ရေးသားသူ – Ko Phyo Ko Ko Naing
ဒီနာမည်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဘယ်သူမှ မကြားဖူးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရှောင်းမီ တည်ထောင်တာ လာမယ့် ၄ လပိုင်း ၆ ရက်နေ့မှ ၆ နှစ် ပြည့်မယ်။ ဒီလောက် အချိန်တို အတွင်းမှာ Xiaomi ဟာ ဧရာမ မိုဘိုင်းဖုန်း ကုမ္ပဏီကြီး တွေကို နောက်ကောက်ချပြီး တရုတ်ရဲ့ နံပါတ် ၁ ဖြစ်လာတယ်။ ကမ္ဘာမှာ Apple နဲ့ Samsung နောက်က တတိယ အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။
တရုတ်တို့ရဲ့ နည်းပညာခေတ်မှာ ရှောင်းမီ နဲ့အလီဘာဘာက အံ့သြဖွယ်ရာ နှစ်ခု ဖြစ်တယ်။ အလီဘာဘာကို တည်ထောင်သူ ဂျက်မား အကြောင်းကို လူသိ ပိုများပါတယ်။ ရှောင်းမီကို တည်ထောင်သူ လေကျွင်းကို သိပ်မသိကြဘူး။ ဂျက်မားနဲ့ လေကျွင်းဟာ တရုတ်လူငယ်တွေရဲ့ အိမ်မက်ထဲက စီးပွားရေး အိုင်ကွန် နှစ်ယောက် ဖြစ်ပါတယ်။
၁၉၉၁ တရုတ်ပြည် ဝူဟန် တက္ကသိုလ်မှာ ကွန်ပြူတာ သိပ္ပံ တက် နေတဲ့ အသက် ၂၂ နှစ် အရွယ် လေကျွင်း ဆိုတဲ့ လူငယ် တစ်ယောက် ရှိပါတယ်။ သူ့သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ကျောင်းတက်ရင်း Software ကုမ္ပဏီ အသေးလေး စတည်ထောင်တယ်။ မကြာပါဘူး။ တရုတ်တို့ရဲ့ ထုံးစံအတိုင်း သူ အိုင်ဒီယာကို ကုမ္ပဏီကြီး တစ်ခု ဆင်တူ ရေးဆွဲပြီး ဈေးပေါပေါနဲ့ ချရောင်း လိုက်တယ်။ ဒါကြောင့် သူတို့ကုမ္ပဏီ အသေးလေး မလည်ပတ်တော့ဘဲ ၆ လနဲ့ ပိတ်လိုက်ရတယ်။ သုံးယောက်လုံး ရှိစုမဲ့စုတွေ ကုန်ပြီး အရင်းပြုတ် သွားတယ်။ လက်ကျန်ပစ္စည်းတွေ ခွဲတော့ ကွန်ပြူတာနှစ်လုံးနဲ့ ပရင်တာ တစ်လုံး ကျန်တယ်။ ဒါကို သုံးယောက် မျှပြီး ခွဲယူလိုက်ကြတယ်။
အဲဒီ အရင်းပြုတ်သွားတဲ့ သုံးယောက်ထဲက လေကျွင်း ဆိုတဲ့ ကောင်လေးဟာ က နောင် ၁၉ နှစ်အကြာမှာတော့ ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖန်တီးမယ့်သူ ဆိုတာကို ဘယ်သူမှ မခန့်မှန်း နိုင်ခဲ့ပါဘူး။
လေကျွင်းကို ၁၉၆၉ ဒီဇင်ဘာ ၁၆၊ ဟူပေ ပြည်နယ် မှာမွေးပါတယ်။ ၁၉၈၇ မှာ အထက်တန်းပြီးတယ်။ ဝူဟန် ကွန်ပြူတာ တက္ကသိုလ်တက်တယ်။ ၁၉၉၁ မှာ ကိုယ်ပိုင် ကုမ္ပဏီ စတည်ထောင်ရာမှ အရင်းပြုတ် ဆုံးရှုံးခဲ့ပါတယ်။
ဒါနဲ့ ၁၉၉၂ မှာ လေကျွင်းဟာ King Soft အမည်ရှိ Anti Virus ရေးတဲ့ ဆော့ဝဲလ် ကုမ္ပဏီမှာ အစမ်းခန့် အောက်ခြေ ဝန်ထမ်း စလုပ်ပါတယ်။ သူဟာ အလုပ်ကြိုးစားပြီး သင်ယူမှု အလွန်မြန်တယ် ဆိုတယ်။ တပတ်ကို နာရီ ၁၀၀ အထက် အလုပ်လုပ်တယ်။ ထူးခြားတဲ့ အရည်အသွေးကြောင့် ၂ နှစ် အကြာမှာ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖြစ်လာတယ်။ နောင် ၄ နှစ်အကြာ ၁၉၉၈ မှာ ကုမ္ပဏီရဲ့စီအီးအို အဖြစ် ခန့်အပ်ခြင်း ခံရတယ်။ ၆ နှစ်အတွင်း အောက်ဆုံး ဝန်ထမ်းကနေ စီအီးအို ဖြစ်ခဲ့တာက အံ့သြဖွယ် သူရဲ့ အရည်အသွေးပါပဲ။
၂၀၀၀ ခုနှစ် မတ်လမှာ King Soft ရဲ့ စီအီးအို တာဝန် ယူထားရင်း Joyo. com ဆိုတဲ့ အင်တာနက် စာအုပ်ဆိုင်ကို ကိုယ်ပိုင်လုပ်ငန်း အဖြစ် ပြန် တည်ထောင်ပါတယ်။ လုပ်ငန်း အောင်မြင်သွားပြီး ၄ နှစ်အကြာမှာ Joyo ကို Amazon ကုမ္ပဏီသို့ ဒေါ်လာ ၇၅ သန်းနဲ့ရောင်းချလိုက်တယ်။ ဒီကစပြီး လေကျွင်းဟာ တရုတ် မီလီယံနာ တစ်ဦး ဖြစ်လာပါတယ်။
King Soft ကုမ္ပဏီဟာ လေကျွင်းကို ဆက်လက် ထိန်းသိမ်းထားဖို့၁၉၉၈ ထဲက စီအီးအို ရာထူးပေးခဲ့သလို ၂၀၀၁ မှာ ဥက္ကဌ ရာထူးပါ ပူးတွဲခန့်အပ် ခဲ့ပါတယ်။ ဒါပေမယ့် Joyo ကိုရောင်းချပြီး ကိုယ်ပိုင် လုပ်ငန်း တစ်ခု ထပ်တည်ထောင်ဖို့ဆန္ဒ ပြင်းပြနေတဲ့ လေကျွင်းကို သူတို့ ထိန်းသိမ်းလို့ မရတော့ပါဘူး။ ၂၀၀၇ ဒီဇင်ဘာ၂၀ မှာ လေကျွင်းဟာ ကျန်းမာရေး မကောင်းလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ဆယ်နှစ်နီးပါး လုပ်ခဲ့တဲ့ စီအီးအိုနဲ့ဥက္ကဌ ရာထူးက နှုတ်ထွက်ပါတယ်။ လေကျွင်းဟာ ဒီနေ့ထိ King Soft ကုမ္ပဏီရဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ပိုင်ပါသေးတယ်။
၂၀၀၈ မှာ လေကျွင်းဟာ သူရဲ့ငွေတွေနဲ့ တရုတ် နာမည်ကျော် (UC Browser) ကို ဖန်တီးခဲ့တဲ့ မိုဘိုင်း အင်တာနက် ကုမ္ပဏီ UCWeb နဲ့Vancl. com မှာ စတင် ရင်းနှီးမြုပ်နံှတယ်။ မကြာခင် UCWeb ရဲ့ ဥက္ကဌ တာဝန် ယူတယ်။ လေကျွင်းရဲ့ အိမ်မက်တွေဟာ ဒီလောက်နဲ့ မရပ်တန့် သွားသေးပါဘူး။ King Soft မှာ အလုပ်လုပ်စဉ် ထဲက နိုကီရာ၊ မိုတိုရိုလာ ကုမ္ပဏီတွေနဲ့ လုပ်ငန်းအရ ပတ်သတ်ခဲ့ပြီး စမတ်ဖုန်း ဈေးကွက်ကို စိတ်ကူးယဉ် ခဲ့ပါတယ်။ အလျင်အမြန် ကြီးထွားလာတဲ့ ဒီဈေးကွက်ကို ရယူဖို့ ဆုံးဖြတ်ပြီး နည်းဗျူဟာတွေ ချမှတ်ပါတယ်။
၂၀၁၀ လေးလပိုင်း မှာတော့ သူငယ်ချင်း ၈ ယောက်နဲ့ ရှယ်ယာစုပြီး ရှောင်းမီကို စတင် တည်ထောင်တယ်။ ဒီတည်ထောင်ခြင်းဟာ အာရှရဲ့ စမတ်ဖုန်း၊ တက်ဘလက်နဲ့နည်းပညာလောကထဲကို မုန်တိုင်း တစ်ခု စတင် ဝင်ရောက်လာခြင်း လို့ ဆိုနိုင်ပါတယ်။
ရှောင်းမီတည်ထောင်ပြီး တစ်နှစ်နဲ့ ငါးလ အကြာ မှာ သူတို့ရဲ့ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Mi1 ကို စထုတ်ပါတယ်။ ပန်းသီးဘုရင် စတိပ်ဂျော့ရဲ့ နောက်ဆုံး လက်ရာ iphone 4S နဲ့ အပြိုင် တရုတ် ဈေးကွက်ထဲ စပို့တယ်။ 4S က ဒေါ်လာ ၇၉၀ ရောင်းတဲ့ အချိန်မှာ Mi1 ကို ဒေါ်လာ ၃၂၀ နဲ ရောင်းပါတယ်။ အိုင်ဖုန်း နဲ့ အရည်အသွေး တူတဲ့ ဖုန်းကို ဈေးတဝက်ပဲပေးပါ ဆိုပြီး နည်းပညာဘီလူးကြီးကို နားရွက် တံတွေး စစွတ်ပါတယ်။ ဒီကနေ စပြီး ရှောင်းမီ ဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး စမတ်ဖုန်း ဈေးကွက်ထဲကို ခုန်ဝင် လာပါတယ်။ စတိပ်ဂျော့ ကွယ်လွန် သွားတဲ့အခါ လေကျွင်းကို ဒုတိယ စတိပ်ဂျော့ အဖြစ် တင်စားကြပါတယ်။
ရှောင်းမီဟာ အလွန်လျင်မြန်စွာ အောင်မြင်လာပြီး ၂၀၁၄ ဒီဇင်ဘာမှာ ကုမ္ပဏီ တစ်ခုလုံးရဲ့တန်ဖိုး ဒေါ်လာ ၄၅ ဘီလီယံ ရှိလာပါတယ်။ လေကျွင်းလည်း တရုတ်ရဲ့ ထိပ်သီး စီးပွားရေး မီးငှက်တွေကို ကျော်တက်ပြီး
– ၂၀၁၁ မှာ တရုတ်ရဲ့ ၂၀၁ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာတယ်။
– ၂၀၁၂ မှာ တရုတ် ထိပ်တန်း လုပ်ငန်းရှင် ၁၀ ယောက်ထဲ ပါလာတယ်။
– ၂၀၁၃ မှာ ဖော်ကျွန်း မဂ္ဂဇင်းရဲ့ ဂုဏ်ယူ အထိုက်ဆုံး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံရတယ်။
– ၂၀၁၃ မှာ အာရှကို ချုပ်ကိုင်မယ့် လုပ်ငန်းရှင် ၁၁ ယောက် စာရင်းမှာပါလာတယ်။
– ၂၀၁၄ မှာ ပိုင်ဆိုင်မှု ၉.၉ ဘီလီယံနဲ့ တရုတ် နံပတ် ၈ ဘီလီနာ ဖြစ်လာတယ်။
– ၂၀၁၄ မှာ ဖို့ဒ် မဂ္ဂဇင်းရဲ့ တနှစ်တာ စွန့်ဦး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံ ခဲ့ရတယ်။
– ၂၀၁၅ ဇူလိုင်မှာ ပိုင်ဆိုင်မှု ခန့်မှန်း ၁၃.၃ ဘီလီယံနဲ့ တရုတ် နံပါတ် လေး၊ ကမ္ဘာ့ နံပါတ် ၈၇ ယောက် မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
(*အတည်မပြုနိုင်တဲ့ စာရင်းအရ လေကျွင်းဟာ ဒေါ်လာ ၄၅ ဘီလီယံတန်တဲ့ ရှောင်းမီရဲ့ ရှယ်ယာ ၇၇.၈ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အတွက် ၃၅ ဘီလီယံ ထိ ကြွယ်ဝနေပြီလည်း ဆိုပါတယ်။ ဒါသာ မှန်ခဲ့ရင်တော့ လေကျွင်းဟာ အလီဘာဘာရဲ့ ဂျက်မားနဲ့ ဝမ်ဒါအုပ်စု သူဌေး ဝမ်ကျန်လင် ကို ကျော်တက်ပြီး တရုတ် နံပါတ်တစ် ဘီလီနာ ဖြစ်နေပါပြီ*)
လေကျွင်းဟာ ရှောင်းမီကို ဆက်တိုက် အရှိန် မြင့်တင်နေရင်း အခြား ရင်းနှီးမြုပ်နှံမှု တွေကိုပါ တောက်လျှောက် ပြုလုပ်နေပါတယ်။ ၂၀၁၁ အတွင်း တရုတ် နည်းပညာ ကုမ္ပဏီ ၂၀ ကျော်မှာ ရင်းနှီး မြုပ်နံှခဲ့တယ် ဆိုတယ်။ တရုတ်နာမည်ကျော် e commerce ကုမ္ပဏီ Lakala နဲ့ လူမှုကွန်ယက် YY မှာလည်း လေကျွင်း ရှယ်ယာ အများစုပါတယ်။ ၂၀၁၅ မတ်လမှာ ယုကျားဟွေလို့ ခေါ်တဲ့ အလှကုန် ကုမ္ပဏီမှာပါ ထပ်မံ ရင်းနှီးမြုပ်နံှ ခဲ့တယ်။ ၂၀၁၅ ကစပြီး နည်းပညာ ကုမ္ပဏီ အသေး တစ်ရာကျော်မှာ ရင်းနှီးမြုပ်နံှပြီး ရှောင်းမီကို ပိုမို ကြီးထွားအောင် ဘေးကနေ ပံ့ပိုးပေးဖို့ စီစဉ် နေပါတယ်။

ရှောင်းမီရဲ့ ဈေးကွက် ထိုးဖောက်မှု နည်းဗျူဟာ
*ဧရာမ ဖုန်းကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ ကုန်ကျစရိတ် လျော့တဲ့ အနေနဲ့ နေရာကောင်းမှာ ဆိုင်ခန်းဖွင့်ခြင်းကို ရှောင်ကျဉ်ပြီး Online ကသာ တဆင့်ရောင်းချခဲ့တယ်။ ဆိုင်ခန်းစရိတ် လွန်စွာ သက်သာခဲ့ပါတယ်။
*ပစ္စည်းကို ဈေးကွက်မှာ အမြဲ လိုအပ်ချက် ဖြစ်နေစေရန် အရေအတွက် ထိန်းချုပ်ပြီး ထုတ်ခဲ့တယ်။
*သုံးစွဲသူရဲ့တုံ့ပြန်မှုကို အပတ်စဉ် (Update) ပေးပြီး အမြန်ဆုံး ပြင်ဆင်ပေးတယ်။
*အရည်အသွေးကောင်း ကို ဈေး သက်သက် သာသာနဲ့ ရောင်းတယ်။
*ကြေငြာကို ရုပ်သံမီဒီယာက မကြေငြာဘဲ Online ကသာ ကြေငြာပြီး စရိတ်ကို ပြိုင်ဘက် ကုမ္ပဏီ တွေထက် အဆပေါင်းများစွာ ချုံ့ခဲ့တယ်။
*ဥရောပ၊ အမေရိကန် နဲ့ ဂျပန်လို ဈေးကွက်တွေကို မရွေးချယ်ဘဲ ဈေးပေါပြီး အရည်အသွေးကောင်း လိုအပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင် အာရှ ဈေးကွက်ကိုသာ ရွေးချယ် ခဲ့ပါတယ်။
စမတ်ဖုန်း သုံးစွဲမှု ပေါက်ကွဲချိန်မှာ ဈေးကွက် လိုအပ်ချက် ကွက်လပ် တစ်ခု ပေါ်လာခဲ့တယ်။ အနောက်နိုင်ငံနဲ့ဂျပန် ဖုန်းတွေဟာ အရည်အသွေး ကောင်းပေမယ့် ဈေးများတယ်။ တရုတ်ဖုန်း ကျတော့ ဈေးပေါပြီး အရည်အသွေး ညံ့တယ်။ ဒီနှစ်ခုကြားထဲက “အရည်အသွေးကောင်း ဈေးသက်သာ” ဆိုတဲ့ ကွက်လပ်ကို ရှောင်းမီက ဖြည့်နိုင်ခဲ့တာကြောင့် တဟုန်ထိုး အောင်မြင်ခဲ့ပါတယ်။
လေကျွင်းရဲ့ကျော်ကြားတဲ့စကားတစ်ခုကတော့ မိုဘိုင်းဖုန်းက နိုင်ငံသားဖြစ်ခွင့် လျှောက်စရာ မလိုဘူး ဆိုတာပါပဲ။ သူ့ဖုန်းကို တကမ္ဘာလုံး လက်ခံ နိုင်အောင်လုပ်ပြီး နိုင်ငံတိုင်းမှာ ဝင်နေမယ်လို့ ဆိုပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်ထဲက ကြွယ်ဝတဲ့ မီလီယံနာ ဖြစ်နေပေမယ့် ၂၀၀၇ ထိ လူထုရှေ့ ထွက်မလာခဲ့ပါဘူး။ (Very Low Profile) မထင်မရှား နေထိုင်ခဲ့ပါတယ်။ ၂၀၀၇ နောက်ပိုင်းမှ CEO Branding လုပ်ဖို့မီဒီယာတွေနဲ့ အင်တာဗျူး ခံပြီး လူထုရှေ့ထွက်လာပါတယ်။
အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ လေကျွင်းကို မီဒီယာက မေးပါတယ်။ ဇီးရိုး ဘဝကနေ ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်အောင် ဖန်တီးခဲ့တဲ့ ခင်ဗျားရဲ့ လှို့ဝှက်ချက်က ဘာလဲတဲ့။
လေကျွင်းက သူ့ရဲ့ ကြိုးစားမှု၊ ထူးချွန်မှုတွေကို အမွှန်းမတင်ဘဲ ဒီလို ရိုးရိုးလေး ဖြေခဲ့ပါတယ်။
“ကျနော် အချိန်မှန် နေရာမှန် ယူမိလို့ပါ။ မုန်တိုင်း အလယ်ထဲ ဝင်သွားမှတော့ ဝက်တောင် ပျံလို့ ရပါတယ်” တဲ့။
လေကျွင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးတဲ့ ကျနော်တို့ အတုယူဖို့ ကောင်းလွန်းပါတယ်။
Phyo Ko Ko Naing
(လွန်ခဲ့တဲ့ ၂နှစ်က ကိုဖြိုးကိုကိုနိုင် ရေးခဲ့တဲ့ပိုစ့်ပါ)
Discussion about this post