ပူဖောင်းနဲ့ အရုပ်တွေကို ကျွန်တော်တို့ မကြာခဏ မြင်ဖူးကြမှာပါ။ ဒါပေမယ့် အသက် ၂၆နှစ် အရွယ် ဂျပန်အနုပညာရှင် masayoshi matsumoto ဖန်တီးထားတဲ့ ပူဖောင်းရုပ်တွေလိုမျိုး လက်ရာမြောက်လှတဲ့ ဖန်တီးမှုကတော့ မြင်တွေ့ဖို့ ခက်လှပါတယ်။ matsumoto ဟာ ပူဖောင်တွေကို အသုံးပြုပြီးတော့ များစွာသော တိရစ္ဆာန် ၊ အပင် နဲ့ အင်းဆက် ရုပ်တွေကို ဖန်တီးပြခဲ့ပါတယ်။
သူဖန်တီးထားတဲ့ အရုပ်တွေကို ကြည့်လိုက်မယ်ဆိုရင် အလွန်အသေးစိတ်ပြီး အရောင်စပ်ဖန်တီးမှုကလည်း တမူထူးခြားနေတာကို မြင်တွေ့ရမှာပါ။
အရုပ်တွေဟာ လက်ရာမြောက်ပြီး အသေးစိတ်လွန်းပေမယ့် ဒီဖန်တီးမှုမှာ စတစ်ကာ ၊ Marker ၊ ကော် ၊ တိပ် နဲ့ အခြား အကူကိရိယာတွေကို လုံးဝသုံးထားခြင်း မရှိပါဘူး။ လေမှုတ်ထားတဲ့ ရောင်စုံပူဖောင်းချည်း သက်သက် အသုံးပြုဖန်တီးထားခြင်း ဖြစ်ပါတယ်။
သူဟာ ဒီလို ပူဖောင်းရုပ်တွေဖန်တီးရတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်နေသည့်တိုင်အောင် ဒီလို လက်ရာမြောက်တဲ့ ပူဖောင်းရုပ်တွေဖန်တီးဖို့ အချိန် ၂ နာရီကနေ ၆ နာရီ အထိ ယူရပါတယ်။
သူဖန်တီးထားတဲ့ အရုပ်တွေများစွာ ရှိနေပြီး ဒီအထဲကမှ ဖြူကောင် ၊ ကြက်တူရွေး ၊ နွားချေးပိုး ၊ နှင်းပန်း ၊ ဂဏန်း စတဲ့ ပူဖောင်ရုပ်တွေကို အထူးဖန်တီးထားခဲ့ရတယ် လို့ သူက ဆိုပါတယ်။
“ဝါသနာပါတာကတော့ ငယ်ငယ်ကတည်းကပါ ။ စဖန်တီးဖြစ်ခဲ့တာတော့ လွန်ခဲ့တဲ့ ၇နှစ်လောက်ကပါ။ ကျွန်တော်ဖန်တီးတဲ့ အရုပ်တွေဟာ တိရစ္ဆာန်နဲ့ အပင်တွေပဲဖြစ်နေတာဟာ ကျွန်တော်က သဘာဝကိုချစ်တတ်တဲ့ အတွက်ကြောင့်ပါ” လို့ သူက ဆိုပါတယ်။
ဖန်တီးရတာကို ဝါသနာပါတဲ့ ဂျပန်နိုင်ငံ Chiba စီရင်စုမှာနေတဲ့ matsumoto ဟာ လက်ရှိမှာလည်း ဖန်တီးမှုတွေကို ဆက်လက်ပြုလုပ်နေပြီး သူ့ရဲ့ ဖန်တီးမှုတွေကို Tumblr နဲ့ Twitter အကောင့်တွေမှာ မျှဝေလျှက်ရှိပါတယ်။
အောက်ကပုံတွေကတော့ matsumoto ဖန်တီးထားတဲ့ ပူဖောင်ရုပ်တွေထဲက အရုပ် (၂၀ ) ကို ရွေးထုတ်ထားခြင်းဖြစ်ပါတယ်။ လက်ရာမြောက်မမြောက် ကြည့်လိုက်ကြပါဦး…
Discussion about this post