ဂုတင်ဘတ်ကို စာပေလောကရဲ့ ကျေးဇူးရှင်လို့ခေါ်ကြတယ်။ ဒီလိုခေါ်ကြလို့ သူဟာ စာပေပညာရှင်ကြီးတစ်ယောက်မဟုတ်ပဲ သာမန်ပန်းပဲဆရာ တီထွင်သူတစ်ယောက်သာ ဖြစ်ခဲ့တယ်။ သူ့ကိုစာပေလောကရဲ့ ကျေးဇူးရှင်လို့ ခေါ်တာက သူ့ကြောင့် စာပေလောက ကြီးက အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်သွားခဲ့လို့ဖြစ်တယ်။ သူမတိုင်ခင်က ပုံနှိပ်စက်တီထွင်သူတွေများစွာ ရှိခဲ့ပေမယ့် အဲဒီပုံနှိပ်စက်တွေက စာအုပ်တစ်အုပ်တစ်အုပ်ထုတ်ဖို့ အချိန်အများကြီးယူရတယ်။ အရေအတွက်အများကြီးလည်း မထုတ်နိုင်ခဲ့ဘူး။ ဂုတင်ဘတ်ရဲ့ပုံနှိပ်စက်ကတော့ မြန်မြန်ဆန်ဆန်နဲ့ အရေအတွက်ပေါင်းများစွာ ထုတ်နိုင်ခဲ့တယ်။ ဉာဏ်သစ်အရေးတော်ပုံခေတ်က စလို့ ဥရောပနိုင်ငံတွေဟာ အခြားနိုင်ငံတွေထက် အလျင်အမြန်တိုးတက်သွားတာ သူ့ရဲ့တီထွင်မှုက အဓိကနေရာက ပါဝင်ခဲ့တယ်။ သူ့ကြောင့်ပဲ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်ပေါင်းများစွာဟာ မြန်မြန်ဆန်ဆန်နဲ့ ပျံနှံ့ခဲ့ပြီး လူတိုင်းဖတ်နိုင်တဲ့ အဆင့်ကိုရောက်ရှိလာခဲ့တယ်။
စာပုံနှိပ်စက်ကိုစတင်တီထွင်သူလို့ ဂျိုဟန်ဂုတင်ဗတ် (Johann_Gutenberg)ကို ခေါ်လေ့ရှိကြတယ်။ သူအမှန်လုပ်တာက တစ်လုံးစီဖြုတ်နိုင်တပ်နိုင်တဲ့စာလုံးတွေနဲ့ပုံနှိပ်စက်ကိုသုံးပြီး လက်နဲ့ရေးသားထားတဲ့စာတွေတစ်ပုံကြီးကို မြန်မြန်နဲ့မှန်ကန်စွာ ပုံနှိပ်ပေးနိုင်တဲ့နည်းကိုတီထွင်ပေးခြင်းဖြစ်ပါတယ်။ ဘယ်တီထွင်မှုမျိုးကိုမှ လူတစ်ယောက်တည်းက အပြည့်အစုံလုပ်ပေးနိုင်ရိုးမရှိပါ။ ပုံနှိပ်ပညာကိုလည်းဒီလိုပဲပြောရပါမယ်။ တံဆိပ်တုံးကလေးနဲ့အမှတ်အသားတစ်ခုပါတဲ့ လက်စွပ်ကိုအသုံးပြုသလိုဘလောက်တုံးကိုနှိပ်တဲ့နည်းနဲ့ပုံနှိပ်နေခဲ့ကြတာ ရှေးရှေးကပဲ လုပ်တတ်ခဲ့ကြပါတယ်။
ဘလောက်ပုံနှိပ်နည်းကိုတရုတ်တွေတတ်တာ ဂုတင်ဗတ်မပေါ်မီ ရှေးနှစ်ပေါင်းရာထောင်မက တတ်ကျွမ်းခဲ့တယ်။ အမှန်က ခရစ် ၈၆၈ နှစ်က ပုံနှိပ်ခဲ့တဲ့စာအုပ်ကိုတရုတ်မှာတွေ့ဖူးပါတယ်။ အနောက်နိုင်ငံမှာလည်း ဂုတင်ဗတ်မပေါ်မီ အထက်ကပဲ ဒီပုံနှိပ်နည်းကို သိပြီးဖြစ်ပါတယ်။ ဘလောက်ပုံနှိပ်နည်းနဲ့ကျမ်းစာအုပ်ကို အုပ်ရေအများကြီးရအောင် ရိုက်ထုတ်နိုင်ကြပါတယ်။ ဒီနည်းမှာချွတ်ယွင်းချက်ကြီးတစ်ခုရှိနေတာက စာတစ်အုပ်ပုံနှိပ်ချင်ရင် အဲဒီစာအုပ်အတွက် သစ်ထွင်း(woodcut)ဖြစ်စေ သတ္တုပုံ(Plate)ဖြစ်စေ တစ်စုံလုပ်ရတယ်။ ပထမကျမ်းအတွက် လုပ်ပြီးရှိနေတဲ့ဘလောက်ကို နောက်တစ်ကျမ်း ရိုက်ရာမှာ ရွှေ့ပြောင်းယူငင်ပြီး အသုံးမချနိုင်ပါ။
ဂုတင်ဗတ်ထွင်တဲ့နည်းက ရွှေ့ပြောင်းတပ်ဆင်ပေးနိုင်တဲ့ စာခွက် (movable type)ဖြစ်ပါတယ်။ ဒီရွှေ့ပြောင်းလို့ရတဲ့စာခွက်ကို တရုတ်မှာ တစ်ဆယ့်တစ်ရာစုနှစ်ဝက်မှာ ပိရှဲန်(Pi Sheng)ဆိုသူက တီထွင်ပေးခဲ့ဖူးတယ်။ သူလုပ်ပေးတဲ့စာခွက်က ရွှံ့ပြားနဲ့လုပ်လို့ကြာကြာမခံပါ။ ဒါကြောင့်သူ့နည်းကိုမီပြီး တရုတ်နဲ့ကိုးရီးယားတွေက ကောင်းသထက်ကောင်းအောင် စီမံကြလို့ ဂုတင်ဗတ်မပေါ်မီ ရှေးရှေးကပဲ ကိုးရီးယားတွေက သတ္တုစာခွက်တွေကို အသုံးပြုခဲ့ကြပါတယ်။ တကယ်ကကိုးရီးယားအစိုးရ ထူထောင်ပေးတဲ့ သတ္တုအရည်ကြိုစက် တစ်ခုကနေပြီးစာပုံနှိပ်စာခွက်တွေကို တစ်ဆယ့်ငါးစုနှစ်ဦးကပဲ ထုတ်လုပ်စေခဲ့ပါတယ်။
အဲဒါတွေစီတန်းပြီးပြောတာနဲ့ ပိရှဲန်ကို လူစွမ်းကောင်းတစ်ယောက်လို့သတ်မှတ်လို့မရပါ။ ဥရောပမှာရွှေ့သုံးလို့ရတဲ့စာခွက်ကို တရုတ်ဆီကရတာမဟုတ်။ သူတို့လည်းသူတို့ဘာသာ စမ်းသပ်တီထွင်တာဖြစ်တယ်။ အဲဒါအပြင်တရုတ်ထွင်တဲ့ ရွှေ့သုံးစာခွက်ဟာ အများသုံးတဲ့နည်းပညာတစ်ခုဖြစ်မလာပါ။ အနောက်နိုင်ငံမှာ ခေတ်စာပုံနှိပ်စက်ပေါ်ပြီး အဲဒီနည်းကို ရတဲ့အခါမှ တရုတ်မှရွှေ့သုံးစာခွက်ဟာ အများသုံးနိုင်တဲ့နည်းဖြစ်လာပါတယ်။ ခေတ်စာပုံနှိပ်နည်းမှာ အရေးပါတဲ့ မရှိမဖြစ်နည်း အဆင့်လေးဆင့်ရှိတယ်။
(၁)ရွှေ့သုံးစာခွက်မှာ စာစီနည်း စာကိုလိုသလိုစွဲမြဲနေအောင် တပ်ဆင်နည်းရှိတယ်။
(၂)ပုံနှိပ်စက်လည်းလိုပါတယ်။
(၃)ဒီလိုပုံနှိပ်ရာမှာ လိုအပ်သလိုသီးသန့်ဖော်စပ်ထားတဲ့မင်။
(၄)စာပုံနှိပ်စက်သုံး စက္ကူဆိုတာမျိုးလည်းတီထွင်ပြီး ရှိရပါတယ်။
တရုတ်မှာ ရှေးအခါကပဲ (ဆိုင်လန် Ts’ai Lun က)စက္ကူလုပ်ပေးထားလို့ အနောက်မှာဂုတင်ဗတ်က အသင့်လုပ်ပြီးကိုရတာပါ။ အထက်ကဖော်ပြတဲ့ အခြားနည်းသုံးမျိုးကိုလည်း ဟိုကဒီက ရထားတာကိုလည်း ဂုတင်ဗတ်က အရေးပါတဲ့ပြုပြင်မှု့တွေလုပ်ရပါသေးတယ်။ စာလုံးပုံစံတစ်ညီတည်းဖြစ်အောင် ပုံ(Mould)ကို လုပ်ရတယ်။ ဆီနဲ့ဖော်စပ်တဲ့ပုံနှိပ်မင်လုပ်ရတယ်။ စာထင်အောင်ဖိပေးနိုင်တဲ့နှိပ်စက်ကိုလည်း စီစဉ်ရသေးတယ်။ ဂုတင်ဗတ်ကလတစ်စစီတစ်ပိုင်းစီ တီထွင်ပြီးမှ အားလုံးပေါင်းပြီး စာကိုပုံနှိပ်နိုင်စွမ်းရှိတဲ့စက်ကိုလုပ်ရတယ်။ အဲဒီစက်ဟာ သူတီထွင်သမျှနည်းတွေထဲမှာ အရေးအပါဆုံးနည်းဖြစ်ပါတယ်။ ပုံနှိပ်ပြီဆိုတဲ့အခါ အမြောက်အမြားထုတ်လုပ်ခြင်းဖြစ်အောင်လုပ်ရတဲ့အတွက် တစ်ခုချင်းပြုပြင် တီထွင်တာတွေထဲမှာ သူက အထူးခြားဆုံး အစွမ်းထက်ဆုံးတီထွင်ခြင်းဖြစ်လာပါတယ်။
ရိုင်ဖယ်(rifle) တစ်လက်ဟာ လေးတစ်စင်း မြားတစ်လက်ထက် အများကြီး သာလွန်ထိရောက်တဲ့ ဖြစ်လာသလိုမျိုးလည် းမဟုတ်ပါ။ ပုံနှိပ်ပြီးစာတစ်အုပ်ဟာ လက်ရေးစာတစ်အုပ်ထက် ပိုပြီးမစွမ်းပါ။ တကယ့်အစွမ်းက တစ်မျိုးတည်းအများကြီးကို မြန်မြန်ဆန်ဆန်ထုတ်လုပ်နိုင်ခြင်း (Mass Production)ဖြစ်ပါတယ်။ ဂုတင်ဗတ်ဆောင်ရွက်ချက်ဟာ နည်းတစ်နည်း စက်တစ်စက်လည်းမဟုတ်။ ပြုပြင်ချက်တစ်သီကြီးလည်းမဟုတ်။ အစဉ်တစိုက်ထုတ်လုပ်ချက် အပြည့်အစုံပြုပြင်ချက်တစ်သီကြီးလည်းမဟုတ်။ အစဉ်တစိုက်ထုတ်လုပ်ချက် အပြည့်အစုံ(complete manufacturing process)ဖြစ်ပါတယ်။
ဂုတင်ဗတ်ရဲ့ အတ္ထုပ္ပတ္တိကိုသိပ်မသိကြပါ။ သူ့ကို ၁၄၀၀ ပြည့်မှာမွေးတယ်။ သူ့ရဲ့ဖခင်က ပန်းပဲဆရာဖြစ်တယ်။ သူလည်း ပန်းပဲဆရာ ၊ ပန်းတိမ်ဆရာဖြစ်လာခဲ့တယ်။ ဒီဂျာမနီ မိန့်(Mainz)မြို့သားက ပုံနှိပ်ပညာဆိုင်ရာတီထွင်မှုကို တစ်ဆယ့်ငါးရာစုနှစ်လယ်မှာ လုပ်ခဲ့တယ်။ သူပုံနှိပ်တဲ့စာအုပ်တွေထဲမှာ လူသိများတဲ့စာအုပ်က ဂုတင်ဗတ်သမ္မာကျမ်း (bible)ဖြစ်တယ်။ အဲဒီကျမ်းကို ၁၄၅၄ လောက်က မိန့်မှာပုံနှိပ်ခဲ့တယ်။ အံ့သြစရာအချက်တစ်ခုက သူ့ပစ္စည်းကိရိယာတွေနဲ့အသေအချာပုံနှိပ်တဲ့အဲဒီသမ္မာကျမ်းကအစ သူပုံနှိပ်ပေးခဲ့တဲ့အခြားဘယ်ကျမ်းမှာမှ သူ့နာမည်မပါပါ။ အောင်မြင်တဲ့စီးပွားရေးသမားလည်းဟုတ်ဟန်မတူပါ။ သူ့တီထွင်ချက်က ဝင်ငွေကောင်းကောင်းလည်းရမယ်မထင်ပါ။ တရားရုံးမှာ အမှုစွဲဆိုချက်အများအပြားလုပ်ခဲ့ရဟန်ရှိတယ်။ အမှုတစ်ခုမှာ သူ့ပစ္စည်းတစ်ချိူ့ကို သူ့စီးပွားဘက် ဂျိုဟန်ဖတ်စ် (Johann Fust)က သိမ်းယူသွားတယ်လို့တွေ့တယ်။ ၁၄၆၈ မိန့်(Mainz)မှာ ဂုတင်ဗတ် သေဆုံးပါတယ်။
ကမ္ဘာ့သမိုင်းမှာ ဂုတင်ဗတ်အစွမ်းရဲ့အကျိုးသက်ရောက်ပုံကို သိချင်ရင် တရုတ်နဲ့ဥရောပမှာ ဆက်သွယ်ပေါ်ပေါက်လာပုံတွေကို နှိုင်းယှဉ်ကြည့်ရမယ်။ ဂုတင်ဗတ်မွေးတဲ့အချိန်က နှစ်ဋ္ဌာနမှာ အသိပညာအစွမ်းအစ ညီတူညီမျှရှိမယ်။ နောက် ဂုတင်ဗတ် ပုံနှိပ်စက်ကိုတီထွင်ပြီးမှ ဥရောပက သိပ်တိုးတက်သွားပြီးတရုတ်က ဘလောက်ပုံနှိပ်နည်းကိုနောက်နှစ်အတန်ကြာ ဆက်သုံးနေသေးတဲ့အတွက် တိုးတက်မှု့နှေးသွားတယ် ပုံနှိပ်စက်ကြောင့် ဒီလိုကွာခြားသွားရတယ်လို့ပြောလို့မဖြစ်ပါ။ ဒါပေမယ့် ဒီပုံနှိပ်စက်ကို ဥရောပမှာဖြစ်ပေါ်လာတာဟာ ဥရောပရဲ့ရှေ့တိုးတက်ရေးမှာ သိပ်အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။
အခုစာအုပ်ပါ ကျော်စွာစာရင်းမှာ ဂုတင်ဗတ်(Gutenberg)မမွေးခင် ရှေ့ကနှစ်ငါးရာအတွင်း မွေးခဲ့တဲ့ပုဂ္ဂိုလ်သုံးဦးရှိပါတယ်။ သူသေပြီးမှ အနှစ်ငါးရာအတွင်းမှာ ကျော်စွာ ခြောက်ဆယ့်ခုနှစ်ယောက်ရှိပါတယ်။ အဲဒါ ဘာကိုပြသလဲဆိုရင် ဂုတင်ဗတ် (Gutenberg)တီထွင်ချက်ဟာ ခေတ်သစ်မှာ နောက်ထပ် နောက်ထပ်တီထွင်ချက်တွေကို စတင်လုပ်ဆောင်ကြပြီး ခေတ်ပြောင်းတော်လှန်ရေးတွေ ဖြစ်ပေါ်စေဖို့စက်ခလုပ်နှိပ်ကာ လမ်းဖွင့်ပေးသလိုဖြစ်ခဲ့တယ်။
အလက်ဇန္နားဂရေဟမ်ဘဲလ် (Alexander Graham Bell) မမွေးပေမယ့် ကမ္ဘာ့သမိုင်းမှာ အဲဒီအချိန် တယ်လီဖုန်းပေါ်လာမှာသေချာတယ်။ အဲဒီလိုပဲတခြားတီထွင်ချက်တွေလည်း ပေါ်လာမှာပဲ ဒါပေမယ့် ဂုတင်ဗတ်မရှိရင် စာပုံနှိပ်စက်ဟာ နောက်ထပ်နှစ်တွေအများကြီးကြာမှပေါ်မှာပါ။ ဒီစက်ကြောင့်ဖြစ်ပေါ်လာရတဲ့တခြားကိစ္စတွေလည်း နှေးကွေးနောက်ကျစရာရှိတယ်။ ဒါ့ကြောင့်ဂုတင်ဗတ်ကို အခုစာရင်းမှာ ထိပ်ကနေရာထဲမှာထည့်ဖို့ ထိုက်တန်သူဖြစ်ပါတယ်။
ဒေါက်တာသန်းထွန်း – ကျော်စွာ ၁၀၀ မှ
Discussion about this post