း တံခါးသော့ခတ်လေ့မရှိပဲ အမြဲဟောင်းလောင်းထားလေ့ရှိပါတယ်။ လူကြီးတွေဟာမက ကလေးတွေဟာလည်း ယဉ်ကျေးပြီး စည်းကမ်းတွေကို လိုက်နာကြပြီး ဆရာတွေရဲ့စကားကိုလည်း နားထောင်ကြပါတယ်။
မီးစက်က မီးကိုတော့ ည၇နာရီကနေ ၁၁နာရီအထိပေးပါတယ်။ ဒီအချိန်ကတော့ သူတို့အတွက် တီဗီကြည့်ချိန်ဖြစ်ပြီး ဇာတ်လမ်းကြိုက်တဲ့သူက ဇာတ်လမ်း ၊ ဘောပွဲ ကြိုက်တဲ့သူကဘောပွဲ အစု အစုတွေနဲ့ ကြည့်လေ့ရှိကြပါတယ်။ မီးစက်အတွက် ကျသင့်တဲ့ကုန်ကျစရိတ်ကိုတော့ အားလုံးစုပေါင်းပြီး ကျခံကြပါတယ်။ ပင်လယ်ထဲက ကျွန်းဖြစ်ပေမယ့် တခါတရံရေတက်တာမျိုးကလွဲလို့ သဘာဝဘေး ပြင်းပြင်းထန်ထန် ခံရလေ့မရှိပါဘူး။
Juvenal Julio ဟာ ဒီကျွန်းပေါ်မှာနေထိုင်တဲ့ ရေငုပ်နည်းပြတစ်ယောက်ဖြစ်ပြီး ကျွန်းလူကြီးလည်းဖြစ်ပါတယ်။ သူက “ကျွန်တော်ကျန်ရှိတဲ့ သက်တမ်းကိုလည်း ဒီကျွန်းပေါ်မှာပဲ ကုန်ဆုံးသွားချင်ပါတယ် ၊ ဒီလောက်စိတ်ချမ်းသာစရာဘဝကို ဘယ်မှာမှရနိုင်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ ဒါပေမယ့် သူသေရင်တော့ ဒီကျွန်းကနေ သူစွန့်ခွာရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းမှာမြေမရှိတဲ့ အတွက် သင်္ချိုင်းလည်းမရှိတာကြောင့် ဒီကျွန်းအနောက်ဘက်က ကျွန်းမှာ သွားရောက်မြုပ်နှံရမှာဖြစ်လို့ပါ။
VIDEO
Discussion about this post