မူရင်းရေးသားသူ – ဗန်းမော်သိန်းဖေ
အင်္ဂလန်နိုင်ငံက စာရေးစာဖတ် ခက်ခဲတဲ့ ဦးနှောက်ချို့ယွင်းချက်လေးရှိတဲ့ ကောင်လေးတယောက်ဟာ အသက် ၁၆ နှစ်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်။ သူနဲ့သူငယ်ချင်းတယောက်ဟာ သူတို့စုထားတဲ့မုံ့ဖိုးလေးတွေနဲ့ ကျောင်းသားတွေဖတ်ဖို့ Student ဆိုတဲ့ စာစောင်လေးတခုကို ထုတ်ဝေလိုက်တယ်။
စာစောင်လေးဟာ အရမ်းရောင်းကောင်းပြီး အောင်မြင်သွားတယ်။ ဒီအောင်မြင်မှုက အစပြုပြီး ပေါ့သီချင်းအယ်ဘမ်ဓါတ်ပြားဆိုင်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ၊ လေကြောင်းလိုင်း ဖွင့်ရင်း နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ အများကြီးထူထောင်တယ်။
အခုတော့ သူဟာ နိုင်ငံပေါင်း ၃၀ ကျော်မှာ ကုမ္ပဏီပေါင်း ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ရဲ့ပိုင်ရှင်နဲ့ အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံးအဆင့် ၄ ဖြစ်တဲ့ ဘီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်နေပါပြီ။ သူ့နာမည်က ရစ်ချတ်ဘရင်ဆန် (Richard Branson) ပါ။
သူ့ရဲ့သတင်းဟာ ယနေ့သတင်းစာ၊ စာစောင်နဲ့ အင်တာနက်တွေမှာ ပျံ့နှံ့နေပါတယ်။ သူ့ရဲ့တမူထူးခြားတဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ရေးသားဖေါ်ပြပေးလိုက်ပါတယ်။
ဘာကြောင့် ကုမ္ပဏီနာမည်ကို Virgin လို့ နာမည်ပေးရတာလဲဆိုတဲ့မေးခွန်းကို ရစ်ချတ်က ခုလို ပြန်ဖြေခဲ့ပါတယ်။ သူ Virgin Records တေးသံသွင်းစတူဒီယိုဆိုင်ကို စထောင်တုံးက သူရဲ့လုပ်ငန်းပါတနာက ဒီလုပ်ငန်းမျိုးကို အရင်က တခါမှမလုပ်ဖူးကြလို့ သူတို့ ၂ ယောက်ဟာ virgin တွေပါပဲလို့ ပြောလိုက်တယ်။ (Virginဆိုတာ လိင်မှုကိစ္စမှာ အတွေ့အကြုံမရှိသေးတဲ့ လူပျို၊ အပျိုစစ်စစ်လေးတွေကို ပြောတာပါ)။ ဒါနဲ့ Virgin ဆိုတဲ့နာမည်ကို ပေးဖြစ်သွားတာပါတဲ့။
ရစ်ချတ်ဟာ ဘာကြောင့် Virgin နာမည်ကို သဘောကျရတာလဲဆိုတဲ့ လူတွေမသိကြတဲ့ အလွန်စိတ်ဝင်စားဖွယ် ကောင်းတဲ့အကြောင်းလေးတခုလဲ ရှိသေးတယ်။ ရစ်ချတ် လူပျိုပေါက်အရွယ်မှာ သူသဘောကျနေတဲ့ ကောင်မလေးက Virgin Islands ဆိုတဲ့ အပန်းဖြေကျွန်းလေးတခုကို မိသားစုနဲ့ အလည်သွားတယ်။
ကောင်မလေးက သူ့ကို Virgin Islands ကို လိုက်လာရင် သူချစ်ခွင့်ပန်ထားတာကို အဖြေပေးမယ်လို့ ပြောခဲ့တယ်။ အမှန်က ကောင်မလေးက နောက်ပြောလိုက်တာပါ။ ရစ်ချတ်ဟာ ဆင်းရဲလို့ ကျွန်းကို လိုက်လာဖို့ လေယဉ်လက်မှတ်ဖိုး မတတ်နိုင်ဘူးဆိုတာ ကောင်မလေးက သိနေတာကိုး။
အဲဒါကို အချစ်စိတ်မွန်နေတဲ့ ရစ်ချတ်က တကယ်ပြောတာလို့ ထင်သွားတယ်။ ဒီတော့ သူ ဘာလုပ်သလဲ။ သူစုထားတဲ့ ပိုက်ဆံလေးနဲ့သူငယ်ချင်းတွေဆီက ချေးငှားလို့ရတဲ့ ပိုက်ဆံပေါင်းပြီး Virgin Islands ကိုသွားဖို့ လေယဉ်အသွားအပြန် လက်မှတ်တစောင် ဝယ်လိုက်တယ်။
ကံဆိုးချင်တော့ သွားမဲ့ရက် သူ လေဆိပ်ကို ရောက်သွားတဲ့အခါ သူစီးမဲ့လေယာဉ်ဟာ စက်ချွတ်ယွင်းနေလို့ နာရီအတော်ကြာကြာ နောက်ကျပြီးမှ လေယဉ်ထွက်နိုင်မယ်လို့ ကြေငြာထားတာကို တွေ့လိုက်ရတယ်။ ရစ်ချတ်ဟာ ကျွန်းကို အချိန်မှီရောက်ချင်နေတယ်။ သူလိုက်လာတာကို ကောင်မလေးမြင်တွေ့ပြီး အံ့သြသွားစေချင်လို့ပါ။
ဒီတော့ သူဘာလုပ်သလဲ။ ချာတာပြေးဆွဲနေတဲ့ လေယဉ်အသေးလေးတစီးကို စီးလုံးငှားလိုက်တယ်။ လေယဉ်လက်မှတ်တောင် သူများဆီက ပိုက်ဆံချေးငှားပြီး ဝယ်လာရတဲ့ရစ်ချတ်ဟာ လေယဉ်စီးလုံးငှားရအောင် ဘယ်ကပိုက်ဆံရတာလဲလို့ မေးချင်ကြမှာပါ။ သူ့အိပ်ထဲမှာလဲ ဟိုရောက်ရင် သုံးဖို့ပိုက်ဆံလေး နည်းနည်းပဲ ရှိပါတယ်။ ပိုက်ဆံမရှိပဲ သူ ချာတာလေယဉ်ကို စီးလုံးငှါးနိုင်တာလဲ။ သူ့လုပ်ပုံဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
လေဆိပ်စားသောက်ဆိုင်တခုကနေ စက္ကူကဒ်ပြားအဖြူကြီးကြီးတခုကို တောင်းယူလိုက်ပြီး အဲဒီပေါ်မှာ ခုလိုစာရေးလိုက်တယ်။ “Virgin Islands ကို ချက်ခြင်းလေယဉ်ထွက်မယ်။ လေယဉ်ခ ၂၉ ဒေါ်လာထဲပါ” တဲ့။ အဲဒီကဒ်ပြားဖြူကြီးကို လက်နဲ့ ကိုင်မြှောက်ပြရင်း စောင့်နေကြတဲ့ ခရီးသည်တွေကြား လျှောက်သွားလိုက်တယ်။ ကျွန်းကို အမြန်ရောက်ချင်သူတွေက အလုအယက် ပိုက်ဆံပေးပြီး စာရင်းပေးကြလို့ ခနလေးနဲ့ လေယာဉ်တစ် စီးစာ လူပြည့်သွားတယ်။
လူတွေဆီက ကောက်လို့ရတဲ့ ပိုက်ဆံတွေနဲ့ ချာတာလေယဉ်ငှားခ ပေးလိုက်တယ်။ ရစ်ချတ်လဲ ကျွန်းကို လေယဉ်အလကား စီးခွင့်ရသွားတယ်။ ဒါလေးဟာ သူ့ဘဝမှာ Virgin နာမည်ကို အမြဲအမှတ်ရနေစေတယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် ရစ်ချတ်ဟာ စီးပွားရေးမှာ အရမ်းအကွက်မြင်တတ်သူမှန်း သိနိုင်ပါတယ်။
သူပြောခဲ့တဲ့ စကားတွေထဲက မှတ်သားစရာတချို့က –
– လူတွေက ပြောကြတယ်။ Customer comes first ဈေးဝယ်သူက ပထမတဲ့။ အမှန်က မိမိဝန်ထမ်းတွေက ပထမပါ။ ဝန်ထမ်းတွေကို ဂရုစိုက်ရင် သူတို့က ဈေးဝယ်သူတွေကို ဂရုစိုက်ပါလိမ့်မယ်။
– တကယ်လို့ သင့်ကို တစုံတယောက်က အလွန်ကောင်းတဲ့ အခွင့်အလမ်းကြီးတခု ကမ်းလှမ်းလာရင် လုပ်နိုင် မလုပ်နိုင် စဉ်းစားမနေနဲ့။ အရင်လက်ခံလိုက်ပါ။ ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ယူလေ့လာပါ။
– လမ်းလျှောက်တတ်အောင် သင်ယူရာမှာ ဥပဒေအတိုင်း လုပ်ရတာမဟုတ်ဘူး။ လျှောက်ကြည့်ရမယ်။ လဲရင်ပြန်ထပြီး ထပ်လျှောက်မယ်။ စီးပွားရေးလုပ်တာလဲ ဒီလိုပါပဲ။
– အကောင်းဆုံးသင်ယူနည်းက လက်တွေ့လုပ်ခြင်းပါပဲ။
– ကျရှှုံးလို့ စိတ်မပျက်ပါနဲ့။ အရှုံးကနေ သင်ခန်းစာယူပြီး ဆက်လုပ်ပါ။
– စီးပွားရေး အခွင့်အလမ်းဆိုတာ ဘတ်စ်ကားတွေလိုပါပဲ။ တစီးလွတ်သွားလဲ နောက်တစီး လာမှာပါ။
– လုပ်ငန်းလုပ်ရာမှာ ပထမက မိမိဝန်ထမ်း၊ ဒုတိယက ဈေးဝယ်သူဖေါက်သည်၊ တတိယက ရှယ်ယာအစုရှင်တွေလို့ သဘောထားပါ။
– ဘဝရဲ့ အချိန် ၈၀ ရာခိုင်နူန်းဟာ အလုပ်လုပ်ရင်း ကုန်ဆုံးရတယ်။ ဒီတော့ အလုပ်ကို ပျော်စရာဖြစ်အောင် ဖန်တီးနိုင်ရင် ဘဝမှာ အချိန်ပြည့် ပျော်နိုင်တာပေါ့။
– ကမ္ဘာကြီးဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတယ်။ ကြီးသူက ငယ်သူကို နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ မြန်သူက နှေးသူကို နိုင်တဲ့ခေတ် ဖြစ်သွားပြီ။
– လွယ်တာကို ခက်အောင်လုပ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ခက်တာကို လွယ်အောင်လုပ်ဖို့ကျတော့ ခက်ပါတယ်။
– စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ တကယ်တော့ လူတွေရဲ့ဘဝကို တိုးတက်အောင် လုပ်ပေးရင်း ပိုက်ဆံရနေတာပါ။
ဘ၀ နဲ့ အောင်မြင်မှု အတွက် ရစ်ချက်ဘရင်ဆန် ရဲ့ နောက်ထပ်စကားအချို့
(ဘီလျံနာသူဌေးကြီး ဆာ ရစ်ချက်ဘရင်ဆန်ရဲ့ ကြိုးစားခဲ့ပုံတွေ နဲ့ ဘဝအတွေ့အကြုံတွေကို သိချင်ရင် ဆရာဗန်းမော်သိန်းဖေရေးထားတဲ့ “ဆာ ရစ်ချက် ဘရင်ဆန် – စွန့််စွန့်စားစား စီးပွားရေးသမား” ဆိုတဲ့ စာအုပ်ကို ဖတ်ပါ)
Discussion about this post