ပထဝီဝင်သဘောအရ စကန်ဒီနေးဗီးယား (သို့) စကန်ဒီနေးဗီးယန်းနိုင်ငံများ ဆိုသည်မှာ အဓိကအားဖြင့် ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံများကို ဆိုလိုသည်။( ဖင်လန်နိုင်ငံ ၊ ဖာရိုးကျွန်းစု ၊ အိုက်စလန် ၊ အာလန်ကျွန်း တို့ကိုလည်း တခါတရံထည့်သွင်းဖော်ပြလေ့ရှိသည်)။ နော်ဝေးနှင့် ဆွီဒင်နိုင်ငံတို့သည် ဥရောပမြောက်ပိုင်းရှိ စကန်ဒီနေးဗီးယားကျွန်းဆွယ်၌ ပါဝင်သော နိုင်ငံများ ဖြစ်ကြသည်။ အထက်ဖေါ်ပြပါ နိုင်ငံသုံးနိုင်ငံသည် ခရစ် ၈၅၀ ပြည့်နှစ်ခန့်မှ ၁၄ ရာစုနှစ်အထိ သီးခြားနိုင်ငံများ အဖြစ် တည်ရှိခဲ့လေသည်။ သို့သော်လည်း ၁၃၉၇ ခုနှစ်မှစ၍ ၁၅၂၃ ခုနှစ်အထိ ထိုသုံးနိုင်ငံတို့သည် အချင်းချင်း ပူးပေါင်း၍ အစိုးရအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြ၏။ ထိုနိုင်ငံများအနက် ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံများသည် ၁၈၁၅ ခုနှစ် ဗီယင်းနာ ကွန်ကရက်အထိ ပူးပေါင်းခဲ့လေသည်။
ဤစကန်ဒီနေးဗီးယားနိုင်ငံများက ကိုလိုနီနယ် သစ်များဖွင့်သောအခါ၌၊ ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံဖြစ်သည့် အိုက်စလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ သို့ သိမ်းသွင်းခြင်းခံရ၍၊ ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်ဖြစ်ခဲ့ရလေသည်။ စကန်ဒီနေးဗီး ယားနိုင်ငံများသည် မျိုးရိုး၊ ဘာသာစကားနှင့် သမိုင်းတို့၌ တနိုင်ငံနှင့် တနိုင်ငံတူကြသည်။ စကန်ဒီနေးဗီးယား အမည်ခံအထက်ပါဒေသအားလုံးသည် ကမ္ဘာ၏ မြောက်အစွန်ဆုံးဘက်၌ ကျရောက်နေသော အလွန်အေးသော ဆောင်းဒဏ်ကို ကြာရှည်ခံရ၏။
ထိုဒေသများ၌ နေရောင်မြင်ရသည့် နွေးသောနွေဥတုအချိန်ကာလသည် တိုတောင်းလှ၏။ ပင်လယ်ဖြင့် ဝန်းရံနေရသောကြောင့် ကျောက်ဆောင်တောင်ကမ်းပါးတို့ကို ပင်လယ်လှိုင်း ရိုက်သံများ အစဉ်ကြားနေရ၏။ စကန်ဒီနေးဗီးယားကျွန်းဆွယ်ဒေသသည် တခါက ရေခဲပြင်အတိ ဖုံးလွှမ်းနေ သဖြင့် လူသူတဦးတယောက်မျှ မနေနိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဘီစီ ၁၀၀၀၀ မှ ၆၀၀၀ ပြည့်နှစ်ကြားကာလ အတွင်း ထိုရေခဲပြင်များသည် မြောက်ဖက်သို့ ရွေ့သွားပြီးနောက် စကန်ဒီနေးဗီးယားကျွန်းဆွယ်တွင် လူများ နေထိုင်နိုင်လာကြ၏။ ထိုဒေသများ၌ ဦးစွာတံငါသည်များနှင့် မုဆိုးများသာ စတင်နေထိုင်ကြသည်။ ရေခဲများ ပျော်သွားသောအခါ ထိုသူတို့သည် တဖြည်းဖြည်းမြောက်ဘက်သို့ တိုး၍တိုး၍ နယ်ချဲ့နေထိုင်ကြ၏။
အလွန်ရှေး ကျသော စကန်ဒီနေးဗီးယန်းလူမျိုးတို့သည် အများအားဖြင့် အရှေ့ဖက်ပင်လယ်နက်ဖက်မှ လာရောက်နေထိုင် သူများ ဖြစ်ကြ၏။ ယင်းတို့သည် လူရိုင်းများသာ ဖြစ်သည်။ လယ်ယာစိုက်ပျိုးမှုကို နားမလည်။ ဓာတ်သတ္တုနှင့် တွင်းထွက်ပစ္စည်းများကို အသုံးမချတတ်၊ တိရစ္ဆာန်များကိုလည်း ခိုင်းစေနိုင်ရန် ယဉ်ကျေးအောင် မဆုံးမတတ် ချေ။ လက်နက်ကိရိယာများကို ကျောက်ဖြင့် လုပ်၍သုံးကြ၏။ ကျောက်ခေတ်က လူရိုင်းများကဲ့သို့ပင် အသိ ပညာတိုးတက်မှုဘာမျှမရှိသေးချေ။
ယခုစကန်ဒီနေးဗီးယား၌ နေထိုင်ကြသော လူမျိုးများမှာ စင်စစ်ထိုလူရိုင်းများမှ ဆင်းသက်ပေါက်ပွား လာကြသူများ မဟုတ်ချေ။ ယခုနေထိုင်သူများမှာ ဂျာမာန်လူမျိုးများနှင့် သွေးစပ်၍ အချို့ကား အင်္ဂလိပ်နှင့် သွေး စပ်ကြ၏။ နှစ်ပေါင်းလေးထောင်ကျော်လောက်က ဂျာမာန်သို့မဟုတ်တျူတန်အမျိုးအနွယ်ဝင်များသည် စကန် ဒီနေးဗီးယားသို့ သွားရောက်နေထိုင်ကြ၏။ သူတို့သည် အရည်အချင်းသာ၍ လက်နက်စုံသဖြင့် ရှိရင်းစွဲလူရိုင်း များကိုမောင်းနှင်ထုတ်ပစ်လိုက်ကြသည်။
သူတို့နှင့်အတူ ကိုးကွယ်သည့်အယူဝါဒလည်း ပါလာ၏။ သူတို့ကိုးကွယ်သည်မှာ အိုးဒင်နတ်ဖြစ်၏။ စကန်ဒီနေးဗီးယန်းလူမျိုးတို့သည် ထကြွဝီရိယရှိသည်။ သူတို့၏တိုင်းပြည်ကို ပင်လယ်ကပတ်လည်ဝိုင်းထားသ ဖြင့် သူတို့သည် လှိုင်းလေပြင်းထန်သော ပင်လယ်ထဲသို့ သွားရောက်စွန့်စားကာစီးပွားရှာလိုသော စိတ်ရှိသည်။ ရှေးခေတ် ဗိုက်ကင်းလူမျိုးအဖြစ်ရှိစဉ်အခါက စစ်တိုက်ခန်း၊ စွန့်စားခန်းများနှင့် နတ်များ၊ လူစွမ်းကောင်းများအ ကြောင်းကို သီချင်းဆို၍လည်းကောင်း၊ ပုံပြင်များပြော၍လည်းကောင်း ချီူကျူးလေ့ရှိကြ၏။ နောင်တွင် ထိုပုံပြင် နှင့်သီချင်းများကို စာဖြင့် ရေးမှတ်ထားကြသည်။
ထိုကဲ့သို့ရေးမှတ်ထားသော ရှေးဟောင်းပုံပြင်များအနက် ကဗျာစာဆိုကြီး အက်ဒါကြီး (၁၀ နှင့် ၁၁ ရာစုနှစ်) နှင့် စကားပြေစာဆို အက်ဒါငယ် (၁၂ ရာစုနှစ်) တို့၏ လက်ရာများမှာ ယခုတိုင် ကျန်ရှိသေးသည်။ ယင်းပုဂ္ဂိုလ်ကြီးများ ရေးသားသော ပုံပြင်များမှ အိုးဒင်းနှင့်သော စသောစကန်ဒီနေးဗီးယားနတ်များအကြောင်းမှာထင်ရှားသည်။ ခေတ်သစ်စကန်ဒီနေးဗီးယားစာပေမှာ ၁၈ ရာစုအတွင်းက စတင်ပေါ်ပေါက်လာ၍ ထုံးဟောင်း ပုံပြင်များ သက်ကြီးစကား သက်ငယ်ကြားရသည့် ရှေးပုံဝတ္ထုတိုများ၊ ဒဏ္ဍာရီပုံပြင်များဖြင့် ပြည့်နေပေ၏။ ယခုခေတ်၌ စကန်ဒီနေးဗီးယန်းစာပေများမှာ ထိပ်တန်းသို့တိုးတက်နေပြီဟု ဆိုရပေမည်။
စကန်ဒီနေးဗီးယားမှ ကမ္ဘာကျော် စာရေးဆရာကြီးများအမြောက်အမြား ထွက်ပေါ်နေသည်ကို ကြည့်ခြင်းဖြင့် ထိုတိုင်းပြည်၏ စာပေအခြေအနေကို အကဲခတ်နိုင်လောက်ပေ၏။ ဒိန်းနှင့် နော်ဝေးကပြားဖြစ်သော ဟောလဗတ် (ခရစ် ၁၆၈၄-၁၇၅၄) မှာ ဥရောပ မြောက်ပိုင်းတွင် ထင်ရှားသော ပြဇာတ်ရေးဆရာကြီးဖြစ်၍ ဆွီဒင်လူမျိုးတင်းနေး (ခရစ် ၁၇၈၂-၁၈၄၆) မှာ နာမည်ကျော် ကဗျာဆရာတဦးဖြစ်၏။ ဒိန်းမတ်နိုင်ငံမှ ဟန့်စ်အင်ဒါဆန် (ခရစ် ၁၈၀၅-၁၈၇၅) သည် ပုံပြော ကောင်းသူဖြစ်၍သူ၏ဒဏ္ဍာရီပုံပြင်များကိုတကမ္ဘာလုံးကနှစ်သက်ကြ၏။ ၁၉ ရာစုနောက်ပိုင်း၌ ထင်ရှားကျော်စောသော စကန်ဒီနေးဗီးယားစာရေးဆရာများမှာ နော်ဝေးလူမျိုး ဖြစ်သော ပြဇာတ်ဆရာ ဟင်းနရစ်အစ်ဗဆင်၊ ပြဇာတ်နှင့် ဝတ္ထုရေးဆရာ ဗျန်းဆန်းတို့ဖြစ်၍ နိုဗဲဆုကြီးကို ဆွတ်ခူးသော ဆွီဒင်အမျိုးသမီး ဝတ္ထုရေးဆရာ ဆစ်ဂရစ်အွန့်ဆက်မှာ စကန်ဒီနေးဗီးယန်း လူမျိုးတို့၏ ဘဝကို ဖော်ပြသဖြင့် အလယ်ခေတ်တွင် ထင်ရှားသည်။
Discussion about this post