စင်ကာပူ ချန်ဂီ လေဆိပ် သည် အာရှဒေသ၏ အထူးသဖြင့် အရှေ့တောင်အာရှ၏ လေကြောင်းပို့ဆောင်ရေး အချက်အချာဖြစ်ပြီးစင်ကာပူရှိ အဓိကလေဆိပ်လည်း ဖြစ်သည်။ စင်ကာပူမြို့တွင်း စီးပွားရေး အချက်အချာကျရာ မြို့လယ်ခေါင်၏ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
ချန်ဂီလေဆိပ်ကို Changi Airport Group မှ အုပ်ချုပ်စီမံလျက်ရှိသည်။ ချန်ဂီလေဆိပ်သည် Singapore Airlines, Singapore Airlines Cargo, ဆစ်အဲ လေကြောင်းလိုင်း, Scoot, Tigerair, FedEx Express နှင့် Jetstar Asia Airways လေကြောင်းလိုင်းတို့အတွက် အဓိက အခြေစိုက်ရာဖြစ်သည်။ ၁၉၈၁ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့သည်ဖြစ်ရာ နှစ်ပေါင်း ၃၀ကျော် သက်တမ်းရှိပြီဖြစ်သည်။
ချန်ဂီလေဆိပ်သည် လေကြောင်းလိုင်း ၁၀၀ ကျော်ကို ဝန်ဆောင်မှုပေးထားသည်။ ချန်ဂီလေဆိပ်သည် နိုင်ငံပေါင်း ၈၀ ကျော် မြို့ပေါင်း ၃၀၀ ကျော်နှင့် ချိတ်ဆက်ပျံသန်းနေသည်။ ရက်သတ္တပတ်တိုင်းတွင် လေယာဉ်အတက်အဆင်း ၆,၆၀၀ ရှိသည်။ စက္ကန့် ၉၀ တိုင်းကို ၁စင်းကျ ဆင်းသက်နေကြသည်။ ၂၀၁၄ ခုနှစ်အတွက် ခရီးသည် ၅၄.၁ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။
ချန်ဂီလေဆိပ်တွင် အဆောက်အဦး (၃) ခုရှိပြီး ခရီးသည် ၆၆ သန်းကို နှစ်စဉ် ဝန်ဆောင်မှုပေးနိုင်စွမ်းရှိသည်။ လေဆိပ်အဆောက်အဦး (၁) ကို ၁၉၈၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အမှတ်(၂) ကို ၁၉၉၀ နှင့် အမှတ် (၃) ကို ၂၀၀၈ ခုနှစ် မှာ အသီးသီးဖွင့်လှစ်ခဲ့သည်။ ဘတ်ဂျက်အဆောက်အဦးကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ပြန်လည်ပိတ်ခဲ့သည်။ အဆောက်အဦး (၄) ကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦး (၅) ကို ၂၀၂၀ နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ရန် စီမံကိန်းထားရှိသည်။
၂၀၁၄ ကိန်းဂဏန်းများအရ ချန်ဂီလေဆိပ်သည် လူဦးရေ ၅၄ ၀၉၃ ၀၇၀ ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်ကထက် ဝ.၇၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ ခရီးသွား လူဦးရေ ပမာဏသည် ၆၂.၂သန်းအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ ၂၀၁၇ခုနှစ်စာရင်းအရ ချန်ဂီလေဆိပ်သည် ကမ္ဘာပေါ်မှာ နံပါတ်(၁၈)ခုမြောက် အလုပ်အများဆုံးလေဆိပ်ဖြစ်သည်။ အာရှမှာတွင် နံပါတ်(၉) အလုပ်အများဆုံး လေဆိပ်ဖြစ်သည်။
အလုပ်အများဆုံး နေ့ရက်များမှာ ခရစ်စမတ်မတိုင်ခင် နေ့ရက်များဖြစ်သည်။ ၂၄ နာရီအတွင်းမှာ လူဦးရေ ၁၈၆ ၅၀၀ ခန့် လေဆိပ်ကို အသုံးပြုခဲ့ကြသည်။ ချန်ဂီလေဆိပ်သည် ကုန်ပစ္စည်းများကိုင်တွယ်ရာတွင် ကမ္ဘာပေါ်၌ အလုပ်အရှုပ်ဆုံး လေဆိပ်ဂိုဒေါင်ကြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကုန်တန်ချိန် ၁.၈၄ သန်း ကို ကိုင်တွယ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း လေယာဉ်ဆင်းသက်မှုပေါင်း ၄၃၁ ၃၈၆ စီးရှိခဲ့သည်။
၁၉၈၁ ခုနှစ်မှ စတင်၍ ဆုတံဆိပ်များ ရရှိခဲ့ရာ ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၏ အကောင်းဆုံးလေဆိပ်ဆုကိုရရှိခဲ့သည်။ ၂၀၁၄ခုနှစ်မှ စ၍ ယခု ၂၀၁၈ခုနှစ်တိုင်အောင် ကမ္ဘာ့အကောင်းဆုံးလေဆိပ်စာရင်းတွင် နံပါတ် ၁ နေရာကို ဗိုလ်စွဲထားဆဲဖြစ်သည်။
ခရီးသည် ဝန်ဆောင်မှု
လေဆိပ် အဆောက်အဦး (၃) ခုလုံးတွင် ခေတ်မှီလူဝင်မှု ကြီးကြပ်ရေး ကိရိယာများကို တပ်ဆင်ကာ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များအတွက် ဝန်ဆာင်မှုပေးလျက်ရှိသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအပြီး ခရီးသည်များဝင်ရောက်မှုများ ကျဆင်းလာခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ခရီးသည်များ ဝင်ရောက်မှု တိုးတက်လာခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအနေဖြင့် ခရီးသည် သန်း ၃၀ ကျော်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စီးပွားရေးပျက်ကပ်နှင့် ကြုံတွေ့ရခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်လည်း ခရီးသည် သန်း ၅၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်မူ ခရီးသည် ၆၂သန်းကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။
ကုန်စည် ဝန်ဆောင်မှု
လေဆိပ်၏ မြောက်ဘက်တွင် လေဆိပ်ဂိုဒေါင် ထားရှိပြီး လေကြောင်း ကုန်စည်စီးဆင်းမှုကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ချန်ဂီလေဆိပ်အနေဖြင့် ၁.၈၁ သန်း တန်ကို ၂၀၁၂ ခုနှစ်က ကိုင်တွယ်နိုင်ခဲ့သည်။ အဆိုပါ ပမာဏသည် ကမ္ဘာပေါ်တွင် အဆင့် (၇) နှင့် အာရှတွင် အဆင့်(၅) ဖြစ်သည်။ ခေတ်မီလျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြု၍ ကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်စေသည်။ ၂၀၁၄ ခုနှစ်မှာ ၁.၈ သန်း တန်ကို ကိုင်တွယ် ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ချန်ဂီလေဆိပ်သည် လေကြောင်းကုန်သွယ်မှု ထူးချွန်ဆု ကို ရရှိခဲ့သည်။
စိတ်ဝင်စားစရာ နေရာများ
လေဆိပ်တစ်ခုလုံးသည် နည်းပညာမြင့် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး အလွန်လှပသော ပန်းခြံကို ၂၀၁၄ခုနှစ်ကတည်းက စတင်တည်ဆောက်ကာ ထည့်သွင်းခဲ့ပြီးဖြစ်သည်။ လေဆိပ်မှာရှိတဲ့ ကမ္ဘာ့ပထမဆုံးပန်းခြံအဖြစ် သတ်မှတ်ခံရတဲ့ ထိုပန်းခြံတွင် Rain Vortex အမည်ရှိ အမြင့် ၁၃၁ပေ ရှိသော သက်တန့်ရေတံခွန်တစ်ခုကိုလည်း ထည့်သွင်းထားသည်။ ထိုရေတံခွန်သည် ပန်းခြံအဆောက်အဦး၏ ငါးထပ်မြောက်မှ စတင်စီးဆင်းနေပြီး ရေစီးသံနှင့်အတူ တီလုံးသံစဉ် နှင့် မီးရောင်များကိုပါ ထည့်သွင်းထားသည်။
အပေါ်ဆုံးထပ်တွင်တော့ Canopy Park တည်ရှိပြီး အများပြည်သူများ အေးဆေးစွာ အပန်းဖြေနိုင်သည်။ ထိုပန်းခြံအဆောက်အဦးတွင် အခန်း ဈေးဆိုင်ပေါင်း ၃၀၀ကျော်ကိုလည်း ထည့်သွင်းထားခဲ့သည်။ ပန်းခြံထဲတွင် အပင်မျိုးစိတ်ပေါင်း ၄၇ မျိုးကို စိုက်ပျိုးထားပြီး ရောင်စုံလိပ်ပြာပေါင်း ၁၀၀၀ ခန့်ကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။
ခရီးသည်များ စောင့်ဆိုင်းနေစဉ်အတွင်း ကြည့်ရှု့နိုင်ရန် အခမဲ့ကြည့်ရှုနိုင်သည့် ရုပ်ရှင်စင်တာကိုလည်း ၂၄နာရီဖွင့်ပေးထားသည်။ ထို့အပြင် ဂိမ်းကိုနှစ်သက်သူများအတွက်လည်း Xbox Kinect Room, MTV booth, XBOX360 and Playstation 3 consoles, music area စသည်တို့ကို ထည့်သွင်းပေးထားသေးသည်။
ထို့အပြင် လူကြီးများစောင့်ဆိုင်းနေစဉ် ပါလာသည့် ကလေးများအပန်းဖြေရန်အတွက် နောက်ဆုံးပေါ် ပစ္စည်းများစုံလင်သည့် ကလေးကစားကွင်းလည်း ရှိသည်။ ဈေးဝယ်စင်တာများအပြင် ၊ အမျိုးသမီးများအတွက် အလှပြင်ခန်းများရှိနေပြီး ထူးခြားသည်မှာ ငါးလေးများနှင့်အတူ ခြေထောက်စိမ်နိုင်သည့် Fish Spa ဖြစ်သည်။
အညောင်းဖြေချင်သူများအတွက်လည်း အခမဲ့နိုပ်နိုင်သည့် အနှိပ်ထိုင်ခုံများကိုလည်း လေဆိပ်အနှံ့အပြားတွင် ချပေးထားသည်။ ဒါတင်မကသေး တရေးတမော အိပ်စက်လိုသူများအတွက်လည်း Snooze Lounge နေရာရှိနေပြန်သည်။
ဒီနေရာများတင် မကသေး အခြားစိတ်ဝင်စားဖွယ်နေရာများလည်း ချန်ဂီလေဆိပ်ကြီးတွင် ရှိနေပါသေးသည်။ ပုံမှန်လေဆိပ်များနှင့် မတူသော ထိုကဲ့သို့အချက်များကပင် ချန်ဂီလေလဆိပ်ကြီးကို ကမ္ဘာ့အကောင်းဆုံးလေဆိပ်ကြီး အဖြစ် ဗိုလ်စွဲစေခဲ့ခြင်းဖြစ်သည်။
၃မိနစ် ဗီဒီယိုလေးကနေ ချန်ဂီလေဆိပ်ကို သွားကြည့်ကြည့်မယ်
Wikipedia
Discussion about this post