ရေးသားသူ – Andrew Soe
ဒုတိယ ကမ္ဘာစစ် အတွင်း သမိုင်း မှာ ဖျောက်ဖျက် ထားသည့် အချက် အတော်များများတွင် ဟစ်တလာ နဲ့တတိယ ဂျာမနီနိုင်ငံ ၏ ကောင်းကြောင်း၊ အားသာချက်များ သာမက မဟာမိတ် တပ်များဖက် မှ အားနည်းချက်များ နှင့် ဆုံးရှုံးမှုများ ကို လည်း တတ်နိုင်သမျှ ဖုံးဖိထား ခဲ့ကြ ပါတယ်။
ထိုသို့ ဆုံးရှုံးမှုများအထဲတွင် စစ်သင်္ဘော ကြီး USS Indianapolis ရဲ့ဖြစ်ရပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ( ၁၉၄၅ ) ခုနှစ် ( ၆ ) ရက် နှင့် ( ၉ ) ရက်၊ ဩဂုတ် လ တွင် ဂျပန် နိုင်ငံ ဟီရိုရှီးမား နှင့် နဂါဆာကီမြို့ ကို အဏုမြူဗုံး ကြဲ မချခင် ( ၁၀ ) ရက် အလို ၌ ထို ဗုံးကြီး အား ပိစိဖိတ် သမုဒ္ဒရာ ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်း ဖြစ်သော ‘ တီနီယန် ကျွန်း ( Tinian ) ‘ သို့ ‘ USS Indianapolis ‘ စစ်သင်္ဘော ကြီး ဖြင့် ပို့ဆောင်စေခဲ့ ပါတယ်။
ထိုသို့ ပို့ဆောင်ပြီး အပြန် လမ်းခုလတ် တွင် ဂျပန် ဘုရင့် ရေတပ်မတော် ( Imperial Japanese Navy ) မှ ရေငုတ် သင်္ဘော အိုင်-၅၈ ( Japanese Submarine I-58 ) ၏ တော်ပီဒို ဗုံး နှင့် တိုက်ခိုက် ခံရ ပါတယ်။ ထို တိုက်ခိုက်မှု့ ကြောင့် ( ၁၉၄၅ ) ခုနှစ်၊ ဇူလိုင် လ ( ၃၀ ) ရက် နေ့ ၌ ဂူအမ်ကျွန်း အနီးတွင် ဗုံး ( ၂ )လုံး တိုက်ရိုက် ထိမှန် ခဲ့ပြီး သင်္ဘောသား ( ၁,၁၉၇ ) ယောက် နှင့် အတူ စစ် သင်္ဘောကြီး မှာ ( ၁၂ ) မိနစ် အတွင်း ရေအောက် သို့ နစ်မြုပ် ရောက်ရှိ သွားခဲ့ ပါတယ်။
တော်ပီဒို ထိမှန်သည့် အချိန် တခဏလေး အတွင်း မှာ ပင် သင်္ဘောသား ( ၃၀၀ ) ခန့် ချက်ချင်း သေဆုံးခဲ့ ပါတယ်။ ထို သူများ ကံကောင်း ကြသည် ဟုပင် ဆိုရ မည်သာ။ အဘယ့်ကြောင့် ဆိုသော် ကျန် သင်္ဘောသား ( ၉၀၀ ) ခန့်မှာ သားစား ငါးမန်းများ ပေါများ သည့် သမုဒ္ဒရာ အတွင်း အရှင်လတ်လတ် ဝါးမျို စားသောက် ခြင်း ခံခဲ့ ရ၍ မရှုမလှ အသေဆိုး ဖြင့် အသက် ဆုံးရှုံး ခဲ့ကြ ရ ပါတယ်။
အချို့အသက်ကယ် ရာဘာဖောင်များ ဖြင့် လွတ်မြောက်ခဲ့ သော်လည်း ပင်လယ် အတွင်း ( ၄ ) ရက်ကြာမျှ မျှော နေစဉ် သောက်သုံးရေ၊ စားရေး ရိက္ခာ ပြတ်လပ်မှု နှင့် ရာသီဥတု ဆိုးဝါးမှု ဒဏ်ကြောင့် တဖြုတ်ဖြုတ် သေဆုံး ခဲ့ကြ ရ ပါတယ်။ ရေငတ်သည့် ဒဏ် ကို မခံနိုင်သည့် အဆုံး ပင်လယ်ရေ ကို သောက်သုံး မိသော သင်္ဘောသား အများ အပြား မှာလည်း အော့အန်ခြင်း၊ သွေးလေ ခြောက်ခြားခြင်း ဖြင့် နောက်ဆုံး မှာတော့ ( ၆ ) နာရီ အတွင်း အသက် ဆုံးရှုံး ကြရပါတော့ တယ်။
ထို အဖြစ်အပျက် မှာ အမေရိကန် ရေတပ်ရာဇဝင် ၌ ဝမ်းနည်းစရာ အကောင်းဆုံး နှင့် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ရပ် ဖြစ်ခဲ့ ပါတယ်။ ထိုသို့ အသက်မသေ ကျန်ရှိ ပြီး ပင်လယ် ထဲ ငရဲ ကျ ခံနေ ရသော သင်္ဘောသား ( ၉၀၀ ) ကို ( ၄ ) ရက်မြောက် နေ့မှ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေ တွေ့ရှိ ခဲ့ပြီး ငမန်း သားရဲ တွင်း ထဲ မှ ( ၃၁၇ ) ယောက် ကို သာ ခက်ခက် ခဲခဲ ကယ်တင် နိုင်ခဲ့ ကြ ပါတယ်။
“ သူများ မကောင်းကြံ ကိုယ်ခံ ရ ” ဆိုတဲ့ စကားပုံ လို ဂျပန် နိုင်ငံ မြို့ ( ၂ ) မြို့ မှ သိန်းချီ သော အပြစ်မဲ့ အရပ်သူ အရပ်သားများ အပေါ် အသေဆိုး နှင့် သေစေရန် ကြံရွယ် ပြီး ကြဲချ ရန် အတွက် အဏုမြူဗုံး ကို သွားရောက် ပို့ဆောင် ခဲ့သော မကောင်းသည့် ရည်ရွယ်ချက် ကြောင့် ကံ, ကံ ၏ အကျိုး ဟုသာ ဆိုရ မည်လားမသိ ကိုယ် အရင်ခံ ကြ ရတယ် လို့ သုံးသပ် လျှင် လည်း မှားအံ့ မထင် ပါ။
ထို ကံကြမ္မာ ဆိုး ဇတ်လမ်း သည် ထိုမျှ နှင့် အဆုံး မသတ်သေး ဘဲ အသက်ဘေး အန္တရာယ် မှ လွတ်မြောက်ခဲ့သော သင်္ဘော ဦးစီးမှူး ကပ္ပတိန် ‘Charles B McVay’ အား စစ်ခုံရုံး မှ ရေတပ်သားများ နှင့် စစ်သင်္ဘောကြီး ဆုံးရှုံး ခဲ့ရမှု ကြောင့် အပြစ်ရှိသော်လည်း ပြစ်ဒဏ် ချမှတ်ခြင်း မခံရ သေးဘဲ အမှုကို ကြာရှည်စွာ ရင်ဆိုင် နေခဲ့ရပါတယ်။
ထို ကာလအတွင်း အသက် ဆုံးရှုံးခဲ့ကြ ရသော ရေတပ်သား သင်္ဘောသား ဆွေမျိုး မိဘ အသိုင်း အဝိုင်းများ မှ ၎င်း ၏ တာဝန်မဲ့ ပေါ့လျော့မှု ကြောင့်သာ ဖြစ်ရသည် ဟု အကြိမ်ကြိမ် ဖုံးဆက် ပြီး ရင့်သီး ရိုင်းစိုင်း ရုန့်ရင်း ကြမ်းတမ်း သော စကားလုံးများ ဖြင့် စော်ကားသည့် ဒဏ် မခံနိုင် ရှာဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်၍ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာ လ ( ၆ ) ရက် နေ့တွင် မိမိ ကိုယ် ကို သေနတ် ဖြင့် သတ်သေ၍ အဆုံး စီရင် သွားခဲ့ ပါတော့ တယ်။
သမ္မတ ဘီလ် ကလင်တန် ( President Bill Clinton ) လက်ထက် သက္ကရာဇ် ( ၂၀၀၀ ) ရောက် မှ သာ ၎င်း အား အပြစ်တင် ခြင်း၊ အမှု့စွဲဆို ထားခြင်းများ အားလုံးကို ပလပ်၍ ပယ်ဖျက် ပေးခဲ့ပါတယ်။ သမိုင်းကွင်းဆက် အမှန်တရားတွေ ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ ကြပေမယ့် နည်းပညာ တိုးတက် လာသည့် ( ၂၁ ) ရာစု ခေတ်တွင် ဖုံးဖိဖို့ မစွမ်းသာတော့ပါ။ ထို အဖြစ်အပျက် နှင့် ပတ်သက် ပြီး ဟောလိဝုဒ် မှ လည်း USS Indianapolis: Men of Courage ( 2016 ) အမည် ဖြင့် ရုပ်ရှင် ရိုက်ကူး ခဲ့ ပါတယ်။ ခေါင်းဆောင် မင်းသားကတော့ ‘Nicolas Cage’ ဖြစ်ပါ တယ်။
( နစ်မြုပ်သွားတဲ့ ဒီသင်္ဘောကြီးများကို အကြိမ်ကြိမ်လိုက်လံရှာဖွေပေမယ့် မတွေ့ခဲ့ပါဘူး။ နစ်မြုပ်ချိန်မှ နှစ်ပေါင်း ၇၂နှစ် ကြာခဲ့အပြီးမှာတော့ မိုက်ခရိုဆော့တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ ပေါအလန်ရဲ့ ဦးဆောင်ရှာဖွေမှုနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၈ရက်နေ့မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ပင်လယ်ပြင်ထဲက ဂူအမ်ကျွန်းနဲ့ လေတေကျွန်းကြား ရေအောက်အနက်ပေ ၁၈၀၀၀ ဝန်းကျင်မှာ သင်္ဘောကြီးဟာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်)
သူရိယနေဝန်း ဂျာနယ် – AndrewSoe ရေးသားသည့် သမိုင်းက မပြောသော ဟစ်တလာ အကြောင်းများ အခန်းဆက် မှ
Via : Mgmg Kyawzan
Discussion about this post