စစ်ဘက်ဆိုင်ရာ ဖန်တီးတီထွင်မှုဆိုတာနဲ့ လူအများစုက လူသတ်လက်နက်အဖြစ်သာ အများအားဖြင့်ရှုမြင်လေ့ရှိကြပါတယ်။ အမှန်ဆိုရင် ယခုအသုံးပြုနေတဲ့မော်တော်ယာဉ် လိုစက်တပ်ယာဉ်အမျိုးမျိုး၊လေယာဉ်၊မီးရထားအစရှိတဲ့လူသားတွေအတွက်အရေးပါ ဆုံးသော သယ်ယူပို့ဆောင်ရေးပစ္စည်းတွေဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် အတွင်းအင်အားကြီးနိုင်ငံတွေတစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင်မြှင့်တင်ခဲ့ကြတဲ့ နည်းပညာစွမ်းအားရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။
စစ်ပွဲတွေဟာလက်နက်နဲ့စစ်သားတွေတိုက်ကြတဲ့အလုပ်ဆိုပေမယ့် စစ်သည်တွေအတွက်ထောက်ပံ့ရေးကိရိယာတွေ ဟာလည်း စစ်ပွဲအနိုင်အရှုံးနဲ့တစ်စိတ်တစ်ပိုင်းသာမကသက်ဆိုင်နေတာကိုတွေ့ရပါတယ်။ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေကနေပဲလူသားတွေအတွက်အကျိုးပြုတဲ့ပစ္စည်းကိရိယာ များစွာထွက်ရှိခဲ့တာဖြစ်ပြီးဒီနေရာမှာမျှဝေပေးချင်တာကတော့ စစ်ဘက်ဆိုင်ရာလုပ်ငန်း တွေကနေ လူသားတွေရဲ့နေ့စဉ်လူနေထိုင်မှုကိုအကျိုးပြုနေတဲ့ ကိရိယာပစ္စည်း (၁၀) မျိုးရဲ့အကြောင်းဖြစ်ပါတယ်။
(၁၀) GPS
GPS မပေါ်ခင်နှစ်ပေါင်းများစွာအကြာကတော့ လူသားတွေဟာမရောက်ဖူးတဲ့နေရာဒေသတစ်ခုအတွက်ဆိုရင် မြေပုံတွေကိုအဓိကအသုံးပြုရပါတယ်။ ယင်းရောက်ခဲ့ပြီးနေရာ တွေဟာလည်း နှစ်ပေါင်းကြာလာတာနဲ့အမျှပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်ပြီးနောက် တစ်ကြိမ်သွားရောက်တော့မယ်ဆိုရင်လည်း ယခင်ရှိခဲ့ပြီးတဲ့မြေပုံနဲ့တူချင်မှတူပါလိမ့် မယ်။ GPS ပေါ်လာချိန်မှာတော့ ဒီအခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီး ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ ဂြိုလ်တုလမ်းပြစနစ်နဲ့ ကမ္ဘာနေရာတိုင်း၊မြို့တော်ကြီး တိုင်းကိုသွားရောက်နိုင်ပြီဖြစ်ပါတယ် ။
GPS ဟာအမေရိကန်စစ်ဘက်ရဲ့တီထွင်ထား တဲ့ အင်တာနက်လမ်းပြစနစ်တစ်ခုဖြစ်ပြီး စစ်အေးတိုက်ပွဲကာလအတွင်းကတီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် Naval Research Laboratory ကသိပ္ပံပညာရှင် Roger Easton ကပြိုင်ဘက်ဆိုဗီယက်ဘက်က ဘယ်လိုအမျိုးအစားဂြိုလ်တုလွှတ်တင်တယ် ဆိုတာကိုသိနိုင်ဖို့စတင်ကြိုးစားလာရာကနေဖြစ်ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်စုကြာချိန်ရောက်မှ သူက Navigation System Using Satellites and Passive Ranging Techniques ကိုဖန်တီးနိုင်ခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက Easton ရဲ့တီထွင်မှုအတွက် ရန်ပုံငွေစိုက်ထူပေးခဲ့ပြီး (၁၉၇၃)ခုနှစ်မှာ တော့ Navstar Global Position System အဖြစ်စတင်လူသိများလာပါတယ်။ နောက်ထပ်နှစ်(၂၀)လောက်ကြာတဲ့အထိ ယင်းစနစ်ကိုပဲတစ်ဖြည်းဖြည်းချင်းမြှင်တင် လာခဲ့ရာ ယနေ့ကမ္ဘာပေါ်မှာတွင်ကျယ်စွာအသုံးပြုနေတဲ့ GPS ဆိုပြီးဖြစ်လာခဲ့တာဖြစ် ပါတယ်။ ယခုလက်ရှိ GPS System တစ်ခုလုံးကိုထိန်းသိမ်းထားတာကတော့ အမေရိ ကန်ပြည်ထောင်စုကဖြစ်ပြီး ယင်းအတွက်နှစ်စဉ် အမေရိကန်ဒေါ်လာသန် (၉၀၀) လောက်ကို အမေရိကန်အစိုးရက ကျခံပေးထားပါတယ်။
(၉) Superglue (စူပါဂလူး)
လက်ရှိနေအိမ်တွေနဲ့လက်မှုပစ္စည်းလုပ်ငန်းတွေမှာ အသုံးတည့်နေတဲ့ Superglue (စူပါဂလူးကော်)တွေကိုတော့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နည်းပြကုမ္ပဏီ တစ်ခုဖြစ်တဲ့ Eastman Kodak ကသိပ္ပံပညာရှင်တွေကဖန်တီးခဲ့တာဖြစ်ပြီး မူလရည် ရွယ်ချက်ကတော့ သေနတ်တွေရဲ့ချိန်ကွင်းနေရာတွေကိုအလျှင်အမြန်နဲ့ခိုင်ခိုင်မာမာ ကပ်နိုင်မယ့် ကော်တစ်မျိုးအဖြစ်နဲ့ပါ။ သူတို့ရဲ့ဖန်တီးချက်ဟာသေနတ်တွေအတွက် တော့မပြည့်စုံခဲ့ပေမယ့် လူနေမှုနယ်ပယ်အတွက်တော့ အသုံးဝင်တဲ့ Superglue ကော် တွေဖြစ်လာစေခဲ့ပါတယ်။
Superglue တီထွင်မှုကိုဦးဆောင်ခဲ့တဲ့ပညာရှင်နာမည်ကတော့ Harry Coover ဖြစ်ပြီးဗီယက်နမ်စစ်ပွဲမတိုင်ခင်အထိတော့သူရဲ့တီထွင်မှုဟာ လူသိပ်မသိသေးပါဘူး။ စစ်ပွဲကာလရောက်ချိန်မှသာ စစ်မြေပြင်အရေးပေါ်ကုသရတဲ့ လူနာတွေအတွက် ပတ်တီးလိုအရာတွေနဲ့အလျှင်အမြန်ဆေးစည်းပေးခြင်းတွေပြုလုပ် ရာမှာတော့ Superglue တွေဟာအရေးပါတဲ့ပစ္စည်းတွေဖြစ်လာပါတယ်။
အစောပိုင်း ကထုတ်လုပ်တဲ့ Superglue တွေကိုတော့ FDAက လူအသားတွေကိုထိရင် မလိုအပ်တဲ့ တွယ်ကပ်မှုတွေကြောင့် ဒဏ်ရာအနာတရဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မထောက်ခံခဲ့ပါဘူး။ နောက်ပိုင်းရောက်မှသာ Superglue တွေရဲ့နည်းပညာကိုမြှင်တင် နိုင်ခဲ့ပြီး အခြားသောဆောက်လုပ်ရေးလုပ်ငန်း၊အိမ်တွင်းသုံးနဲ့လက်မှုလုပ်ငန်းသုံးပစ္စည်း အဖြစ် အသိအမှတ်ပြုထုတ်ဝေခွင့်ပြုခဲ့ပါတယ်။
(၈) Canned food (စည်သွတ်ဘူး)
လက်ရှိအသုံးပြုနေတဲ့ Canned food (စည်သွတ်ဘူး)တွေဟာလည်း စစ်ဘက်ဆိုင်ရာ တီထွင်မှုတစ်ခုဖြစ်ပြီး (၁၇၉၅)ခုနှစ်လောက်ကတည်းကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်စစ်ဘုရင်နပိုလီယံဘိုနာပတ်ဟာသူရဲ့စစ်ပွဲတွေအတွင်းမှာပဲ အစားအစာတွေကို ကာလရှည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကိုဖန်တီးနိုင်သူရှိရင် ဆုငွေများစွာချီးမြှင့်မယ်လို့ ကြေငြာခဲ့ဖူးပါတယ်။ ဒါပေမယ့် (၁၅)နှစ်လောက်ကြာတဲ့အချိန်ထိ နပိုလီယံရဲ့ကမ်းလှမ်းချက်အပေါ် ဖန်တီးပေးမယ့် ပညာရှင်ဥရောပမှာမပေါ်ခဲ့ပါဘူး။
(၁၅)နှစ်ကျော်ချိန်ရောက် မှသာ အစားအသောက်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Nicolas Francois ဆိုသူက အသား ၊ အရွက်တွေကို သူရဲ့နည်းပညာအရ လုံလောက်တဲ့အပူချိန်နဲ့ကြော်လှော်ပြီး ဖန်ပုလင်းထဲမှာထည့်ထားမယ် ဆိုရင်သာမန်ထက်ကာလများစွာခံနိုင်မှာဖြစ်ကြောင်း နပိုလီယံထံတင်ပြခဲ့ပါတယ်။ ဒါကိုအခြေခံပြီး အင်္ဂလိပ်လူမျိုး Peter Durand ဆိုသူက ဖန်ပုလင်းအစား ထူကဲတဲ့သံဘူးတွေအတွင်းမှာထားပြီး မျက်မှောက်ခေတ်စည်သွတ်ဘူး တွေရဲ့မျိုးဆက်ကိုစတင်ထုတ်ဖော်ခဲ့ပါတယ်။ နောက်ထပ်နှစ်ပေါင်း (၅၀)ကြာချိန်မှာ တော့ Ezra J. Warner ကဖွင့်စရာပါတဲ့သံဘူးတွေကိုတီထွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ တော့ အမေရိကန်စစ်တပ်ရဲ့ထောက်ပို့အဖွဲ့အစည်းဖြစ်တဲ့ Natick Soldier Center ကနေ အသားငါးနဲ့သီနှံတွေကိုကာလကြာတာရှည်ခံနိုင်တဲ့စားသောက်ကုန်နည်းပညာ တွေကိုပေါင်းစပ်ပြီး အမေရိကန်စစ်သားတွေအတွက်ရိက္ခာ စည်သွတ်ဘူးတွေကိုထုတ် လုပ်ခဲ့ပါတယ်။ ယနေ့ချိန်မှာဆိုရင်တော့ စည်သွတ်ဘူးတွေဟာ ကမာ့္ဘဈေးကွတ်ဝင်ကုန် ပစ္စည်းတွေအထိကို ဖြစ်လာနေခဲ့ပြီး လူအဖွဲ့အစည်းအတွက်အရေးပါတဲ့ဖန်တီးမှုုဖြစ်ခဲ့ပါ တယ်။
(၇) Blood Transfusions
သွေးသွင်းခြင်းဆိုတာဟာ စစ်ဘက်ဆိုင်ရာတီထွင်မှုနယ်ပယ်ကနေ တိုက်ရိုက်တီထွင်ခဲ့တာမဟုတ်ပေမယ့် အများဆုံးပတ်သက်ခဲ့တဲ့ စစ်မြေပြင်ရောက်ချိန်မှ အဆင့်ဆင့်တိုးတက် ခဲ့တာကတော့ အမှန်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်းကစစ်ဘက်ဆိုင်ရာဆေးပညာရှင်တွေ သွေးသွင်းအသက်ကယ်ဆယ်တဲ့နည်းကို စတင်ကျင့်သုံးလာကြပါတယ်။
(၁၉၁၃)ခုနှစ်မတိုင်ခင်ကာလကတည်းက ခွဲစိတ်ကုသတဲ့လုပ်ငန်းတွေမှာဆိုရင် သွေးအိတ်တွေမရှိတာကြောင့် သွေးလှူတဲ့သူဆီကနေတိုက်ရိုက်ရယူတဲ့နည်းလမ်းကို ကျင့်သုံးခဲ့ရပါတယ်။ ဒီအတွက်သွေးကိုမခဲရန်ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုဘယ်သူ ကမှရှာဖွေမတွေ့ရှိခဲ့ပဲ လုပ်မိ၊လုပ်ရာနည်းလမ်းမှားတွေသာထွက်ပေါ်လာခဲ့ပါတယ်။ (၁၉၁၃)နဲ့(၁၉၁၅)အကြားမှာတော့ ပညာရှင်တွေဟာသွေးကိုမခဲနိုင်တဲ့သွေးပုလင်းတွေ ကိုဖန်တီးလာနိုင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာဆိုရင် သွေးအလှူရှင်တွေထံကသွေးပုလင်းများစွာကို စစ်မြေပြင်အထိပို့ဆောင်ပြီးအသက်များစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။
စစ်ပွဲနှောင်းပိုင်းမှာတော့ အမေရိကန်နဲ့ ကနေဒါတပ်သားတွေဟာစစ်အတွင်းမဟာမိတ်တွေဘက်က ဝင်ရောက်တိုက်ခိုက်လာခဲ့ချိန်မှာတော့ သွေးသွင်းခြင်းနည်းစနစ်နဲ့သွေး ထိန်းသိမ်းရေးနည်းပညာတွေဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ်နဲ့ အင်္ဂလိပ်ဆရာဝန်တွေဟာ သူတို့ရဲ့နဂိုရှိရင်းသွေးသွင်း/ထုတ်နည်းပညာနဲ့ မြောက်အမေရိကတိုက်မှာယခင်ရှိပြီးသားသွေးထိန်းသိမ်းရေးပညာရပ်တွေပေါင်းစပ်ပြီး သွေးနဲ့အသက်ကယ်ရေးစနစ်ကိုဆေးပညာနယ်ပယ်မှာကျယ်ကျယ်ပြန့်ပြန့်သုံးနေခဲ့တာဟာ ယနေ့အထိဖြစ်ပါတယ်။
(၆) Ambulance (လူနာတင်ယာဉ်)
စည်သွတ်ဘူးလိုပဲ Ambulance (လူနာတင်ယာဉ်) တွေကိုဖြစ်လာစေဖို့အစပျိုးခဲ့သူက တော့ပြင်သစ်စစ်ဘုရင် နပိုလီယံပဲဖြစ်ပါတယ်။ သူရဲ့သမိုင်းမှာထင်ရှားခဲ့တဲ့ ဥရောပစိုးမိုး ရေးတိုက်ပွဲတွေအတွင်းမှာတော့ ပြင်သစ်စစ်ဘက်ဆိုင်ရာခွဲစိတ်ကုဆရာဝန် Baron Dominque Jean Larrey က တိုက်ပွဲကာလအတွင်းပြင်းထန်စွာဒဏ်ရရတဲ့စစ်သည် တွေဟာ ဆေးရုံတွေဆီအချိန်မီမရောက်နိုင်တာကြောင့် ပြင်သစ်စစ်သည်များစွာဟာ မသေသင့်ပဲသေနေရကြောင်း နပိုလီယံထံတင်ပြခဲ့ပါတယ်။
ယင်းနောက်မှာတော့ နပိုလီယံဟာ flying Ambulance လို့အမည်ပေးထားတဲ့မြင်းရထားတွေကိုအသုံးပြုပြီး ဒဏ်ရာရရှိသူတွေကို တိုက်ပွဲဧရိယာကနေအမြန်ဆုံးရှောင်ထွက်ကာ နီးစပ်ရာဆေးရုံကို ကုသနိုင်မယ့် စစ်ရေးစီမံချက်တစ်ခုကို တိုက်ပွဲတွေအတွင်းထည့်သွင်းပေးခဲ့ပါတယ်။ နပိုလီယံရဲ့ဆောင်ရွက်ချက်ဟာ သူစစ်တပ်အတွက်အလွန်ကိုတန်ဖိုးရှိခဲ့ပြီး စစ်သည်များ စွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ မြင်းလှည်း ကနေ မော်တော်ကားတွေကိုပြောင်းလဲအသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ Ambulance (လူနာတင်ယာဉ်) တွေဟာစစ်ဘက်ဆိုင်ရာတီထွင်မှုကနေ ရရှိခဲ့တဲ့လူသားတွေအတွက် အဖိုးတန် တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
(၅) Wrist Watches (လက်ပတ်နာရီ)
ယခုခေတ်မှာခေတ်မီတဲ့လူအသုံးအဆောင်ပစ္စည်းတွေထဲမှာဆိုရင် လက်ပတ်နာရီဟာ တစ်ခုအပါအဝင်ဖြစ်ပေမယ့် (၁၉၁၆)မတိုင်ခင်ကာလကတော့ လက်ပတ်နာရီဝတ်ဆင်ခြင်း ဟာ အနောက်နိုင်ငံတွေမှာရယ်စရာအဖြစ်သာရှိခဲ့ပါတယ်။ ယင်းကာလကရုပ်ရှင်သရုပ် ဆောင်တွေဆိုရင် လက်ပတ်နာရီဝတ်ဆင်ခြင်းကို ဟာသပြတ်လုံးအဖြစ်နဲ့တောင် ပြုလုပ်ကြလေ့ရှိပါတယ်။
ပထမကမ္ဘာစစ်ကာလရောက်ချိန်မှာတော့ အရွယ်ရောက်ပြီးအနောက်နိုင်ငံသားတော်တော်များများဟာ စစ်မှုထမ်းခြင်းအပါအဝင် ကျန်ရှိတဲ့အမျိုးသမီး တော်တော်များများဟာလည်းစစ်တပ်အတွက်လိုအပ်တဲ့ ထောက်ပို့ကုန်တွေအတွက် စက်မှုလုပ်ငန်းအတွင်းဝင်ရောက်ခဲ့ရတာကြောင့် အချိန်ကို အမြဲတစ်စေကြည့်ရှုဖို့လိုလာပါတော့တယ်။ ဒါကြောင့် လက်ပတ်နာရီတွေဟာ အနောက်နိုင်ငံသားတော်တော်များများ အတွက်အရေးပါတဲ့နေရာကကိုပါဝင်လာပါတယ်။ ယင်းနောက်ပိုင်းမှာတော့ လက်ပတ်နာရီတွေဟာ တန်ဖိုးမြင့်အသုံးအဆောင်အဖြစ်ကိုကူးပြောင်းသွားခဲ့ပါတော့တယ်။
(၄) The (electric ) Computer
ပထမဆုံးသော ကွန်ပျူတာလို့ သတ်မှတ်ရမယ့် လျှပ်စစ်ကွန်ပျူတာတွေကိုတော့ (၁၉)ရာစုအတွင်းမှာပဲ သင်္ချာပညာရှင်တစ်ယောက်ဖြစ်တဲ့ Charles Babbage ကတီထွင်ခဲ့ပါတယ်။ သူရဲ့ဖန်တီးမှုကတော့ ဂဏန်းပေါင်းစက် ဖြစ်ပြီး Different Engine လို့ လူသိများကာ (၁၉၄၄)ခုနှစ်မရောက်ချိန်ကာလအထိ အသုံးပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့(၁၉၄၄)ရောက်ချိန်မှာတော့ ဗြိတိန်စကားဝှက်ဖော်သူတွေ ဟာ Colossus အမည်ပေးထားတဲ့ လျှပ်စစ်ကွန်ပျူတာတွေကိုဖန်တီးကာ နာဇီတွေရဲ့ စစ်သုံးစကားဝှက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။
သမိုင်းမှာတော့ Enigma code လို့ လည်းသိကြပြီး Colossus တွေဟာ ဂျာမန်တွေရဲ့ Electric teleprinter နည်းပညာဖြစ်တဲ့ Fish လို့အမည်ပေးထားတဲ့ တစ်ဆင့်ပေးပို့ခြင်းမက်ဆေ့တွေကနေ စကားဝှက်တွေကိုရယူခဲ့တာကို တော့လူသိနည်းပါတယ်။ Fish မက်ဆေ့တွေဟာအထူးသဖြင့်တော့ Binary code တွေအသုံးပြုထားတဲ့Tunny လို့ခေါ်တဲ့ cipher machine (ဝှက်စာဖော်စက်) တွေကိုအသုံးပြုတည်ဆောက်ထား တာဖြစ်ပါတယ်။ ဗြိတိန်ပညာရှင် Alan Turing ကတော့ဂျာမန်တွေသုံးထားတဲ့ Tunny ဝှက်စာတွေကိုဘာသာပြန်မယ့် နည်းလမ်းကို Colossus လျှပ်စစ်ကွန်ပျူတာတွေအစွမ်းနဲ့ (၁၉၄၂)ခုနှစ်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပါ တယ်။
(၁၉၄၄)ရောက်ချိန်မှာတော့ ဂျာမန်တွေရဲ့စကားဝှက်အားလုံးကို မဟာမိတ်တွေ ဘက်က ဘာသာပြန်နိုင်ခဲ့ပြီး များစွာသောတိုက်ပွဲတွေရဲ့ အချက်အလက်တွေသာမက ဥရောပသိမ်းတိုက်ပွဲဖြစ်တဲ့ နာမည်ကျော်နော်မန်ဒီတိုက်ပွဲအတွက် လိုအပ်တဲ့စစ်ရေး ဆိုင်ရာသတင်းတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။ စစ်ကြီးပြီးချိန်မှာတော့ ဗြိတိန်တွေဟာ တိုက်ပွဲအတွက်ရည်ရွယ်တီထွင်ထားတဲ့ သူတို့ရဲ့ Colossus လျှပ်စစ်ကွန်ပျူတာတွေကို မန်ချက်စတာတက္ကသိုလ်ကိုပို့ဆောင်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ Colossus တွေကို အခြေခံပြီးမျက်မှောက်ခေတ် ကွန်ပျူတာမျိုး ဆက်တွေပွားများလာခဲ့ပါတယ်။
(၃) The microwave oven(မိုက်ခရိုဝေ့မီးဖို)
စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေကြောင့်သာမဟုတ်ရင် ယနေ့တွင်ကျယ်စွာအသုံးပြုနေတဲ့ The microwave oven(မိုက်ခရိုဝေ့မီးဖို) တွေဟာဖြစ်လာဖို့မရှိပါဘူး။ (၁၉၄၆)ခုနှစ်မှာ တော့ စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Percy Spencer ဟာ radar magnetrons တွေ အလုံးအရင်းနဲ့ထုတ် လုပ်နိုင်တဲ့နည်းလမ်းသစ်တွေ ကိုရှာဖွေခဲ့ပါတယ်။ သူဟာစစ်ဘက်ဆိုင်ရာသုံး သံလိုက်အုံတစ်ခုနဲ့ နဲ့အလုပ်များနေချိန်မှာပဲ ယင်းသံလိုက်တွေရဲ့တွန်းကန်မှုတွေက ထွက်လာတဲ့ microwave တွေကြောင့် သူရဲ့အိတ်အတွင်းက မြေပဲတွေ ဟာအရည်ပျော်သွားခဲ့တာကိုစတင်သတိထားမိပါတယ်။
ယင်းနောက်သူဟာကြက်ဥ တစ်လုံးကိုလည်းယင်း microwave တွေထွက်ရှိတဲ့နေရာမှာထခဲ့ရာမှာလည်း ပြင်းထန် တဲ့အပူကြောင့် ကြက်ဥဟာပေါက်ကွဲသွားခဲ့ပါတယ်။ Spemcer ကတော့သူရဲ့တွေ့ရှိမှု ကနေ နောက်ထပ်တစ်နှစ်ကြာချိန်မှာတော့ မိုက်ခရိုဝေ့မီးဖိုကိုအောင်မြင်စွာထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် The microwave oven တွေဟာပေါင်(၇၅၀)လောက်လေးလံ တာကြောင့် စစ်မြေပြင်တွေမှာသာမက တစ်နေရာကနေ တစ်နေရာကိုသယ်ဆောင်ဖို့ တောင်မလွယ်ကူခဲ့ပါဘူး။ (၁၉၆၇)ရောက်ချိန်မှသာ compact Radarange oven တွေပေါ်ပေါက်လာခဲ့ပြီး အိမ်သုံးပစ္စည်းတစ်ခုအဖြစ်ပီပီပြင်ပြင်ထွက်ပေါ်လာခဲ့တာဖြစ် ပါတယ်။
(၂) The Internet (ARPANET )
လက်ရှိအသုံးပြုနေတဲ့ အင်တာနက်ကွန်ယက်တွေရဲ့ မူလအစ ARPANET တွေဟာ အမေရိကန်စစ်တပ်ရဲ့နည်းပညာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Advanced Research Project Agency ရဲ့ဖန်တီးထားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ အမေရိကန် တစ်နိုင်ငံလုံးမှာရှိတဲ့ များစွာသော အမေရိကန်စစ်ဘက် ဆိုင်ရာတက္ကသိုလ်တွေနဲ့ အစိုးရအသက်မွေးဝမ်း ကြောင်းတက္ကသိုလ်တွေအကြား ဆက်သွယ်ပေးရာကွန်ယက်အဖြစ် (၁၉၆၉)ခုနှစ်က တည်း ARPANET ကိုစတင်တည်ဆောက်ခဲ့ပါတယ်။
ARPANET တွေဟာအင်တာနက် လိုတော့ အသုံးမချနိုင်ပဲ ဧရိယာကန့်သတ်ချက်ရှိပါတယ်။ (၁၉၇၄)ခုနှစ်ရောက်ချိန်မှာ တော့ Robert Kahn နဲ့ Vint Cerf အမည်ရတဲ့ပညာရှင်တွေဟာ internet protocal (IP) နဲ့ Transmission Control Protocal (TCP)တွေကိုတီထွင်ခဲ့ပါတယ်။ နောက်ထပ် (၂)နှစ်အကြာမှာတော့ အင်တာနက်ရဲ့လုပ်ငန်းစဉ်တွေဟာ ကွန်ယက်အနည်းငယ်နဲ့ စတင်အသက်ဝင်လာခဲ့ပါတယ်။
(၁) Duct tape (အသားကပ်တိပ်)
Duct tape (အသားကပ်တိပ်)တွေဟာလည်းစစ်ဘက်ဆိုင်ရာတီထွင်မှုတစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့ (၁၉၄၃)နှစ်လောက်မှာပေါ်ပေါက်လာခဲ့ပါတယ်။ Duct tape (အသားကပ်တိပ်) နည်းစနစ်ကိုစတင်အတွေးပေါ်သူကတော့ အမေရိကန်စစ်တပ် အတွက်လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေကိုထုတ်ပိုးပေးရတဲ့ Vesta Stoudt အမည်ရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူမရဲ့သား(၂)ယောက်ဟာလည်း အမေရိကန်ရေတပ်မှာစစ်မှုထမ်းနေတာကြောင့် သူမရဲ့စိတ်အလုံးစုံဟာ သားဇောနဲ့အမေရိကန်စစ်သား တွေအဆင်ပြေဖို့ နည်းလမ်းတွေကိုသာ တွေးတောနေသူဖြစ်ပါတယ်။
သူမတို့နေ့စဉ်ထုတ်ပိုးနေတဲ့ ပါဆယ်အိတ်တွေမှာ ပါးလွှာတဲ့ စက္ကူတိပ်တွေနဲ့ထုတ်ပိုးထားတာ ကြောင့် အထုပ်တွင်းကပစ္စည်းတွေဟာလမ်းခရီးမှာပဲ ထွက်ကျတာတို့၊ ပျက်စီးတာတို့ အများအပြားဖြစ်နေကြောင်းသတိထားမိခဲ့ပါတယ်။ ယင်းအတွက် Stoudt ဟာမာကျော ပြီးအထည်စတွေကပ်ထားတဲ့ရေလုံတိပ်တွေကိုဖန်တီးပြီး ရှေတန်းရောက်စစ်သည်တွေကိုပို့မယ့် ပါဆယ်အိတ်တွေမှာကပ်ဖို့တာဝန်ရှိအကြီးအကဲတွေကိုတင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့တီထွင်မှုကိုဘယ်သူကမှ အရေးမစိုက်ခဲ့တာကြောင့် Stoudt ဟာယင်းကာလက အမေရိကန်သမ္မတ Franklin D. Roosevelt ထံစာရေးသားပေးပို့ပြီးသူမရဲ့တီထွင်ထား တဲ့ Duct tape ကိုဆန်းစစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။
သူမရဲ့တီထွင်ထားတဲ့ Duct tape ကိုသဘောတွေ့သွားခဲ့တဲ့ သမ္မတကြီးဟာချက်ချင်းပဲ စစ်ရိက္ခာထောက်ပို့ရေးအရာရှိတွေ ကိုရှေတန်းကိုပို့မယ့်ပါဆယ်အိတ်တွေကို Duct tape တွေနဲ့ကပ်ပြီးပို့ဖို့ အမိန့်ပေးခဲ့ပါတယ်။ ရှေ့တန်းရောက်အမေရိကန်စစ်သည်တွေကလည်း Stoudt ရဲ့ကြံဆမှုကိုချီးကျူးခဲ့ကြပြီး the 100 mile per hour tape အဖြစ် စစ်သည်တွေရဲ့ဖိနပ်လိုအရာမျိုးကနေ စစ်သုံး ဂျစ်ကားတွေအထိ Duct tape တွေကိုအသုံးပြုခဲ့ကြပါတယ်။
Discussion about this post