ပထမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်(၂)ခုစလုံးမှာပါဝင်ခဲ့တဲ့ ဗြိတိသျှဗိုလ်ချုပ်ကြီး ဘားနက် လောမောင့်ဂိုမာရီဟာ ကမ္ဘာစစ်သမိုင်းရဲ့ထင်ရှားတဲ့ပြယုဒ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကာလအတွင်းအာဖရိကမြောက်ပိုင်းစစ်ဆင်ရေးတွေအတွင်းမှာ ဂျာမန်တပ်တွေကို အပြတ်သတ်အောင်ပွဲခံခဲ့တဲ့အချိန်ကနေစပြီး မောင့်ဂိုမာရီရဲ့နာမည် ဟာစတင်ကျော်ကြားလာခဲ့ပါတယ်။
သူဟာအိုင်ယာလန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အရွယ်ရောက်ချိန်မှာ ဗြိတိန်တပ်မတော်နဲ့အတူ ပထမကမ္ဘာစစ်အတွင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ သူရဲ့ရာထူးအဆင့်ဆင့်မှာစွမ်းဆောင်ရည်ကောင်းတွေကြောင့် (၁၉၃၇) ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့်ထိရာထူးတိုးပေးခံခဲ့ရပြီးမကြာခင်မှာပဲဗိုလ်ချုပ်တစ်ဦးဖြစ်လာ ခဲ့ပါတယ်။
(၁၉၃၉)ခုနှစ် ၊စက်တင်ဘာမှာဒုတိယကမ္ဘာစစ်စတင်ချိန်မှာတော့ မောင်ဂိုမာရီဟာ ဘယ်ဂျီယံနဲ့ပြင်သစ်စစ်မြေပြင်တွေအထိသွားရောက်ကာ သူရဲ့အမှတ်(၃)ခြေလျင်တပ် နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တရှိန်ထိုးတိုက်စစ်ဆင်လာတဲ့ဂျာမန်တပ်တွေကြောင့် နောက်ပိုင်းမှာတော့ မောင်ဂိုမာရီတပ်တွေဟာ အင်္ဂလန်အရှေ့တောင်ပိုင်းစစ်မျက်နှာ ကာကွယ်ရေးတာဝန်ကိုဆက်လက်ယူခဲ့ပါတယ်။
(၁၉၄၂)ခုနှစ်၊သြဂုတ်လမှာတော့ အမှတ်(၈)တပ်မတော်ကို ဦးစီးပြီး အီဂျစ်အနောက်ပိုင်း စစ်မျက်နှာတာဝန်တွေကိုဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။ ယင်းကာလက မဟာမိတ် တပ်တွေဟာ ဂျာမန်နဲ့အီတလီတပ်တွေရဲ့တစ်ရစပ်ဖိအားပေးတိုက်ခိုက်ခြင်းကိုခံနေရချိန် ဖြစ်ပြီး Almein အရပ်ကနေခံစစ်နဲ့ တိုက်ခိုက်နေရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မောင့်ဂိုမာရီရဲ့ဦးဆောင်မှုနဲ့ မဟာမိတ်တပ်တွေဟာခံစစ်ကနေ ထိုးစစ်ကိုကူးပြောင်းပြီး ဂျာမန်နဲ့အီတလီတပ်ပေါင်းစုကိုပြန်လည်တိုက်ခိုက်ခဲ့ရာ ရက်သတ္တပတ်(၁၃)ပတ်အကြာ မှာပဲ ဂျာမန်နဲ့ အီတာလျံတပ်တွေကိုအောင်နိုင်ခဲ့ပါတယ်။
ယင်းတိုက်ပွဲတွေကစပြီး မောင့်ဂိုမာရီဟာ ဂျာမန်တပ်တွေအတွက်ထိတ်လန့်စရာစစ်သူရဲတစ်ယောက်ဖြစ်သွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး အိုင်စင်ဟောင်ဝါရဲ့တပ်တွေနဲ့ဆက်လက်ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ (၁၉၄၃)ခုနှစ်၊မေလမှာတော့ အာဖရိကမြောက်ပိုင်းတိုက်ပွဲအလုံးစုံကိုအောင်မြင်ခဲ့ပါတယ်။ ယင်းနောက် မောင့်ဂိုမာရီဟာ အမှတ်(၈)တပ်ကိုဦးဆောင်ပြီးအီတလီနိုင်ငံ အတွင်းချဉ်းနင်းတိုက်ခိုက်ခဲ့သလို (၁၉၄၄)ခုနှစ်၊ဇွန်လ(၆)ရက်နေ့မှာလည်း မောင့်ဂိုမာရီရဲ့တပ်တွေဟာ နော်မန်ဒီကမ်းခြေကိုအောင်မြင်စွာခြေချနိုင်ခဲ့ပြီး မဟာမိတ်တပ်တွေအတွက် အဖိုးတန် ဥရောပပြန်လည်စိုးမိုးရေးစီမံချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
မောင့်ဂိုမာရီဟာဒုတိယကမ္ဘာစစ်ရဲ့ထိပ်တန်းသူရဲကောင်းတစ်ယောက်ဆိုတာ ယုံမှားစရာမရှိပဲ (၁၉၆၄)ခုနှစ်မှာ ဗိုင်းကောင့်ဘွဲ့ဖြင့်သူကောင်းပြုခံခဲ့ရပြီး စစ်ဦးစီးချုပ် အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူပါ။ ဖော်ပြချက်တွေဟာ မောင့်ဂိုမာရီရဲ့စစ်ပွဲအစိတ် အပိုင်းတွေသာဖြစ်ပြီး သူရဲ့စစ်ဆင်ရေးမှတ်တမ်းကိုဖော်ပြရမယ်ဆိုရင် စာအုပ်တစ်အုပ်ထုတ်လို့ရလောက်အောင်ခမ်းနားလွန်းသူပါ။ ဒါပေမယ့်နောက်ကွယ်က ဗိုလ်ချုပ်ကြီးရဲ့ ဘဝကတော့ အတော်ကိုမလှပခဲ့တာဖြစ်ပြီး အထူးသဖြင့် မောင့်ဂိုမာရီဟာ သာယာတဲ့ ချစ်ခြင်းကို မတည်ဆောက်နိုင်ခဲ့ပါဘူး။ ချစ်ခြင်းတရားဟာ သူကိုအကြိမ်ကြိမ်ငြင်းဆန်ခဲ့ပါတယ်။
သမိုင်းစာမျက်နှာမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးဟာ အချစ်ရေး မှာတော့ ကံကောင်းခြင်းတော့မရှိခဲ့ပါဘူးဆိုတဲ့ အကြောင်းမှန်ကန်တဲ့ မှတ်တမ်းတစ်ခုက သက်သေခံလို့နေပါတယ်။ မောင့်ဂိုမာရီဟာအသက်(၃၈)နှစ်အရွယ်၊ (၁၉၂၅)ခုနှစ် လောက်မှာ အသက်(၁၇)နှစ်အရွယ်သာရှိသေးတဲ့ Betty Anderson အမည်ရတဲ့ အင်္ဂလိပ်အမျိုးသမီးတစ်ယောက်ကိုပိုးပန်းခဲ့ပါတယ်။ ဒါဟာသူရဲ့ဘဝတစ်လျှောက်မှာ ပထမဆုံးသော အချစ်ဇာတ်လမ်းဖြစ်တယ်လို့သိရပါတယ်။
သူဟာအခြားသူတွေလို ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းရမဲ့အစား စစ်ပွဲတစ်ခုကိုတိုက်သလို ကြည်းတပ် တွေကိုဘယ်နေရာကနေထားမယ် ၊ တင့်ကားတွေကိုဘယ်ကနေ ထားမယ်စသည်ဖြင့် သဲပေါ်မှာအရုပ်တွေဆွဲပြီး မဆိုင်တဲ့ပုံစံမျိုးတွေနဲ့ ချဉ်းကပ်ကာ အလျှင်စလိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူ့အထင်ကတော့ သူရဲ့စစ်ရေးအမြင်ပေါ် မိန်းမပျိုလေးအထင်ကြီးပြီး သူ့ကိုလက်ထပ် မယ်လို့ထင်ခဲ့ပုံပါ။ အမှန်လေး မိန်မပျိုလေး Betty Anderson ဟာ သူကိုလေးစားခဲ့ပြီး ပြန်တော့မချစ်ခဲ့ပါဘူး။
ရလာဒ်ကတော့ မိန်းကလေးက သူရဲ့လက်ထပ်ခွင့်ကိုငြင်းဆိုခဲ့ပါတော့တယ်။ ဒီဇာတ်ကြောင်း ဟာအမှန်တကယ်ဖြစ်ခဲ့တာဖြစ်ပေမဲ့ သူရဲကောင်း မောင့်ဂိုမာရီရဲ့အားနည်းချက်၊သရော် စရာလိုဖြစ်နေတာကြောင့် ဗြိတိန်မီဒီယာတွေက ဖုံးဖိထားခဲ့လို့ ကာယကံရှင်မိန်းကလေး ကဘယ်သူ၊ဘယ်ဝါဖြစ်တယ်ဆိုတာကတော့ သတင်းစာမျက်နှာတွေမှာဖော်ပြလေ့နည်း ပါးပါတယ်။ ဒီအတွက်မောင့်ဂိုမာရီဘက်ကအလွန်စိတ်ထိခိုက်ခဲ့ရတယ်လို့သိရပြီး နောက်နှစ်အကြာ မှာပဲ ဗြိတိန်စစ်တပ်ရဲ့အထက်လူကြီးတွေရဲ့ဆောင်မမှုနဲ့ ပထမကမ္ဘာစစ်အတွင်းမှာ ယောင်္ကျားဖြစ်သူဆုံးပါးခဲ့ရတဲ့ Betty Carver အမည်ရတဲ့ကလေး(၂)ယောက်အမေ မုဆိုးမနဲ့လက်ထပ်ခဲ့ပါတယ်။
အမှန်တော့ သူဟာ အစားထိုးပြီး အသည်းကွဲတာကို ဖြေဖျောက်ခဲ့တာ ဖြစ်ပါတယ်။ Betty နဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ပေမယ့် အချစ်ရေးမှာကံမကောင်းဘူးလို့ပဲပြောရမလား မောင့်ဂိုမာရီရဲ့ဇနီးသည်ဟာ (၁၉၃၇) ခုနှစ်မှာ သူနဲ့အတူ Burnham on Sea မြို့ကို ခရီးထွက်ရင်း အဆိပ်ရှိတဲ့အကောင်တကာင် ကိုက်ခံရပြီး ရောဂါပိုးဝင်ခဲ့မှုကြောင့် သူ့လက်ပေါ်မှာပဲကွယ်လွန်ခဲ့ပါတယ်။ ယင်းအချိန်ကစပြီး မောင့်ဂိုမာရီဟာ သူသေဆုံးခဲ့တဲ့ (၁၉၇၆)ခုနှစ်မတ်လ(၂၄)ရက် အသက်(၈၈)နှစ်အရွယ်ထိ ဘဝကိုတစ်ကိုယ်တည်းဖြတ်သန်းခဲ့ပါရပါတယ်။ ဒါဟာ သူ့ဘဝမှာ ချစ်ခြင်းတရားကလွဲပြီး ကြီးမြတ်တဲ့ဂုဏ်အားလုံးကို ပိုင်ဆိုင်ခဲ့တဲ့ ကမ္ဘာကျော်စစ်သေနာပတိကြီးရဲ့ ဘဝထဲက ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
Discussion about this post