ရေးသားသူ – နိုင်းနိုင်းစနေ
““တကယ်လို့ ဒီနေ့ဟာ ငါ့ရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်ဒီနေ့မှာ ငါ ဘာတွေလုပ်မလဲ””
တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီ ရက်တွေက “ပထမဆုံးရက်”နဲ့ “နောက်ဆုံးရက်”ဖြစ်တယ်။
Steve Jobs ရဲ့ မိန်းမပိုးနည်းကနေ စပြောကြရအောင်။
Steve Jobs ဆိုတာ အားလုံးသိကြတဲ့အတိုင်း ယနေ့ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ apple ကုမ္ပဏီကို စတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
တစ်နည်းပြောရရင် နည်းပညာလောကရဲ့ မသိသူမရှိတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ၁၉၈၅ ခုနှစ်မှာ Jobs ဟာသူတည်ထောင်ခဲ့တဲ့ ပန်းသီးကုမ္ပဏီကနေ မောင်းထုတ်ခံခဲ့ရတယ်။ အဲဒီ တုန်းက သူခံရတဲ့ ထိုးနှက်ချက်တွေကို သင် ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့်Jobs ကြာကြာလဲကျမနေဘူး။ အချိန်တိုအတွင်းမှာ လဲကျနေရာက သူ ထရပ်နိုင်ခဲ့တယ်။
တစ်နေ့တော့ တက္ကသိုလ်ကျောင်းရဲ့ ဟောပြောပွဲတစ်ခုမှာ သူ့ဟောပြောတာကို လာနားထောင်တဲ့ “သူမ”ကို သူ တွေ့ခဲ့တယ်။ ဟောပြောပွဲပြီးချိန် “သူမ”နဲ့သူ စကားစမြည်သွားပြောတယ်။ ဖုန်းနံပါတ်တောင်းတယ်။ တကယ်တော့ အဲဒီ ညနေမှာ သူမကို ညစာဖိတ်ကျွေးဖို့ သူ စိတ်ကူးခဲ့ပေမယ့် အစည်းအဝေးတက်ဖို့ရှိတာကြောင့် သူ မဖိတ်ဖြစ်ခဲ့ဘူး။ နေရာကနေခွာခါနီး Jobs ဟာ မေးနေကျမေးခွန်းအတိုင်း သူ့ကိုယ်သူ ပြန်မေးမိတယ်။ မေးနေကျမေးခွန်းဖြစ်တယ်။
“တကယ်လို့ ဒီနေ့ဟာ ငါ့ရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ငါ ဘာတွေလုပ်မလဲ”
Jobs ဟာ သူ့ကိုယ်သူ အဲဒီ လိုမေးပြီး အဖြေချက်ချင်းထုတ်တယ်။ ဟောပြောခန်းထဲသွားပြီး သူမကို သူ သွားပြန်ရှာတယ်။ ပြီးတော့ညစာအတူစားကြတယ်။ အဲဒီ သူမ Laurene Powell က နောက်တော့ သူ့ရဲ့ဇနီးမယားဖြစ်လာခဲ့တယ်။
jobs ရဲ့ အဆိုတချို့က ဒီလိုဆိုပါတယ်။ “ဘဝမှာ ဆုံးဖြတ်ချက်ကြီးကြီး ချရခါနီး မှာ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ ကျွန်တော် သတိပေးတတ်တယ်။ ဒါဟာ ကျွန်တော်သုံးခဲ့ဖူးသမျှ နည်းတွေထဲက အရေးပါဆုံးနည်းပေါ့။ ဘာလို့လဲဆိုတော့ အရာတိုင်းလိုလို ရှိသမျှမျှော်လင့်ချက်တွေ၊ နာမည်ကောင်းတွေ၊ အခက်အခဲတွေ ဒါမှမဟုတ် ရှုံးနိမ့်ခြင်းရဲ့ ကြောက်ရွံ့မှု စတာတွေက သေမင်းနဲ့ ရင်ဆိုင်ရချိန် ပျောက်ဆုံးကုန်တယ်။တကယ့်အရေးပါတဲ့ အရာတွေပဲ ကျန်ရစ်ခဲ့တယ်”
“ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ သတိပေးတာဟာကျွန်တော်သိသလောက် ကျရှုံးမှု ထောင်ချောက်ထဲ တိုးဝင်ချိန် မကြောက်ရွံ့ဖို့ တားဆီးပေးတဲ့အကောင်းဆုံးနည်းဖြစ်တယ်။ လူတွေဟာ မွေးတုန်းကဘာမှပါမလာသလို၊ သေတော့လည်း ဘာမှပါမသွားဘူး။ ဒါကြောင့် ကိုယ့်စိတ်အတိုင်း မဖြစ်ဘူးဆိုတာ မရှိဘူး”
ကျွန်တော်တို့လည်း စိတ်ငြိမ်ငြိမ်ထားပြီး ဒီနေ့ဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ကိုယ် ဘာလုပ်မလဲလို့မေးကြည့်ပါ။
“ပထမဆုံးရက်”ဆိုတာ ကျောင်းဖွင့်တဲ့ပထမရက်မှာ ကျွန်တော်တို့ဟာ ကျောင်း၊ ဖတ်စာအုပ်၊ ကျောင်းသူကျောင်းသား စတာတွေကို စိတ်ဝင်တစားရှိကြတယ်။ ပထမဆုံးရက် အလုပ်စဝင်တဲ့နေ့မှာ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး ကျွန်တော်တို့ ကြိုးကြိုးစားစား သင်ယူချင်ကြတယ်။
ပထမဆုံး ချိန်းတွေ့တဲ့ရ က်မှာ တွေ့ဆုံချိန် တစ်မိနစ်၊ တစ်စက္ကန့်ကိုတောင် ကျွန်တော်တ့ို တန်ဖိုးထားတယ်။ ပထမဆုံး ရာထူးတိုးတဲ့ရက်မှာ တာဝန်ကျေကျေ ထမ်းဆောင်ဖို့ ရည်မှန်းချက်ရှိကြတယ်။ ပထမဆုံးရက်တိုင်းဟာ ကျွန်တော်တို့ အင်အားအရှိဆုံး၊ အသွက်လက်ဆုံး၊ အတက်ကြွဆုံးရက် ဖြစ်ခဲ့တယ်။
တစ်သက်မှာ နှစ်ရက်တည်းနဲ့ အရာရာကို နေ့တိုင်း ပိုင်ဆိုင်စေပါတယ်။ ပထမဆုံးရက်အတိုင်း ခွန်အားသစ်တွေ ပြည့်ဖြိုးမယ်၊ တက်ကြွမယ်။ နောက်ဆုံးရက်အတိုင်း ကြောက်ရွံ့မှု ကင်းမယ်၊ အတွယ်တာကင်းမယ်။ “ပထမဆုံးရက်”ကို အသုံးပြုပြီး စိတ်သစ်၊ ခွန် အားသစ်တွေနဲ့အရာတိုင်းကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ရင် အောင်မြင်မှု ပန်းတိုင်ဆီ မုချရောက်ပါတယ်။ “နောက်ဆုံးရက်”ကို အသုံးပြုပြီး နောက်ခြေတစ်လှမ်းအတွက် ခံစားချက်ကို ရွေးမယ်ဆိုရင် ရှေ့သို့ ပို့လှမ်းမယ့် အားအင်တွေကိုရပါတယ်။
တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီ နှစ်ရက်နဲ့ အရာရာတိုင်းကို သင် နေ့တိုင်းပိုင်ဆိုင်နိုင်ပါတယ်။
Discussion about this post