ရေးသားသူ – သိင်္ဂါကျော်(နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း)
မိသားစု ဆိုသည်မှာ သွေးသားစစ်စစ်မှ မဟုတ်ပါ။ သင့်ကို သူတို့ဘဝထဲမှာ တန်ဖိုးထားပြီး ပါဝင်စေခဲ့သူများ၊ သင့် ခန္ဓာကိုယ် ကျန်းမာရေး၊ သင့် စိတ်ဓါတ် စွမ်းအား ထက်သန်မှု တို့ကို တိုးတက်စေသူများ၊ သင် လက်ရှိ ဘယ်သူလဲ ဆိုတာကို စိတ်ရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ လက်ခံပြီး သင်လိုအပ်တာကို ထောက်ပံ့ပေးသူများ…။ ထိုကဲ့သို့သော သူများသည် သင်၏ မိသားစုဝင် ရင်းချာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တကယ် ပေါင်းသင်းသင့်သူများ ဖြစ်ပါ၏။
အောက်ပါ အချက်များမှာ ထိုကဲ့သို့ စစ်မှန် ထူးခြားသော ဆက်ဆံရေးကို ရှာဖွေ ပြုစုပျိုးထောင်ရန် အတွက် ဖြစ်ပါသည်။
၁။ မကောင်းမြင်တတ်သူများထံမှ ဖယ်ခွာပါ။
ဉာဏ်ရှိသူ၊ အလုပ်လုပ်သူ၊ အတွေးအကြံတူသူ လူကောင်းများနှင့်သာ ပေါင်းသင်းပါ။ သင့်ကို ကူညီမယ့် ဆက်ဆံရေးသာ ဖြစ်သင့်ပြီး သင့်ကို နာကျင်စေမယ့် ဆက်ဆံရေး မဖြစ်သင့်ပါ။ သင့်နံဘေးတွင် သင်ဖြစ်ချင်သော လူပုဂ္ဂိုလ်မျိုးကိုသာ ဝန်းရံနေပါစေ။ သင်အနေနှင့် သိကျွမ်းရတာ ဂုဏ်ယူစရာကောင်းသူ၊ သင်က လေးစားသူ၊ သင့်ကို ချစ်ခင်လေးစားသူ – သင့်တစ်နေ့တာကို အနည်းငယ်လေးပဲ ဖြစ်ဖြစ် ရိုးစင်းစွာ တောက်ပစေနိုင်သော သူငယ်ချင်းများကိုသာ ရွေးချယ်ပါ။ သင့်ကို မပျော်ရွှင်အောင်လုပ်မယ့် လူများနဲ့ အချိန်ကုန်စေဖို့အတွက် ဘဝဟာ တိုတောင်းလွန်းပါတယ်။
၂။ သွားပြီးသား သူများ ထွက်သွားပါစေ။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုက သင့်ဆီမှာ သူတို့ လိုချင်တာ ရှိနေသရွေ့ပဲ သင့်အနားမှာ ရှိနေမယ့် လူတစ်ချို့ ရှိနေတာပါပဲ။ သင်က သူတို့ကို မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်မှာ သူတို့ ထွက်ခွာသွားမှာပါ။ သတင်းကောင်းကတော့ သင့်ကို နာကျင်စေတဲ့ အဲဒီ ပေါင်းပင်လို လူတွေ သင့်ဘဝထဲက ထွက်ခွာသွားပြီးတဲ့အခါ သင့်မှာ လူကောင်းတစ်ချို့ ကျန်ခဲ့တာကိုပါ။ ကျွန်တော်တို့ ရှားရှားပါးပါး အဖြစ်နဲ့ သူငယ်ချင်းတွေ ချစ်သူတွေ ဆုံးရှုံး ပြီးတဲ့အခါ ဘယ်သူက အစစ်အမှန်လဲ ဆိုတာ ရှာဖွေတွေ့ရှိတတ်ပါတယ်။ အဲဒါကြောင့် လူတွေ သင့်ဆီက ထွက်ခွာသွားကြတဲ့အခါ သူတို့ သွားကြပါစေ..။ သင့်ကို ချန်ထားရစ်ခဲ့သူတွေကို ချည်နှောင်ထားနိုင်စွမ်း သင့်မှာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက သူတို့ဟာ ဆိုးတဲ့လူတွေ ဟုတ်ချင်မှ ဟုတ်မယ်။ သင့်ပုံပြင်ထဲမှာ သူတို့ ပါဝင်တဲ့ အပိုင်းက ပြီးဆုံးသွားပြီ ဆိုတာပါပဲ။
၃။ သင်မသိတဲ့ လူတွေကို မျှတတဲ့ အခွင့်အလမ်း ပေးပါ။
သင် လူတစ်ယောက်ကို ကြည့်တဲ့အခါ – ဘယ်သူပဲ ဖြစ်ဖြစ် လူတိုင်းမှာ ပုံပြင်တစ်ပုဒ် ရှိတယ်ဆိုတာ သတိရပါ။ လူတိုင်းမှာ သူတို့ကို ပြောင်းလဲစေခဲ့တဲ့ တစ်စုံတစ်ရာကို ဖြတ်သန်းခဲ့ရတယ်။ သူတို့ ကြီးပြင်းလာဖို့ တွန်းအားပေးခဲ့တဲ့ တစ်စုံတစ်ရာ ရှိခဲ့တယ်။ သင်သာ သူတို့ကို အခွင့်အလမ်းတစ်ခု ပေးရင် သူတို့မှာလည်း ထူးခြားတဲ့ တစ်စုံတစ်ရာကို ပြန်ပေးဖို့ ရှိပါတယ်။ အဲဒါကြောင့် ဆက်ဆံရေး အဟောင်းက ကြာရှည် အဆင်မပြေတော့ဘူး ဆိုတဲ့အခါ ဆက်ဆံရေး အသစ်ကို စတင်ကြည့်ပါ။ မရင်းနှီးတဲ့ နယ်ပယ်ထဲကို ဝင်သွားနေတယ်ဆိုတာ သိနေရင်းနဲ့ပဲ ပေါင်းသင်းဆက်ဆံရေး အသစ်ကို ထိတွေ့ပါ။ သင်ယူလေ့လာဖို့၊ စိန်ခေါ်ဖို့၊ သင့်ဘဝကို ပြောင်းလဲစေမယ့် တစ်စုံတစ်ယောက်ကို တွေ့ဖို့ အစဉ်အမြဲ အသင့်ရှိနေပါ။
၄။ လူတိုင်းကို ကြင်နာပါ၊ လေးစားပါ။
သင့်အပေါ်မှာ ရိုင်းပြတဲ့ လူပင် ဖြစ်ပါစေ၊ လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံပြီး ရိုသေလေးစားပါ။ သူတို့ မကောင်းသော်လည်း သင်ကတော့ ကောင်းရပါမယ်။ ရိုသေလေးစားထိုက်သူ ရယ်လို့ ခွဲခြား သတ်မှတ်ရိုးမရှိပါ။ လူတိုင်းကို အဆင့်အတန်း တပြေးညီ သတ်မှတ်၍ ကောင်းမွန်စွာ ဆက်ဆံပါ။ လူတွေက သင့်ရဲ့ ကြင်နာမှုကို သတိထားမိ လာကြမှာပါ။
၅။ လူများကို သူတို့ရဲ့ အရှိအတိုင်း လက်ခံပါ။
များသောအားဖြင့် သူတို့ကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲဒါကြောင့် သင့်ကိုယ်သင် မလိုအပ်ပဲ စိတ်ပင်ပန်းမှု အဖြစ်မခံပါနဲ့။ တစ်ခြားလူတွေကို ပြောင်းလဲဖို့ ကြိုးစားတာထက် သူတို့ကို သင်ကပဲ အထောက်အပံ့ ပေးလိုက်ပါ။ ဥပမာ အနေနဲ့ ရှေ့ဆောင်လမ်းပြ ပြုလိုက်ပါ။
၆။ သူတစ်ပါးကို အားပေးထောက်ပံ့ပါ။ ကောင်းချီးပေးပါ။
သင့်နံဘေးက အပေါင်းအသင်းများ ရှိနေခြင်းရဲ့ အံသြစရာကောင်းမှုကို အသိအမှတ်ပြု တန်ဖိုးထားခြင်းက ကောင်းမွန်တဲ့ နေရာဌာနများ- ထုတ်လုပ်ဖန်တီးနိုင်သော၊ ကျေနပ်နှစ်သိမ့်မှု ပေးစွမ်းနိုင်သော၊ အေးချမ်းသော နေရာများ ကို ဦးတည်စေမှာပါ။ အဲဒါကြောင့် အဲဒီအတွက် တိုးတက်မှုကို ဖြစ်စေတဲ့ အဲဒီလူများ အတွက် ပျော်ရွှင်စွာနေပါ။ သူတို့ အောင်မြင်မှုတွေ အတွက် ဝမ်းမြောက်ကြောင်းပြောပေးပါ။ သူတို့ရဲ့ ချီးကျူးမှုတွေ အတွက် ပွင့်လင်းစွာ ကျေးဇူးတင်ကြောင်း ပြောပါ။ သွားတဲ့ အရာတွေက ပြန်လာတတ်ပါတယ်။ လူအများကို သင်က ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးမှုက နောင်တစ်ချိန်မှာ သင့်အတွက် ကောင်းချီးပေးမှုအနေနဲ့ ရောက်လာမှာပါ။
၇။ မပြည့်စုံလှတဲ့ သင်ကိုယ်တိုင်ရဲ့ ပြည့်စုံမှု
သင့်ကိုသင် တစ်ခြားတစ်ယောက်လို ဖြစ်အောင် ကြိုးစားနေတဲ့ ဒီလို ရူးသွပ်တဲ့ ကမ္ဘာကြီးမှာ သင့်ရဲ့ ကောင်းမွန်မှုကို စွမ်းနိုင်သမျှ ထိန်းသိမ်းတယ်။ အဲဒီတော့ သူတို့က သင်ရဲ့ မတူညီမှုတွေအတွက် သင့်ကို ရယ်မောတယ်၊ သင်ကလည်း အဲဒီလိုပဲ သူတို့ကို ပြန်ရယ်မောတယ်။ သင့်ကို ပြုံးစေတဲ့ လူတွေနဲ့ အချိန်များများ အတူနေပါ။ သင့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ လူတွေနဲ့ အချိန်နည်းနည်းပဲ နေပါ။ ကျွန်တော်တို့ဟာ လူတိုင်းအတွက် ပြည့်စုံသူ ဖြစ်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို သိဖို့ အချိန်ယူကြိုးစားပေးတဲ့ တစ်ချို့လူနည်းနည်းအတွက်၊ ကျွန်တော်တို့ကို ချစ်တဲ့ လူအနည်းငယ် အတွက်ပဲ ပြည့်စုံတဲ့သူ ဖြစ်နိုင်မှာပါ။ အဲဒီ လက်ရွေးစင် လူတစ်ချို့က ကျွန်တော်တို့ရဲ့ မပြည့်စုံလှတဲ့ ပြည့်စုံမှုကိုပဲ ချစ်ကြတာပါ။
၈။ လူများကို ခွင့်လွှတ်ပြီး ရှေ့ဆက်တိုးပါ။
သင့်အသည်းနှလုံးထဲမှာ အမုန်းတရားတွေ ထည့်ထားပြီး သင့်ဘဝကို မနေပါနဲ့။ သင်မုန်းတဲ့ လူတွေထက် သင့်ကိုယ်သင် ပိုမို နာကျင်စေပါလိမ့်မယ်။ ခွင့်လွှတ်ခြင်းဆိုတာ “မင်း ငါ့ကို လုပ်ခဲ့တဲ့ ကိစ္စက အိုကေပါတယ်” လို့ ပြောတာ မဟုတ်ပါဘူး။ “မင်းလုပ်ခဲ့တဲ့ အရာ အတွက် ငါ့ပျော်ရွှင်မှုကို ထာဝရ ပျက်စီးအောင် လုပ်ခွင့်မပြုဘူး” လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ ကုစားခြင်းပါပဲ။ သင့်ရဲ့ အတိတ်ကို ဖျက်ဆီးပစ်ရမယ်၊ ဘာဖြစ်ခဲ့တယ် ဆိုတာ မေ့ပစ်လိုက်ရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခါးသီး နာကျည်းမှုတွေကို ထွက်သွားစေဖို့ ဆိုလိုတာပါ။ အဲဒီအစား မတော်တဆမှုကနေ သင်ခန်းစာ ယူပြီး သင့်ဘဝကို ရှေ့ဆက်လျှောက်ဖို့ပါ။ သင့်ကို နာကျင်စေခဲ့သူတွေကို မုန်းနေတဲ့ အချိန်တွေ လျော့လာတဲ့အခါ သင့်ကို ချစ်တဲ့သူတွေအတွက် အချိန်တွေ ပိုပေးလာနိုင်တာကို သတိရပါ။
၉။ နေ့တိုင်း တစ်ခြားသူတွေအတွက် နည်းနည်းလောက် လုပ်ဆောင်ပေးပါ။
တစ်ခါတစ်ရံမှာ အသေးအဖွဲ အရာလေးတွေက တစ်ခြားသူတွေရဲ့ အသည်းနှလုံးမှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်သွားနိုင်ပါတယ်။ သင်ဟာ လူတိုင်းအတွက် အရာရာတိုင်းကို လုပ်ဆောင်မပေးနိုင်ပါဘူး။ ဒါပေမယ့် လူအနည်းစုအတွက်တော့ အရာရာတိုင်း ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒီ သင့်ဘဝထဲက လူတစ်ချို့က ဘယ်သူတွေ ဆိုတာ ဆုံးဖြတ်ရွေးချယ်ပြီး သူတို့ကို သစ္စာရှိရှိ ဆက်ဆံပါ။
၁၀။ သင့်ရဲ့ သူငယ်ချင်း အစစ်အမှန် တွေကို ဂရုစိုက်ပေးပါ။
ကျွန်တော်တို့ ကြီးပြင်းလာတဲ့အခါ သူငယ်ချင်း အရေအတွက် များဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း ရှိဖို့က ပိုပြီး အရေးကြီးတယ် ဆိုတာ စဉ်းစားတတ်လာပါတယ်။ ဘဝဆိုတာ ပါတီပွဲ တစ်ခုလိုပါပဲ။ သင် လူအများကြီး ဖိတ်တယ်၊ တစ်ချို့က စောစော ပြန်သွားတယ်၊ တစ်ချို့က တစ်ညလုံး နေတယ်၊ တစ်ချို့က သင်နဲ့ အတူရယ်မောတယ်၊ တစ်ချို့က သင့်ကို ရယ်မောတယ်။ ပျော်ပွဲ ပြီးဆုံးချိန်မှာတော့ သင့်ကို အမှိုက်တွေ အရှုပ်အပွတွေ ကူညီပြီး ရှင်းလင်း ပေးမယ့်သူက နည်းနည်းပဲ ကျန်ခဲ့ပါတယ်။ များသောအားဖြင့်တော့ အဲဒီ အမှိုက် အရှုပ်တွေကို ဖွခဲ့တဲ့သူကလည်း ကျန်ခဲ့တဲ့ သူတို့ မဟုတ်ကြပါဘူး။ အဲဒီလူတွေက သင့်ဘဝမှာ သူငယ်ချင်း အစစ်တွေပါပဲ။
၁၁။ အမြဲတမ်း သစ္စာစောင့်ထိန်းပါ။
အချစ်စစ်နဲ့ စစ်မှန်တဲ့ ခင်မင်မှု ဆိုတာ ခွဲခြားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ အဲဒီလို ဆက်ဆံရေးတွေ ဆိုတာ လူနှစ်ယောက် အတူတူ ရှိမနေတောင်မှပဲ တစ်ယောက်အပေါ် တစ်ယောက် စိတ်ရင်း အစစ်အမှန် ရှိနေတာပါ။ ဆက်ဆံရေးတစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ သစ္စာစောင့်ထိန်းမှု ဆိုတာ ရှိရမှာပါ။ အဲဒါ ရွေးချယ်စရာ မဟုတ်ပါဘူး။ ဦးစားပေးရမယ့် အရာပါ။ သစ္စာရှိမှု ဆိုတာ အရာရာတိုင်းပါပဲ။
၁၂။ သင်နဲ့ ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး နေတာ ပိုကောင်းပါတယ်။
လူသားချင်း ဆက်ဆံရေးမှာ မိုင် အကွာအဝေးတွေက တိုင်းတာစရာ မဟုတ်ဘူး ဆိုပေမယ့် သက်ရောက်မှုတော့ ရှိပါတယ်။ လူနှစ်ဦး မိုင်များစွာ ဝေးကွာနေပေမယ့် ဘေးချင်းယှဉ်လျှက်လို ရှိနေနိုင်ပါတယ်။ သင် ဂရုစိုက်တဲ့သူ တစ်စုံတစ်ယောက်ကို ဥပေက္ခာပြုမထားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အာရုံစိုက်မပေးနိုင်တာက ဒေါသထွက်တဲ့ စကားလုံးတွေထက် သူ့ကို ပိုပြီး နာကျင်စေလို့ပါပဲ။ သင်နဲ့ ပတ်သက်သူတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေပါ။ သင့်မှာ သူငယ်ချင်း အရေအတွက် များများ မလိုအပ်ပေမယ့် အနည်းငယ်သော သူငယ်ချင်းကောင်းတွေတော့ ရှိနေရမယ် ဆိုတာ သတိရပါ။ အဲဒီလိုလူတွေကို ဂရုစိုက်ပေးဖို့က အရေးကြီးတဲ့ အလုပ်တစ်ခုပါ။
၁၃။ သင့်ရဲ့ ကတိစကားတွေကို ထိန်းသိမ်းပါ၊ အမှန်အတိုင်း ပြောပါ။
သင် တစ်စုံတစ်ရာ လုပ်မယ်လို့ ပြောခဲ့ရင် တကယ် လုပ်ပါ။ တစ်နေရာ သွားမယ်လို့ ပြောထားရင် အဲဒီ နေရာမှာ ရှိနေပါ။ သင် တစ်စုံတစ်ရာ ခံစားရတယ် လို့ ပြောရင် တကယ်ပဲ ဖြစ်ပါစေ။ သင် မလုပ်နိုင်ရင်၊ မဟုတ်နိုင်ရင်၊ မလိမ်ပါနဲ့။ လူတွေကို ရှေ့တင် အမှန်အတိုင်း ပြောတာက အမြဲတမ်း ပိုပြီး ကောင်းမွန်ပါတယ်။ လူတွေရဲ့ ဦးခေါင်းတွေ၊ အသည်းနှလုံးတွေနဲ့ ကစားပွဲ မကစားပါနဲ့။ တစ်ဝက်တစ်ပြက် အမှန်တရားတွေလည်း မပြောပါနဲ့။ သင့်ကို ယုံကြည်ချင်တဲ့ လူတွေက သင့်ဆီက အမှန်စစ်စစ်ကိုပဲ လိုချင်တာပါ။ တစ်ဝက်တစ်ပြက် အမှန် ဆိုတာ လိမ်တာထက် ပိုပြီး မကောင်းပါဘူး။ အချစ်နဲ့ သူငယ်ချင်းချင်းခင်မင်မှုကို မနာကျင်စေဖို့ သတိထားပါ။ လိမ်ညာပြောတာ၊ လှည့်စားတာ၊ လှည့်ပတ်တာက လူတွေရဲ့ခံစားချက်တွေကို နာကျင်စေပါတယ်။ သင့်ကိုယ်သင် မသေချာပဲနဲ့ သူတစ်ပါးရဲ့ ခံစားချက်ကို ဘယ်တော့မှ ရှုပ်ထွေးအောင် မလုပ်ပါနဲ့။ အမြဲတမ်း ပွင့်လင်း ရိုးသားပါ။
၁၄။ သင် လိုချင်တဲ့ အရာကို ပေးပါ။
သင် မပေးချင်တဲ့ အရာကို မမျှော်လင့်ပါနဲ့။ ရွှေရောင် စည်းမျဉ်းကို စတင် လိုက်နာပါ။ သင် အချစ်ကို လိုချင်ရင် အချစ်ကို ပေးပါ။ သူငယ်ချင်း မိတ်ဆွေ လိုချင်ရင် ဖော်ရွှေ ခင်မင်ပါ။ ငွေကြေး လိုချင်ရင် အလုပ်လုပ်ပါ။ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်။
၁၅။ သင် ဆိုလိုချင်တဲ့ အရာကိုပဲ ပြောဆိုပါ။ ပြောတဲ့အတိုင်းလည်း အဓိပ္ဗါယ် ရှိပါစေ။
သူ့အလိုလို သိဖို့ မျှော်လင့်နေတာထက် သင့်ဘဝထဲက လူတွေကို သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေ ပေးပါ။ သတင်းအချက်အလက် ဆိုတာက ဆက်သွယ်မှု လုပ်ငန်းဆောင်တာကို ချောမွေ့ပြေပြစ်ေအောင် ထိန်းသိမ်းပေးတဲ့ အရာပါ။ တစ်ခြား လူတွေရဲ့ စိတ်ကို ဖတ်ဖို့ မကြိုးစားပါနဲ့။ တစ်ခြားလူတွေကိုလည်း သင့်စိတ်ကို ဖတ်ခွင့် မပြုပါနဲ့။ မိသားစုအတွင်း၊ သူငယ်ချင်း မိတ်ဆွေချင်း၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအတွင်း ဖြစ်တဲ့ ပြဿနာ အများစုဟာ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပေါင်းသင်းဆက်ဆံမှု ညံဖျင်းတဲ့ အချက်ကနေ စတင် တတ်ပါတယ်။
၁၆။ တစ်ခြားလူများကို သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။
သင့်ရဲ့ အတိတ်က အတွေ့အကြုံအရ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့ နေထိုင်မှု ဘဝဟာ သင်နဲ့ မတူညီပါဘူး။ တစ်ဦးတစ်ယောက် အတွက် ကောင်းတဲ့အရာ ဖြစ်နိုင်ပေမယ့် တစ်ခြားတစ်ယောက် အတွက်တော့ မကောင်းနိုင်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် မကောင်းတဲ့အရာ ဖြစ်ပေမယ့် တစ်ခြားတစ်ယောက်ရဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းပေးနိုင်တာမျိုးလည်း ရှိပါတယ်။ လူတွေကို သူတို့ ကိုယ်ပိုင် အမှားတွေ လုပ်ခွင့်ပေးပြီး သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချပါစေ။
၁၇။ နည်းနည်းပြောပြီး များများ နားထောင်ပါ။
အကြံဉာဏ် နည်းနည်းပဲ ပေးတာက မကြာခဏ ဆိုသလို အကောင်းဆုံး အကြံဉာဏ် ဖြစ်တတ်ပါတယ်။ လူတွေက အကြံဉာဏ် အများကြီး မလိုပါဘူး။ သူတို့လိုတာက နားထောင်ပေးမယ့် နားတစ်စုံရယ်၊ အပြုသဘောဆောင်တဲ့ ခွန်အားဖြည့်ပေးမှုရယ် ပါပဲ။ သူတို့ လိုချင်တဲ့အရာက သူတို့ စိတ်တွင်း တစ်နေရာမှာ ရှိပြီးသားပါ။ စဉ်းစားတွေးတောဖို့ အချိန်ပဲ လိုတာပါ။ သူတို့ရဲ့ ဦးတည်ချက် မသေချာတဲ့ ခရီးတွေကို ဆက်လက် သုံးသပ်ဖို့ လိုတဲ့အခါ၊ ဦးတည်ရာလမ်းကြောင်းကို ရှာဖွေဖို့လိုတဲ့အခါ ကူညီပေးဖို့ပါပဲ။
၁၈။ အရေးမပါတဲ့ ငြင်းခုန်မှုတွေကို ဒီတိုင်း ထားလိုက်ပါ။
သင့်အတွက် မှန်မယ့်အရာက တစ်ခြား တစ်စုံတစ်ယောက်ဆီမှာ မှားဖို့ မရှိပါဘူး။ အမှန်တရားဆီ ဦးတည်တဲ့ လမ်းတွေ အများကြီး ရှိပါတယ်။ အချိန်တွေ အများစုမှာ အဲဒါက အဲဒီလောက်များများ ပြဿနာ မရှိလှပါဘူး။
၁၉။ မသုံးမဝင်တဲ့၊ နာကျင်စေတဲ့ ဝေဖန်ချက်တွေကို လျစ်လျူရှုပါ။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်မပေးနိုင်ပါဘူး။ သူတို့က သင့်အကြောင်းကို နားထောင်ပေးခဲ့ပေမယ့် သင်ခံစားရသလို ခံစားရမှာ မဟုတ်ပါဘူး။ သင် ဘာပဲ လုပ်လုပ် သင်နဲ့ အမြင်မတူတဲ့သူ တစ်ယောက်ယောက်တော့ အမြဲတမ်း ရှိနေမှာပါပဲ။ သင့် နှလုံးသားက မှန်တယ်လို့ ယုံကြည်တာကိုပဲ လုပ်ဖို့ အာရုံစိုက်ပါ။ လူအများစု ဘယ်လို ထင်မယ်၊ သင်နဲ့ ပတ်သက်ပြီး ဘာပြောကြမယ် ဆိုတာက အရေးမကြီးလှပါဘူး။ ကိုယ့်ဟာကိုယ် ဘယ်လို ခံစားရတယ် ဆိုတာကပဲ အရေးကြီးတာပါ။
၂၀။ ကိုယ်ကိုယ်တိုင်နဲ့ ဆက်သွယ်မှုကိုလည်း ဂရုစိုက်ပေးပါ။
အနာကျင်ဆုံး အရာတွေထဲက တစ်ခုက တစ်ခြားလူတွေကိုပဲ ဂရုစိုက် ချစ်ခင်ပေးနေပြီး ကိုယ့်ကိုယ်ကို ဆုံးရှုံးခြင်းပါ။ သင့်ကိုယ်သင် အထူးသီးသန့်အနေနဲ့ ချစ်ခင်ဖို့ကို မေ့လျော့နေတာပါ။ တစ်စုံတစ်ယောက်က သူတို့ သင့်ကို ချစ်တဲ့အကြောင်း ပြောခဲ့ဖူးတဲ့ အချိန်က သင်ဘယ်လို ခံစားခဲ့ရသလဲ ဆိုတာ တွေးကြည့်ပါ။ တစ်စုံတစ်ယောက်က သင် အလုပ်ကောင်းကောင်း လုပ်ခဲ့တယ် ဆိုပြီး ချီးကျူးခဲ့ဖူးတဲ့ အချိန်၊ သင့်ကို နေရာကောင်းတစ်ခုခုကို ခေါ်သွားခဲ့တဲ့ အချိန်၊ အဲဒီအချိန်တွေတုန်းက သင်ပျော်ရွှင်ခဲ့ဖူးတယ် မဟုတ်လား။ အဲဒီ တစ်စုံတစ်ယောက်က သင်ကိုယ်တိုင် ဖြစ်ခဲ့ရင်ရော…။
20 Things to Start Doing in Your Relationships by PositiveMed Team ကို သင့်လျော်သလို ပြန်ဆိုပါသည်။
သိင်္ဂါကျော်
နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းဘလော့
Discussion about this post