စက်မှုတော်လှန်ရေး (Industrial Revolution) သည် အရင်းရှင်စီးပွားရေးစနစ် စက်မှုလုပ်ငန်း အသွင်ပြောင်းလာစေသည့် စောစောပိုင်းကာလကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုတွင် စက်ယန္တရားများဖြင့် လူအားနေရာတွင် အစားထိုးလာသည့် ခေတ်ကာလလည်းဖြစ်သည်။ စက်ယန္တရားများ တီထွင်အသုံးပြုခြင်းသည် ဤခေတ်ကာလ၏ သင်္ကေတဖြစ်သောကြောင့် သမိုင်းပညာရှင်များက ဤခေတ်ကာလအား “စက်ယန္တရားခေတ်”ဟု ခေါ်ဝေါ်သမုတ်လေ့ရှိသည်။
စက်မှုတော်လှန်ရေးသည် ၁၇၅၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဟု တချို့က ယူဆခဲ့သော်လည်း ၁၈၃၀ ပြည့်လွန်နှစ်ရောက်မှသာ ရုပ်လုံးပီပြင်လာသည်။ ပညာရှင်အများစုက စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ (ယူကေ) အလယ်ပိုင်းဒေသတွင် အစပျိုးခဲ့သည်ဟု လက်ခံထားကြသည်။ ၁၈ ရာစုနှစ်လယ်ပိုင်းတွင် ဗြိတိသျှလူမျိုး ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်ကို တီထွင်ခဲ့ပြီးနောက် လူအားဖြင့် ကုန်ထုတ်လုပ်ခြင်းမှသည် စက်အားဖြင့် ထုတ်လုပ်ခြင်းသို့ တစတစ ကူးပြောင်းလာခဲ့သည်။ ဒီ့နောက်တွင် အနောက်ဥရောပ နိုင်ငံများနှင့် အမြောက်အမေရိကတိုက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာတဝှမ်းသို့ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ရေနွေးငွေ့စက်၊ ကျောက်မီးသွေး၊ သံနှင့် သံမဏိတို့သည် နည်းပညာတိုးတက်မှုနှင့် စက်မှုတော်လှန်ရေး အရှိန်အဟုန်ရလာစေသည့် အကြောင်းအရင်းကြီး ၄ ရပ်ဟု ယူဆကြသည်။
ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်အား မတီထွင်မှီကာလတွင် ကုန်ပစ္စည်းထုတ်လုပ်ရာ၌ လူအားနှင့် တိရစ္ဆာန်အင်အားကိုသာ အသုံးပြုခဲ့ကြသည်။ ရေနွေးငွေ့စက် ပေါ်ပေါက်လာပြီးနောက် စက်ရုံများအား မြစ်၊ ချောင်းများ အနီးတွင် တည်ဆောက်ရန် မလိုတော့သကဲ့သို့ လူအား အမြောက်အများကိုလဲ မလိုအပ်တော့ပေ။ ကုန်ထုတ်စွမ်းအားလည်း အရှိန်အဟုန်နှင့် တိုးမြင့်လာစေသည်။ စက်မှုတော်လှန်ရေးသည် လူ့ဘောင်အဖွဲ့အစည်းအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူနေမှုစသည့် အပိုင်းကဏ္ဍအသီးသီးမှ ကြီးမားနက်ရှိုင်းသည့် သက်ရောက်မှု ဖြစ်စေခဲ့သည်။
နောက်ခံသမိုင်း
စက်မှုတော်လှန်ရေး မတိုင်မှီကာလတွင် အနောက်နိုင်ငံသား အများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ၎င်းတို့သည် လူအား၊ တိရစ္ဆာန်အင်အားနှင့် ရိုးစင်းသည့် ကိရိယာများကို အသုံးပြုကာ စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အလယ်ခေတ်မှ လယ်သုံးကွက် အလှည့်ကျ စိုက်ပျိုးနည်းကို အသုံးပြုဆဲဖြစ်သည်။ ဤနည်းလမ်းဖြင့် စိုက်ပျိုးရာတွင် လယ်သမားများသည် လယ်မြေများကို အကွက်သုံးကွက်ခွဲကာ နှစ်စဉ် အကွက် နှစ်ကွက်တွင်သာ စိုက်ပျိုးကြသောကြောင့် ထွက်နှုန်းမများလှပေ။
ထိုခေတ်ကာလ၌ မြို့ပြတွင် နေထိုင်သည့် လူဦးရေမှာ ၁ သောင်း အောက်တွင်သာ ရှိသည်။ မြို့ပြနေ လူတန်းစားမှာ စီးပွားရေးသမားများနှင့် အချုပ်သမား၊ လက်သမား ကဲ့သို့သော တပိုင်တနိုင် လုပ်ငန်းများ လုပ်ကိုင်သည့် လက်လုပ်လက်စားများ ဖြစ်ကြသည်။ ကုန်ပစ္စည်း ထုတ်လုပ်ရာတွင်လဲ ရေအား၊ လေအား၊ တိရစ္ဆာန်အားနှင့် လူအင်အားကိုသာ အဓိက အသုံးပြုကြသောကြောင့် ကုန်ထုတ်မှု ပမာဏ မများလှပေ။ ထို့ကြောင့် လူဦးရေတိုးပွားလာသည့် အလျောက် တစတစ တိုးမြှင့်လာသည့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိတော့ပါ။ မြို့ပြနှင့် ကျေးလက်အကြား သယ်ယူပို့ဆောင်ရာတွင်လည်း မြင်းလှည်း၊ နွားလှည်းများသာ အဓိကဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းမွန်လှပေ။ မိုးရာသီတွင် ကူးသန်းသွားလာရေး ခဲယဉ်းသည်။
၁၇၅၀ ပြည့်နှစ်လောက်တွင် အင်္ဂလန်ပြည်၌ အထည်လိပ်လုပ်ငန်းများအတွက် စက်များကို တီထွင်ဖန်တီထွင်ပြုလုပ်ခြင်းဖြင့် စက်မှုတော်လှန်ရေး စတင်ဖြစ်ပေါ်လာလေသည်။ ကေး ဆိုသည် ၁၇၃၃ခုနှစ်တွင် ရက်ကန်းလွန်းပျံကို တီထွင်ခဲ့သည်။ ၁၇၆၇ခုနှစ်တွင် ဟားဂရီးဆိုသူက ခြည်မျှင်အများကို တစ်ပြိုင်တည်းငင်နိုင်ငည့် စပင်းနင်းဂျင်နီ ခေါ် ခြည်ငင်စက်ကို တီထွင်ခဲ့လေသည်။ တစ်ပြိုင်တည်းကျောက်မီးသွေး အသုံးပြုခြင်းလုပ်ငန်းမှာ ပိုမိုတိုးတက်လာ၍ တွင်ကျယ်လာသည်။ လမ်းများကိုလည်း ပြုပြင်ပြီး တူးမြောင်းအများအပြားဖောက်လုပ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာခဲ့သည်။
စက်မှုတော်လှန်ရေး၏ အကျိုးကျေးဇူးများ
မည်သို့ဖြစ်စေ စက်မှုလက်မှုလုပ်ငန်း တိုးတက်ခဲ့သည့်အတွက် လူသာမန်တို့မှာ ကုန်ပစ္စည်းများကို ဈေးပေါပေါ နှင့် ကောင်းကောင်း ဝယ်ယူအသုံးပြုနိုင်ခဲ့လေသည်။ အင်္ဂလန်ပြည်သည် ကုန်သည်များကို ဈေးပေါပေါများများ လုပ်ကိုင်ရောင်းချနိုင်သဖြင့် ဝင်ငွေတိုးတက်ပြီးလျှင် စီးပွားရေး ခိုင်လုံတောင့်တင်းလာခဲ့လေသည်။ ထို့ကြောင့် နပိုလီယန်နှင့် စစ်ဖြစ်သောအခါ ခံနိုင်ရည်ရှိခဲ့ပေသည်။ လူတို့၏ နေထိုင်မှုအဆင့်အတန်းသည်လည်း မြင့်လာ၏။ စက်မှုနိုင်ငံတို့သည် ကုန်ကြမ်းရရန်နှင့် ပြည်တွင်းဈေးကွက် ကုန်ချေရောင်းချရန် နယ်ပယ်များ လိုလာသဖြင့် နိုင်ငံချဲ့ထွင်လာကြရာမှ နယ်ချဲ့စနစ်ပေါ်ပေါက်လာခဲ့သည်။
ထိုခေတ်၌ လူတို့သည် စက်မှုလုပ်ငန်းကိုသာမက စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုပြင်ခဲ့ကြလေသည်။ ဂျုံ တစ်မျိုးတည်းကိုသာ နှစ်စဉ်ဆက်စိုက်ခြင်း မပြုပဲ ၊ မုန်လာဥဝိုင်း ၊ မုန်လာဥနီ ၊ ပဲပင် စသည်တို့နှင့် တစ်လှည့်စီပြောင်း၍ စိုက်ကြလေသည်။ ထိုအလှည့်ကျ စိုက်ပျိုးရေးနစ်ကြောင့် မြေသြဇာများ မယုတ်လျော့ပဲ ကောင်းမွန်လာသည့်အပြင် အထွက်လည်းများလာလေသည်။ ထို့ပြင် မြေကွက်ငယ်များဖြင့် တကွဲတပြား စိုက်ပျိုးသော စိုက်ခင်းကြီးများဖြစ်အောင် စုပေါင်းလုပ်ကိုင်ကြသဖြင့် ပိုမိုစနစ်ကျလာပြီးလျှင် ကောက်သီးကောက်နှံ အထွက်များလာလေသည်။ နွား ၊ ဆိတ် ၊ သိုး စသည်တို့ကို ပြုပြင်မွေးမြူကြသဖြင့် ကောင်ရေများပြားလာကာ အမျိုးအစားလည်း ကောင်းမွန်လာလေသည်။
ဤသို့လျှင် အင်္ဂလန်ပြည်၏ အခြေအနေသည် စက်မှုလက်မှုအရေးပါပုံကြောင့် အနှစ် တစ်ရာခန့်အတွင်း မယုံနိုင်အောင် ပြောင်းလဲလာခဲ့ပေသည်။ ဤအရေးတော်ပုံသည် အင်္ဂလန်ပြည်၌ စတင်ပေါ်ပေါက်ခဲ့၍ နောင်အခါ ကမ္ဘာအဝှမ်းလုံးသို့ တဖြည်းဖြည်းပျံ့နှံ့သွားသဖြင့် ကမ္ဘာတစ်ခုလုံး၏ အခြေအနေလည်း တစ်မျိုးတစ်ဖုံ တိုးတက်ပြောင်းလဲလာကာ ခေတ်သစ်ကြီး ပေါ်ပေါက်လာခဲ့ရသည်။
စက်မှုတော်လှန်ရေး မျိုးဆက်များ
လက်ရှိအချိန်အထိ စက်မှုတော်လှန်ရေး မျိုးဆက် ၄ ခုရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ပထမ မျိုးဆက် စက်မှုတော်လှန်ရေး(1.0)
၁၈ရာစုမှစ၍ ဥရောပ နှင့် အမေရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ စိုက်ပျိုးရေး ၊ ချည်မျှင် နှင့် သယ်ယူပို့ဆောင်ရေးများတွင် စက်မှုပစ္စည်းများကို အစားထိုးကာ တီထွင်အသုံးပြုလာခဲ့ကြသည်။
ဒုတိယမျိုးဆက် စက်မှုတော်လှန်ရေး(2.0)
၁၉ရာစုမှ ၂၀ရာစုအစောပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။ ယခင် လက်မှုမှ စက်မှုသို့ပြောင်းလဲခဲ့သော လုပ်ငန်းများကို ပိုမိုချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်နှင့် လောင်စာအင်ဂျင်များကို တွင်ကျယ်စွာ အသုံးပြုလာသော ခေတ်ဖြစ်သည်။
တတိယမျိုးဆက် စက်မှုတော်လှန်ရေး(3.0)
၂၀ ရာစုနှောင်းပိုင်းမှ စတင်ဖြစ်ပေါ်လာခဲ့သော ဒုတိယမျိုးဆက်ကို တစ်ဆင့်မြှင့်ခဲ့သည့် တော်လှန်ရေးဖြစ်သည်။ စက်မှုမှနေ၍ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းကာ ကွန်ပျူတာ ၊ အင်တာနက် နှင့် ကွန်ယက်နည်းပညာများကို တီထွင်အသုံးပြုလာခဲ့ကြသည်။
စတုတ္ထ မျိုးဆက် စက်မှုတော်လှန်ရေး(4.0)
လက်ရှိအချိန်ဖြစ်သည်။ ကွန်ပျူတာ ကွန်ယက်နည်းပညာများမှ တစ်ဆင့် ရိုဘော့ ၊ AI ၊ နာနို အစရှိသည့် နောက်ဆုံးပေါ်နည်းပညာများကို အဆင့်မြှင့်တီထွင်နေကြသည့် ခေတ်ဖြစ်သည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၃ အပိုင်းခ
Myanmar Wikipedia
Discussion about this post