ရေးသားသူ – ကိုကျော်ဇင်ထွဋ်
တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး မဟာတိုကျို နယ်မြေ Greater Tokyo Area ၏ အလယ် ဗဟိုတွင် တည်ရှိသည်။ အဆိုပါ နယ်မြေသည် ကမ္ဘာ့ အကြီးဆုံး မြို့ပြနယ်မြေ ဖြစ်သည်။ ဂျပန် အစိုးရ အဖွဲ့နှင့် ဘုရင့်နန်းတော် တည်ရှိရာ နေရာဖြစ်ပြီး ဂျပန်တော်ဝင် ဘုရင့် မိသားစုများလည်း နေထိုင်ကြသည်။
တိုကျိုသည် ဟွန်ရှုး ကျွန်းမကြီး၏ အရှေ့တောင်ဘက် ကန်တို ဒေသတွင် တည်ရှိပြီး တိုကျိုမြို့ပြ ဒေသမှာ ယခင် တိုကျိုခရိုင်နှင့် တိုကျိုမြို့တော် တို့ကို ပေါင်းစပ်၍ ၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်း ထူထောင် တည်ဆောက် ခဲ့သည်။ တိုကျိုမြို့ပြ အစိုးရသည် အထူးရပ်ကွက် (၂၃) ရပ်ကွက်ကို ကိုင်တွယ် အုပ်ချုပ်သည်။
အဆိုပါ အထူး ရပ်ကွက်များတွင် လူဦးရေ ၉ သန်းကျော် နေထိုင်၍ တိုကျိုခရိုင်သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့ပြနယ်မြေ တစ်ခုဖြစ်ကာ လူ ၃၈ သန်းကျော် နေထိုင်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး မြို့ပြ စီးပွားရေး လုပ်ငန်းကြီးများ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရာ မြို့ဖြစ်ပြီး GDP အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံ ရှိသဖြင့် နယူးယောက် မြို့ပြနယ်မြေထက် ပိုမို များပြားသည်။
စီးပွားရေးအချက်အချာ
တိုကျိုမြို့ကို ကမ္ဘာ့စီးပွားရေး အချက်အချာ ဒေသ သုံးခုအနက် တစ်ခုအဖြစ် နယူးယောက်၊ လန်ဒန်တို့နှင့် တန်းတူ သတ်မှတ်ခြင်း ခံရသည်။ တိုကျိုမြို့ကို ကမ္ဘာ့ဂလိုဘယ် စီးတီး စာရင်းတွင် စတုတ္ထ နေရာ၌ သတ်မှတ်ထားပြီး စစ်တမ်းများအရ ကမ္ဘာ့စရိတ်စက အကြီးဆုံး မြို့တော် အဖြစ်လည်း ၂ဝ၁၂ ခုနှစ်က သတ်မှတ် ခံရသည်။
၂ဝဝ၉ ခုနှစ်ကမူ Monocle မဂ္ဂဇင်းက ကမ္ဘာ့ နေချင်စရာ အကောင်းဆုံးနှင့် နေထိုင် ဖွယ် အကောင်းဆုံး မြို့ပြနယ်မြေ အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံရသည်။ တိုကျိုမြို့သည် ၁၉၆၄ နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲများကို လက်ခံ ကျင်းပ ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် နွေရာသီ အိုလံပစ် အတွက် အိမ်ရှင် ပြုလုပ်ခွင့် ရရန် လျှောက်ထားလျက် ရှိသည်။
တံငါရွာလေး
တိုကျိုမြို့မှာ ရှေးယခင် မူလက အီဒိုဟုခေါ်သော တံငါ ရွာငယ်လေး တစ်ရွာသာဖြစ်သည်။ နောက်ပိုင်းတွင် ခံတပ်မြို့နှင့် ရှိုးဂန်းများ၏ စစ်အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ၁၈ ရာစုတွင် အီဒိုဒေသသည် ကမ္ဘာ့ လူဦးရေ အများဆုံး မြို့တော်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူဦးရေ ၁ သန်းအထိ ရှိလာခဲ့သည်။ ၁၈၆၈ ခုနှစ် နန်းမြို့တော် ဖြစ်လာသော အခါတွင် တိုကျိုဟု အမည်ပြောင်းလဲခဲ့ပြီး အဓိပ္ပာယ်မှာ အရှေ့ပိုင်း မြို့တော်ဟု အဓိပ္ပာယ်ရသည်။

အရှေ့အာရှ ထုံးစံအတိုင်း မြို့တော်၏ အမည်တွင် မြို့တော် (‘京’) ဟူသော စကားလုံး ထည့်သွင်းမှည့်ခေါ်ခြင်းပင်ဖြစ်သည်။ မေဂျီခေတ် အစောပိုင်းတွင် တိုကေး (Tōkei) ဟုလည်း ခေါ်ကြပြီး ဂျပန်စာလုံးကို တရုတ်အသံထွက်ဖြင့် ဖတ်သော အမည် ဖြစ်သည်။ ယခုထက်တိုင် ကြွင်းကျန်ရစ်နေသော အင်္ဂလိပ်တို့၏ ရုံးသုံးစာရွက်စာတမ်းများတွင် တိုကေး (Tokei) ဟူသော စာလုံးပေါင်းကို တွေ့ရသေးသည်။ သို့သော်လည်း ထိုအသံထွက်ကို ယခုအခါတွင် ဆက်လက်မသုံးစွဲကြတော့ပေ။
နှစ်ပေါင်း ၂၆၃ နှစ် ကြာပြီးနောက်တွင် ရှိုးဂန်းများ၏ အုပ်စိုးမှုမှ ဘုရင် အုပ်ချုပ်မှု သို့ ပြောင်းလဲခဲ့သည်။ ၁၉၄၄-၁၉၄၅ ခုနှစ်တို့တွင် ဗုံးကြဲ တိုက်ခိုက်ခံရမှု များကြောင့် မြို့၏တစ်ဝက် ပျက်စီးခဲ့ပြီး လူဦးရေ ၇၅ဝဝဝ မှ ၂ဝဝဝဝဝ အထိ သေဆုံးခဲ့သည်။ ၎င်း ပမာဏမှာ အနုမြူဗုံးကြောင့် ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါင်း သေဆုံးမှု နီးပါးရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက် တိုကျိုမြို့ကို အပြည့်အဝ ပြန်လည် တည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် နွေရာသီ အိုလံပစ် ပွဲကို ကျင်းပ နိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်လွန် နှစ်များတွင် ဖွံ့ဖြိုး တိုးတက်မှု မြင့်မားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် နာရီတာ လေဆိပ်ကို တည်ဆောက် နိုင်ခဲ့ကာ လူဦးရေမှာလည်း ၁၁ သန်း အထိ ရှိလာခဲ့ သည်။
တိုကျိုငလျင်
တိုကျိုမြို့၏ မြေအောက် ရထားနှင့် မြို့ပတ်ရထား ကွန်ရက်သည် ကမ္ဘာပေါ်တွင် ခရီးသွား အများဆုံး လုပ်ငန်း တစ်ခုဖြစ်သည်။ နယ်မြို့များတွင် နေထိုင်သူများသည် တိုကျိုမြို့ပြ ဒေသသို့ ပြော င်းရွှေ့ လာကြပြီး ၁၉၈ဝ ပြည့်လွန် နှစ်များတွင် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများမှာ ထိုးတက် လာခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုကျို ဆူနာမီ ငလျင်ကြောင့် ဟွန်ရှုးကျွန်း အရှေ့မြောက်ပိုင်း ဒေသကို ထိခိုက်ပျက်စီး စေခဲ့ပြီး တိုကျိုမြို့ကိုလည်း သက်ရောက်မှု ရှိခဲ့သည်။ တိုကျိုမြို့၌ ၁၇ဝ၃၊ ၁၇၈၂၊ ၁၈၁၂၊ ၁၈၅၅ နှင့် ၁၉၂၃ ခုနှစ်တို့တွင် အင်အား အကြီးဆုံး ငလျင်များ လှုပ်ခတ်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ငလျင်သည် အင်အား အကြီး မားဆုံးဖြစ်ပြီး ပမာဏမှာ ၈ ဒသမ ၃ ရှိကာ လူဦးရေ ၁၄၂ဝဝဝ သေဆုံးခဲ့သည်။ တိုကျိုမြို့သည် လွှာတွန့် တောင် သုံးခု အနီးတွင် တည်ရှိသည်။

ရာသီဥတု
တိုကျိုမြို့သည် စွတ်စို၍ ခြောက်သွေ့သော ဇုန်ထဲတွင် ကျရောက်နေပြီး ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် ပြင်းထန်မှု နည်းပါးသော ဆောင်းရာသီတို့ကို ရင်ဆိုင်ရလေ့ ရှိသည်။ အပူနွေးဆုံး လမှာ သြဂုတ်လ ဖြစ်ပြီး ပျမ်းမျှ အပူချိန် ၂၇ ဒသမ ၅ ဒီဂရီရှိကာ အအေးဆုံးလမှာ ဇန်နဝါရီ ဖြစ်၍ ပျမ်းမျှ အပူချိန် ၆ ဒီဂရီရှိသည်။ တိုကျိုမြို့သည် ဖန်လုံအိမ် ဓာတ်ငွေ့များ လျှော့ချ ဖြတ်တောက်ရေး အ တွက် ဥပဒေတစ်ရပ် ရေးဆွဲ လုပ် ဆောင်နေသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။
၂ဝဝ၆ ခုနှစ်တွင် တို ကျိုမြို့ ၁ဝ နှစ်တာ စိမ်းလန်းရေး စီမံချက်ကို ချမှတ် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ စီမံချက်အရ လမ်းများ၏ ဘေးတွင် သစ်ပင် အရေအတွက် ၁ သန်းထိ တိုးချဲ့ စိုက်ပျိုးရန် စီစဉ်လျက် ရှိသ ည်။ ၂ဝ၁၆ ခုနှစ် တရားဝင် စာရင်းများအရ တိုကျိုမြို့တွင် နေထိုင်သူ လူဦးရေ ၁၃ ဒသမ ၆၁ သန်းရှိသည်။ နိုင်ငံခြားသား အခြေချ နေထိုင်သူ ၄၈၆၃၄၆ ဦးရှိသည်ဟု သိရသည်။ အများဆုံး နေ ထိုင်သော နိုင်ငံခြားသားများမှာ တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနှင့် ပြင်သစ်တို့ ဖြစ်သည်။
စီးပွားရေး
တိုကျိုမြို့သည် ကမ္ဘာ့အကြီးဆုံး မြို့ပြစီးပွားရေး အချက်အချာ နေရာဖြစ်ပြီး နိုင်ငံတကာ အဓိက ဘဏ္ဍာရေး ဗဟိုဌာန တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ကုမ္ပဏီကြီး ၅ဝဝ ထဲမှ ၅၁ ခုမှာ တိုကျိုမြို့တွင် အခြေစိုက် ထားကြ သည်။ ကမ္ဘာ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် အာမခံ ကုမ္ပဏီ အများအပြားမှာ တိုကျိုတွင် အခြေ စိုက်ကြသည်။ ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၊ ပုံနှိပ် ထုတ်ဝေေ ရးနှင့် ရုပ်မြင်သံကြား ရိုက်ကူး ထုတ် လွှင့်ရေး လုပ်ငန်းများ၏ အချက်အချာ နေရာလည်းဖြစ်သည်။ တိုကျိုစတော့ အိတ်ချိန်းသည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး စတော့ အိတ်ချိန်းဖြစ်ပြီး ဈေးကွက် အရင်းအနှီးတွင် အကြီးမားဆုံး ဖြစ်သည်။ မြို့၏ ၃၆ ရာခိုင်နှုန်းမှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။
ခရီးသွားလုပ်ငန်း
ခရီးသွား လုပ်ငန်းမှာ တိုကျိုမြို့၏ စီးပွားရေးအတွက် အဓိက ထောက်ပံ့ပေးသော လုပ်ငန်းဖြစ်သည်။ ၂ဝဝ၆ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ၄ ဒသမ ၈၁ သန်းနှင့် ဂျပန်လူမျိုး သန်း ၄၂ဝ တို့ တိုကျို မြို့သို့ လာရောက် လည်ပတ် ခဲ့ကြသည်။ ထို့ကြောင့်ဝင်ငွေ ၉ ဒသမ ၄ ထရီလီယံ ယန်း ရရှိခဲ့သည်။ ခရီးသွားများသည် တိုကျိုမြို့၏ မြို့လယ်နေရာများ၊ စတိုးဆိုင်များ၊ ဖျော်ဖြေရေး ရပ်ကွက်များနှ င့် တိုကျိုမျှော်စင်၊ တိုကျို အမျိုးသား ပြတိုက်နှင့် ရှီဘူရာ ရပ်ကွက်များသို့ အများဆုံး သွားရောက် လည်ပတ်ကြသည်။ တိုကျိုမြို့၏ အနောက်ပိုင်းတွင် ရပ်ကွက် ၂၆ ခု ရှိသည်။
သယ်ယူပို့ဆောင်ရေး
တိုကျိုမြို့သည် ဂျပန်နိုင်ငံ၏ မီးရထားကုန်းလမ်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ အဓိက အချက်အချာ နေရာဖြစ်သည်။ တိုကျိုမြို့တွင် လူထုအတွက် သန့်ရှင်း၍ မြန်ဆန် ထိရောက်မှုရှိသော ရထားများနှင့် မြေအောက်ရထား ကွန်ရက်များဖြင့် ဆောင်ရွက်ပေးသည်။ ထို့အပြင် ဘတ်စကားများ၊ ဓာတ် ရထားများနှင့် ပို့ဆောင်သည်။ ဟာနေဒါလေဆိပ်မှာ ပြည်တွင်းနှ င့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များကို ဆောင်ရွက်ပေးသည်။ နာရီတာ လေဆိပ်မှာ တိုကျိုမြို့ အပြင်ဘက်တွင် တည်ရှိပြီး ဂျပန် လေကြောင်းလိုင်း များဖြစ်သည့် Japan Airline, All Nippon Airways, Delta Airlines ESifh United Airlines တို့သည် နာရီတာ လေဆိပ်ကို ဗဟိုပြု၍ ပျံသန်းကြသည်။ ရထား ပို့ဆောင်ရေးမှာ တိုကျိုမြို့၏ အဓိက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မြို့ပြ ရထားလမ်း ကွန်ရက်ရှိသည်။
ပညာရေး
တိုကျိုမြို့တွင် တက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေး ပညာ သင်တန်းကျောင်းများ ရှိသည်။ ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာ အကြီးမားဆုံး တက္ကသိုလ်ကြီးများမှာ တိုကျိုတွင်ရှိရာ တိုကျိုတက္ကသိုလ်၊ ဟီတိုဆူဘာရှီ တက္က သိုလ်၊ တိုကျို နည်းပညာတက္ကသိုလ်၊ ဝါဆေးဒါ တက္ကသိုလ်နှင့် ကီအို တက္ကသိုလ်တို့ ပါဝင်သည်။ မူလတန်း ကျောင်းများနှင့် အလယ်တန်း၊ အထက်တန်း ကျောင်းများကို နယ်မြေခံ ရပ်ကွက်များနှင့် စည်ပင်သာယာ ရုံးများမှ ဖွင့်လှစ် ဆောင်ရွက်သည်။ တိုကျိုမြို့တွင် ပြည်သူပိုင် အထက်တန်း ကျောင်းများမှာ တိုကျိုမြို့ပြပညာရေး အုပ်ချုပ်မှု အဖွဲ့က စီစဉ်ဆောင် ရွက်သည့် မြို့ပြ အထက်တန်းကျောင်းများဟု ခေါ်ဆိုသည်။
အနုပညာ
တိုကျိုမြို့တွင် ပြတိုက် အများအပြား ရှိသည်။ တိုကျို အမျိုးသား ပြတိုက်မှာ နိုင်ငံ၏ အကြီးဆုံး ပြတိုက်ဖြစ် ပြီး ဂျပန်ရိုးရာ အနုပညာများကို အထူးပြု ပြသထားသည်။ အခြား ပြတိုက်များမှာ အမျိုးသား အနောက်တိုင်း အနုပညာ ပြတိုက်၊ အူအီနို တိရစ္ဆာန် ဥယျာဉ်နှင့် တိုးတက် ဖွံ့ဖြိုးလာသော သိပ္ပံနှင့် ဆန်းသစ် တီထွင်မှု အမျိုးသား ပြတိုက်တို့ဖြစ်သည်။ တိုကျိုမြို့တွင် ကဇာတ်ရုံ များစွာလည်း ရှိသည်။ ရိုးရာ ပုံသဏ္ဌာန်နှင့် ခေတ်ပုံသဏ္ဌာန် နှစ်မျိုးစလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဇာတ်ရုံများတွင် ကပြကြသည်။

ရုပ်ရှင်
ဂျပန်နိုင်ငံ၏ လူဦးရေ အများဆုံးမြို့ ဖြစ်သော တိုကျိုမြို့တွင် နိုင်ငံ၏ အကြီးဆုံး ရုပ်သံလွှင့် ဌာနများနှင့် စတူဒီယိုများ ရှိသည်။ ဟောလီးဝုဒ် ဒါရိုက်တာ အချို့သည် တိုကျိုမြို့သို့ လာရောက် ရိုက် ကူးလေ့ ရှိသည်။ ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် တိုကျိုနောက်ခံ ဇာတ်ကားများမှာ My Geisha Tokyo Story နှင့် ဂျိန်းစ်ဘွန်း ဇာတ်ကားတစ်ကား ဖြစ်သော You Only Live Twice တို့ အပြင် The Fast and TheFurious, Inception စသည့် ဇာတ်ကား များကိုလည်း ရိုက်ကူးခဲ့သည်။
ဗိသုကာ
တိုကျိုမြို့ရှိ ဗိသုကာ လက်ရာများမှာ မြို့တော်၏ သမိုင်းကြောင်း အရ ဖြစ်ပေါ်လာသည်။ ၁၉၂၃ ကန်တို ငလျင်ကြီးနှင့် ဒုတိယ ကမ္ဘာစစ် အပြင်းအထန် ဗုံးကြဲ ခံရမှုများက တိုကျိုမြို့၏ အနေ အထားကို ထိခိုက် ပျက်စီး စေခဲ့သည်။ ထို့ကြောင့် တိုကျိုမြို့ပြ ပုံစံများမှာ မော်ဒန်နှင့် ခေတ်ပြိုင် ဗိသုကာ လက်ရာများ များပြားနေပြီး ရှေးဟောင်း အဆောက်အအုံများ နည်းပါးနေသည်။ တိုကျို မြို့၏ ထင်ရှားကျော်ကြားသော ခေတ်မီ ဗိသုကာ အဆောက်အအုံ များတွင် တိုကျို နိုင်ငံတကာ ဖိုရမ် အဆာဟိဘီယာ ခန်းမနှင့် သက်တန့် တံတား (Rainbow Bridge) တို့ ပါဝင်သည်။
တိုကျို မြို့တွင် ထင်ရှားသော မျှော်စင် နှစ်ခုရှိရာ တိုကျို တာဝါ နှင့် Tokyo Skytree တို့ဖြစ်သည်။ Tokyo Skytree သည် ဂျပန် နိုင်ငံတွင် အမြင့်ဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး ဖြစ် သည်။ တိုကျိုမြို့တွင် ပန်းခြံနှင့် ဥယျာဉ် အမြောက်အမြား ရှိပြီး တိုကျို စီရင်စုတွင် အမျိုးသား ဥယျာဉ် လေးခုရှိသည်။
ကျော်ဇင်ထွဋ်
— in Shinjuku-ku, Tokyo, Japan
Discussion about this post