ဆူရှီ ၊ ပိုကီမွန် ၊ ချယ်ရီပန်း ၊ ဖူဂျီတောင် ၊ မြင့်မားလွန်းတဲ့နည်းပညာများ စတာတွေဟာ ဂျပန်နိုင်ငံရဲ့ လူသိထင်ရှားရဲ့ အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ ဂျပန် နဲ့ နှင်း ကိုတွဲမြင်လေ့မရှိကြပါဘူး။ ဂျပန်ဟာ အေးမြတဲ့ရာသီဥတုရှိတဲ့နိုင်ငံထဲမှာပါဝင်ပြီး ဆောင်းဦးရာသီဆိုရင် ပျမ်းမျှအပူချိန် -၈ ကနေ -၁၀ ဒီဂရီ ဆဲစီးယပ်စ်အထိ ကျဆင်းတတ်ပါတယ်။ ဒါပေမယ့် ဂျပန်ရဲ့တိုကျို ၊ ကျိုတို ၊ အိုဆာကာ စတဲ့မြို့ကြီးတွေမှာတော့ နှင်းအနည်းငယ်သာ ကျလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဂျပန်နဲ့ နှင်းကို တွဲမမြင်ကြခြင်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နှင်းတွေအလွန်အမင်းကျလေ့ရှိတဲ့နေရာတွေကတော့ ဂျပန်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ တောင်တန်းတွေမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီနေရာတွေမှာ နှင်းရဲ့အထူဟာ ၁၀ပေ ကနေ ပေ ၂၀ အထိ ရှိတတ်ပါတယ်။ အင်တာနက်ပေါ်မှာ မကြာခဏတက်လာတဲ့ ဂျပန်နိုင်ငံက မြင့်မားတဲ့နှင်းတောင်နံရံတွေကြားထဲမှာ ဖောက်လုပ်ထားတဲ့ လမ်းပုံရိပ်တွေကို မကြာခဏ မြင်ဖူးကြမှာပါ။ ဒီနေရာကတော့ Tateyama Kurobe တောင်ကြားလမ်းဖြစ်ပါတယ်။
တချို့ကတော့ ဒီပုံတွေကို တကယ်မဟုတ်နိုင်ဘူးလို့ ထင်ကြပေမယ့် ဒီနေရာဟာ တကယ်ရှိတဲ့နေရာဖြစ်ပါတယ်။ ဂျပန်ရောက်နေတဲ့ မြန်မာတော်တော်များများလည်း ဒီနေရာကို ရောက်ဖူးကြမှာပါ။ တိုကျိုမြို့ကနေ ဒီနေရာရှိရာ Tateyama Kurobe တောင်ကြားလမ်းကို နာရီအနည်းငယ်နဲ့ ရောက်နိုင်ပါတယ်။ ဒီတောင်ကြားလမ်းဟာ Tateyama, Toyama နဲ့ Ōmachi မြို့တွေကို ချိတ်ဆက်ပေးထားပါတယ်။ Toyama and Nagano စီရင်စုမှာရှိတဲ့ ဒီတောင်တန်းစုရှိရာနေရာကို ဂျပန်ရဲ့ခေါင်မိုး Roof of Japan လို့တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။
တိုကျိုမြို့ကနေ မြောက်အရပ်မှာရှိတဲ့ ဒီလမ်းဟာ ၅၅မိုင်ရှည်လျားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဒီနေရာတလျှောက်မှာ မြင့်မားလွန်းတဲ့ နှင်းနံရံကြီးတွေကို မကြာခဏမြင်ရမှာဖြစ်ပါတယ်။ ဒီနှင်းတောင်ကြားလမ်းကို အမြဲတမ်းတော့ ဝင်ရောက်ခွင့်မရှိပဲ အချိန်အကန့်အသတ်နဲ့သာ ဖွင့်လှစ်ထားပါတယ်။
အခု ၂၀၁၉ခုနှစ်မှာဆိုရင် ဒီတောင်ကြားလမ်းကို ဧပြီ ၁၅ရက်ကနေ ဇွန်လ ၂၂ရက်နေ့ အထိဖွင့်လှစ်မှာဖြစ်တယ် လို့သိရပါတယ်။ နှင်းနံရံတွေကြားမှာ သွားရတဲ့အရသာကို ကြည့်ရှု့ချင်သူတွေကတော့ ဒီနေရာကို လာရောက်လေ့ရှိကြပါတယ်။အခုနောက်ပိုင်းမှာတော့ ဒီနေရာဟာ ကမ္ဘာ့ခရီးသည်တွေကို ဆွဲဆောင်တဲ့ ဂျပန်နိုင်ငံရဲ့ အဓိကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
နှင်းနံရံကြီးတွေဟာ အလွန်မြင့်မားပြီး တချို့ဆိုရင် ၆၅ပေ အမြင့်ထိတောင် ရှိပါတယ်။ ဒါဟာ ပုံမှန် ၃ထပ်တိုင်ရဲ့ အမြင့်နဲ့တူညီပါတယ်။ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာတော့ ဒီနေရာကို လာရောက်တဲ့ခရီးသွားတွေဟာ ဒီနှင်းနံရံကြီးတွေကြားက သတ်မှတ်ထားတဲ့ နေရာတချို့မှာ လမ်းလျှောက်ခွင့်ရှိပါတယ်။ အဲဒီအချိန်ကျရင် တစ်နေ့ကိုဒီနေရာမှာ လမ်းလျှောက်တဲ့သူအရေအတွက်ဟာ ပျမ်းမျှ အားဖြင့် ၅၀၀၀ ခန့်ရှိတတ်ပါတယ်။
ဒါပေမယ့် လမ်းကြောင်းတလျှောက်လုံးကို သွားဖို့အတွက်ကျတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ ခရီးသွား အထူးဘတ်စ်ကားတွေနဲ့သာ သွားရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို သွားခအဖိုးနှုန်းကတော့ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် ဒေါ်လာ ၄၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။
ဒီလို ခရီးသွားလာနိုင်တဲ့ နှင်းနံရံလမ်းကြောင်းကြီးတွေဖြစ်လာဖို့အတွက် နှင်းတူးကား snowplow trucks တွေနဲ့ လမ်းကြောင်းကို အရင်ဖောက်ထားခြင်း ဖြစ်ပါတယ်။
ရေခဲမုန်တိုင်းတွေ တိုက်ခတ်တဲ့အခါမျိုးမှာတော့ ဒီနေရာတွေဟာ ဒီလိုထူးထူးခြားခြား သဘာဝရှု့ခင်းတွေ ဖြစ်လာတတ်ပါသေးတယ်။
တစ်နှစ်မှာ ဂျပန်နိုင်ငံဟာ ဒီနှင်းတွေကို ရှင်းလင်းဖို့အတွက် စရိတ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်သုံးနေရပေမယ့် ဒီနေရာရဲ့ ပြန်ရတဲ့အမြတ်ကတော့ ကုန်ကျစရိတ်ထက် အများကြီးပိုတယ် လို့သိရပါတယ်။
Discussion about this post