ဟံသာဝတီဘုရင် သူ့ရှင်ရာဇဓိရာဇ် (ဗညားနွဲ့ ) ဟာ လက်ရုံးရည် ရော၊နှလုံးရည်ပါ ပြည့်စုံတဲ့ဘုရင်တစ်ပါး အဖြစ် ကျော်ကြားပါတယ်။ ဒီလိုကျော်ကြားတဲ့နေရာမှာ ရာဇဓိရာဇ်ကိုယ်တိုင်သာမက သူ့ကိုဝန်းရံထားတဲ့ အမတ်သူရဲကောင်းတွေ ရဲ့အစွမ်းကြောင့်ဆိုလည်း မမှားပါ။
ဗညားနွဲ့ရဲ့ငယ်နာမည်မှာ ‘အပသုံ’ ဖြစ်ပြီး သူနှင့် ရုပ်ရည်ကြမ်းတမ်းခြင်း ၊ သိမ်မွေ့သေအမူအရာမရှိခြင်း စသော အကြောင်းပြချက်နဲ့ ခမည်းတော် ဗညားဦး၏ ချစ်ခြင်းကို မခံခဲ့ရရှာပါပေ။ သည့်အတွက်လက်ရုံးရည်နှလုံးရည်ပြည့်အောင်အမြဲကြိုးစားနေခဲ့သူဖြစ်ပါတယ်။ သည်လိုအခြေအနေတွင် သူ့မှာဘာလိုနေပါသလဲ။
လိုနေတာကတော့ တိုင်ပင်ပေါ်တိုင်ပင်ဘက်၊ သူ့ရဲ့အဆိုးအကောင်းမှန်သမျှကို ထောက်ပြနိုင်မယ့် ပညာရှိပဲ ဖြစ်ပါတယ်။ ဒီကွက်လပ်ကို ဖြည့်ဖို့အတွက် ပညာရှိကိုရှာခဲ့ပါတယ်။ “ပလာ” ဟူသောအရပ်မှာ ထူးထူးဆန်းဆန်း စကားတွေပြောတတ်တဲ့ ဉာဏ်အလွန်ထက်တဲ့ ကိုရင် တစ်ပါးရှိတဲ့အကြောင်းကို သိခဲ့ရတဲ့ အတွက် သူ့ရဲ့တပည့် “မသောက်”ကို စေလွှတ်ကာကြည့်ရှု့စုံစမ်းစေခဲ့ပါတယ်။
ဒီကိုရင်ကတော့ နောက်တစ်ချိန် မင်းကန်စီ ရယ်လို့ဖြစ်လာမယ့် ကိုရင် ဗုဒ္ဓဉာဏ ပဲ ဖြစ်ပါတယ်။ သူဟာ ကိုရင်အရွယ်မှာတည်းက ဗေဒင်အတတ်၊ဟူးရားအတတ်တို့မှာ တစ်ဖတ်ကမ်းတတ်တဲ့သူ ဖြစ်နေခဲ့ပါပြီ။ “မသောက်” တွေ့စဉ် လူနာကြည့်ရာမှပြန်လာတဲ့ ကိုရင်ကို လူနာအခြေအနေဘယ်လိုရှိလဲ မေးရာ ကိုရင်ပြန်ပြောလိုက်သော စကားမှာကား “ အင်း…အခြေ အနေကတော့ ‘ဂ’ လည်း ‘ဂ’မဟုတ်၊’ရာဟု’ လည်း ‘ရာဟု’ မဟုတ်နဲ့၊ပြောရရင်တော့ ကျွဲထွန် ယောက်ျား လက်ကန်သင်းထောင့်ရောက်တဲ့အခါ နှင်တံကို မောင်းသလိုမျိုး၊ ဆီးကင်လောက်ကလေးကို မိုးချလိုက်သလိုမျိုးပဲ ဆိုပါတော့” ဟူ၍ပင်။ ဘာပြောသွားမှန်း “မသောက်” လုံးဝနားမလည် လိုက်ပါချေ။
ကိုရင်က ဒီလိုပြောလိုက်တယ်လို့ မသောက်က ဗညားနွဲ့ကို လျှောက်တင်ရာ ဗညားနွဲ့က ဦးစွာပထမ ရတနာသုံးပါးကို ဦးထိပ်ထား၍ အဓိဌာန်ပြုပြီး “ငါဟာ ဧကန်မင်းဧကရာဇ်ဖြစ်မယ်ဆိုလျှင် ကိုရင်စကားကိုဖြေဆိုနိုင်ပါစေ” ဟုဆိုကာ အဓိပ္ပါယ်ကို ဖြေဆိုပါတယ်။ ” ‘ဂ’ လည်း ‘ဂ’မဟုတ်၊’ရာဟု’ လည်း ‘ရာဟု’ မဟုတ်ဆိုတော့ ‘အစ်’ပဲဖြစ်ရမှာပေါ့ ကျွဲထွန် တို့ရဲ့သဘာဝကါ ဖြောင့်ဖြောင့်သွားရင်’ကွပ်’အခုတော့ထောင့် ကိုဦးတည် သွားတယ်ဆိုတော့’ဇေ’နောက် ဆီးကင်ကိုမိုးချလိုက်သလိုမျိုး ဆိုတော့’ဝ’ကို ‘ဝိုက်ချ’ထည့်ရမယ် ဒါဆို’ဝါ’ပေါ့ အဲတော့အက္ခရာသုံးလုံးကို စုလိုက်တဲ့ခါ’အစ်ဇေဝါ’ ဖြစ်သွားပြီ။ အဲဒီအဓိပ္ပါယ်ကိုဖော်လိုက်တဲ့အခါကျောင်း ဒကါရောဂါအခြေအနေဟာပြင်းထန်တယ် ဒီနေ့မကျော်နိုင်တော့ဘူး ဒီနေ့သေလိမ့်မယ် ဆိုတဲ့သဘော” ဟုဆိုကာ မှန်မမှန် သွားကြည့်ခိုင်းရာ တကယ်အမှန်ပင် သူ့အဖြေမှန်နေတဲ့အတွက် ဗညားနွဲ့ဟာကျေနပ်အားရတော်မူပါတယ်။
သိပ်မကြာခင်မှာပဲ အစ်ကိုဖြစ်သူ လယ်သူရင်းငှား သူလုပ်ရမယ့်အလုပ်ကို မလုပ်ပဲတနယ်တကျေးသို့ ထွက်ပြေးရာ အမူအခင်းမဖြစ်ချင် သဖြင့် ရှင်ဗုဒ္ဓဉာဏခင်ဗျာ လူထွက်ကာ အစ်ကို့အစား သူရင်းဌားအလုပ်ကို ဝင်လုပ်ရပါတယ်။ လယ်ပိုင်ရှင်က နွားတွေရှိတဲ့နေရာကို သိလို၍ မင်းကန်စီ ကိုသစ်ပင်ပေါ်တက် ကြည့်ခိုင်းရာ သွက်လက်စွာတက်ကြည့်ပြီး ပြန်ဆင်းလာခဲ့ပါတယ်။ “ဘယ်လိုလဲ နွားတွေကိုမြင်ခဲ့ရဲ့လား” လို့မေးရာ ” မြင်ခဲ့ပါတယ်။ အတက်တုန်းကမမြင် အဆင်းမှမြင်ပါတယ်။ တက်သည့်လမ်းက ဆင်းမရ အခြားလမ်းက ဆင်းခဲ့ရသည် ” ဟုဆိုရာ လယ်ပိုင်ရှင်က ” မင်းနှယ် နားမလည်တဲ့စကားကို ပြောပြောတတ်လွန်းတယ် ” ဟု ဆို၏။
မသောက်က ဗညားနွဲ့ကို လျှောက်တင်ရာ ဗညားနွဲ့က “မင်းဧကရာဇ် ဖြစ်မည်ဆိုပါက ဖြေနိုင်ပါစေ” ဟုဆိုကာ ” နွားတွေကို မြင်ခဲ့တယ်။ တက်သည့်အခါမမြင် ဆင်းသည့်အခါမှမြင်သည် ဆိုတာ မြွေကိုမြင်တာလို့ပြောတာ၊ မြွေကိုမြင်ရတဲ့အတွက် တက်တဲ့လမ်းကမဆင်းပဲ အခြားလမ်းက ဆင်းလာတယ် ဟု ဆိုခြင်းဖြစ်တယ် ” ဖြေဆိုရာ မှန်ကန်နေကြောင်း ထပ်တွေ့ရပါတယ်။
အစေခံလုပ်နေသူ မင်းကန်စီကို ဦးဒွေးဖြစ်သူ ဆရာတော်ကမကြည့်ရက် သဖြင့် လယ်ပိုင်ရှင်အား ကြေးအချိန် ၇၀ ပေးကာ အစေခံဘဝမှလွတ်စေခဲ့ပြီး သာမဏေပြန်ဝတ်စေခဲ့ပါတယ်။ တနေ့ ဆရာတော်တံမျက်စည်း လှည်းနေစဉ် ကိုရင်ဝင်လာတာကိုမြင်ကာ ” သင်းပိုင်တွင် မည်သည့်အရာကိုထုပ်ခဲ့သနည်း ” ဟုမေးရာ ” တပည့်တော် မွန်စကား သျှ၀ (သွ) နှင့် ကွန် (ကောန်) ဟူသော ဝေါဟာရ နှစ်လုံးကို မြန်မာလိုဆိုသည်ကို ပိုက်ခဲ့ပါသည် ” ဟုပြန်လျှောက်ပါတယ်။ ဆရာတော်က ပြုံး၍သာနေပါသည်။ နားလည်၍လား နားမလည်၍လားတော့ မပြောတတ်။
ဗညားနွဲ့ကြားတဲ့အခါ ” မွန်စကား သျှဝကို မြန်မာက ဟင်ဟုခေါ်သည်။ မွန်စကား ကွန် ကို မြန်မာတွင် သာ ဟုခေါ်သဖြင့် နှစ်လုံးပေါင်းလျင် ဟင်္သာ ဖြစ်မည်” ဟုမှန်ကန်စွာဖြေနိုင်ပြန်ပါတယ်။
ဗညားနွဲ့က ” ပုဂ္ဂိုလ်ထူး ၁ယောက်က ဒီကိုရင်ရဲ့ ထူးခြားတဲ့စကား သုံးခွန်းကို မှန်ကန်အောင်ဖြေနိုင်လျင် မင်းဧကရာဇ် အမှန်ဖြစ်မည်လို့ ငါ့အား ဟောဖူးတယ်၊ ဒီကိုရင်ကို သွားရောက်ပင့် ဆောင်ချေ ” လို့ဆိုလိုက်ပါတယ်။
ဒီလိုနဲ့ ကိုရင်လေး မင်းကန်စီဟာ နန်းတော်ကိုရောက်လာပါတော့တယ်။ မြင်မြင်းချင်းစဉ်းစားဉာဏ်ရှိပြီး တည်ကြည်တဲ့ ကိုရင်လေးကို မိဖုရား တလမေဒေါက ခင်သွားခဲ့တယ်။ ဗညားနွဲ့ နဲ့ ကိုယ်ရင်လေးတို့ကြားက ပဟေဠိအမေးအဖြေအဖြစ်အပျက်တွေကို သိပြီးတဲ့အခါမှာတော့ တလမေဒေါဟာ ကိုရင်လေးကို ရွှေဖလား နဲ့ အဝတ်တအုပ် လက်ဆောင်ပေးခဲ့ပါတယ်။
မင်းကံစီက ဗညားနွဲ့က သူ့အားအမူတော်ထမ်းစေကြောင်း သိရတဲ့အခါ ” ဘုန်းတော်ကြီးတဲ့အရှင့်သား ကျွန်တော်မျိုးအရှင့် အနားကိုရောက်လာတဲ့အတွက်အရှင်ဟာ ဟင်္သာကိုပိုက်ရမယ့် ဧကရာဇ်ဖြစ်တော့မှာပါ ” ဟုဆိုရာ ဗညားနွဲ့အလွန်အမင်း ဝမ်းမြောက်တော်မူပါတယ်။
ထိုအချိန်မှ စလို့ မင်းကန်စီဟာ ဗညားနွဲ့ကို ရာဇဓိရာဇ်ဆိုတဲ့ မင်းဧကရာဇ် ဖြစ်လာစေရန် အကြံဉာဏ်များစွာ နဲ့ ပါရမီဖြည့်ပေးခဲ့ပါတယ်။ မင်းကန်စီကလည်း သူတတ်ကျွမ်းလေ့လာထားတဲ့ ကျမ်းဂန် နဲ့ အဌာရသပညာတွေကို ဗညားနွဲ့အားသင်ပေးခဲ့တယ်။ မင်းကန်စီက အသက်ပိုကြီးတဲ့အတွက် ဗညားနွဲ့က မင်းကန်စီကို အစ်ကိုလို့ခေါ်တယ်။ ဒီလိုနဲ့ အရင်က စိတ်ကြမ်းလူကြမ်းကြီးဖြစ်ခဲ့တဲ့ ဗညားနွဲ့ဟာ တဖြည်းဖြည်းပြောင်းလဲလာပြီး တည်ငြိမ်ပြီး အရာရာကို ချင့်ချိန်တတ်လာတယ်။ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့ တည်တည်ငြိမ်ငြိမ်နဲ့ပြင်ဆင်လာနိုင်ခဲ့တယ်။
ဒီလိုနဲ့ ဗညားနွဲ့ (ရာဇာဓိရာဇ်) နန်းတက်တဲ့အခါ မင်းကန်စီဟာ ‘ရာဇမနု’ ဆိုတဲ့ ဘွဲ့အမည်ကို ခံယူကာ မင်းတိုင်ပင်အမတ်ကြီး အရာဖြစ်လာခဲ့တယ်။ ရာဇမနု (မင်းကန်စီ) ကလည်း အခါပေး အကြံဉာဏ်ပေးသင့်တဲ့ အခါပေးသလို၊ ဝေဖန်ထောက်ပြစရာရှိတဲ့ အခါတည့်တည့်ဝေဖန်ပြီး ရာဇာဓိရာဇ်ရဲ့ လက်ရုံးတစ်ဖက်ပမာ အားကိုးခဲ့ရတယ်။ စစ်ဘုရင် ရာဇာဓိရာဇ်ရယ်လို့ ဖြစ်လာစေဖို့ မင်းကန်စီရဲ့ စွမ်းဆောင်မှု အကြံပေးမှုတွေ အများကြီးပါခဲ့တယ်။ ဒါပေမယ့် မင်းကန်စီဟာ ရာဇာဓိရာဇ် ရဲ့ အမှုတော်ကို ကြာရှည်စွာ ထမ်းဆောင်ခြင်းမပြုနိုင်ခဲ့ပါဘူး။ ပုသိမ်တိုက်ပွဲမှာ လှေပေါ်က ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာနဲ့ ဆင်ထက်မှာတင် ကျဆုံးခဲ့ရလို့ဖြစ်ပါတယ်။
ရာဇာဓိရာဇ်ဟာ ဆရာဖြစ်သူ မင်းကန်စီကျသွားတော့ အတော်စိတ်ထိခိုက်ခဲ့တယ်။ အလောင်းကို အခမ်းအနားနဲ့ သြင်္ဂိုဟ်စေခဲ့ပြီး ရလာတယ် အရိုးပြာကို ရွှေကျုတ်ထဲ ထည့်စေတယ်။ အဲဒီနောက်တော့ အရိုးပြာထည့်ထားတဲ့ရွှေကျုတ်ကို သူတို့ ဆရာတပည့်နှစ်ဦး အရေးတော်ပုံစတင်ခဲ့ရာ ရွှေတိဂုံဘုရားခြေေတော်ရင်းမှာ မြုပ်နှံပြီး အရိုးအိုးစေတီတည်ခဲ့တယ်။ ဒါကတော့ ရာဇာဓိရာဇ်ရဲ့ လက်တစ်ဖက်ဖြစ်ခဲ့တဲ့ မင်းကန်စီ ခေါ် အမတ်သူရဲကောင်းတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတော့တယ်။
ကိုးကား
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
Discussion about this post