ပြီးခဲ့တဲ့ရက်က အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့က ယူနက်စကိုအစည်းအဝေးမှာ ဂျပန်နိုင်ငံက နှစ်ပေါင်း ၁၆၀၀ ဝန်းကျင် သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းသင်္ချိုင်းနေရာအစုကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်ခံရတဲ့ ရှေးဟောင်း သင်္ချိုင်းနေရာအစုကို Mozu-Furuichi kofun လို့ခေါ်ပါတယ်။
Kofun ကတော့ ဂျပန်ရဲ့ခေတ်တစ်ခုဖြစ်ပြီး အေဒီ ၃ရာစုကနေ ၇ရာစုကြားကာလဟာ Kofun ခေတ်ဖြစ်ပါတယ်။ အဲဒီခေတ်က ဆောက်လုပ်ခဲ့တဲ့ ဘုရင် နဲ့ ဆွေမျိုး မူးမတ်တွေရဲ့ဂူတွေကိုလည်း Kofun လို့ပဲခေါ်ခဲ့ပါတယ်။ မိုဇု ဖူရုအိချိ (Mozu-Furuichi) ရှေးဟောင်းသင်္ချိုင်းနေရာအစုဟာ အိုဆာကာခရိုင် စာကာအိ (Sakai)၊ ဟာဘီခီနို (Habikino) နဲ့ ဖူဂျီအီဒဲရာ (Fujiidera) မြို့တွေမှာ ဖြန့်ကျက်တည်ရှိပြီး ၄ ရာစုနှောင်းပိုင်းကနေ ၅ ရာစုနှောင်းပိုင်းလောက်အထိ ကာလမှာ ဆောက်လုပ်ခဲ့တဲ့ သင်္ချိုင်းနေရာပေါင်း ၄၉ ခု ပါဝင်ပါတယ်။
တကယ်တော့ ဂျပန်တစ်နိုင်ငံလုံးမှာ kofun လို့ခေါ်တဲ့ဂူပေါင်း ၁သိန်း ၆သောင်းခန့်ရှိနေပြီး ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတာဖြစ်ပါတယ်။ အဲဒီထဲက ထူးခြားတဲ့ဂူသင်္ချိုင်းတွေရဲ့ပုံစံကတော့ သော့ပေါက်ပုံသဏ္ဍာန်ဖြစ်ပါတယ်။ တစ်ဖက်က လေးထာင့်ဖြစ်ပြီး တစ်ဖက်က စက်ဝိုင်းပုံစံမျိုးပါ။ ဒီပုံစံဟာ အဏာရှိမှု နဲ့ သြဇာကြီးမြတ်မှု တို့ကို ကိုယ်စားပြုတဲ့ပုံစံ ဖြစ်တယ်လို့ သိရပါတယ်။ စက်ဝိုင်းပုံစံနေရာမှာတော့ သေဆုံးသူ မြုပ်နှံရာအခန်းရှိပြီး လေးထောင့်ပုံနေရာမှာတော့ ဈာပနကာလအတွင်း အခမ်းအနားနဲ့ ရိုးရာဓလေ့ပွဲတွေကို ကျင်းပကြပါတယ်။
မြုပ်နှံရာအခန်းနံရံပတ်လည်ကို ကျောက်တုံးပြားကြီးတွေနဲ့ တည်ဆောက်ထားပြီး အမိုးကိုလည်း ကျောက်တုံးပြားကြီးတွေနဲ့ပဲ မိုးထားလေ့ရှိပါတယ်။ အဲဒီနောက်တော့ကျောက်ပြားအမိုးပေါ်ကနေ မြေကြီးတွေကို ထပ်တင်ပြီး တောင်ပူစာသဖွယ် ဖန်တီးထားကြပါတယ်။ အခန်းထဲမှာတော့ သစ်သားခေါင်းတလားအပြင် အသက်ရှင်စဉ်က အသုံးအဆောင်တွေဖြစ်တဲ့ ကြေးနီမှန် ၊ ဓားလှံလက်နက်များ ၊ သံချပ်ကာဝတ်စုံများအပြင် ကျောက်စိမ်းနဲ့ပြုလုပ်ထားတဲ့ အဆင်တန်ဆာတွေကို ထားရှိပါတယ်။ သင်္ချိုင်းရဲ့ပတ်လည်မှာတော့ အလွယ်တကူဝင်ရောက်လို့မရအောင် ကျုံးတည်ဆောက်ထားပါတယ်။
အစောဆုံး သော့ပေါက်ပုံသဏ္ဍာန် ဂူတွေကိုတော့ ဂျပန်နိုင်ငံအရှေ့တောင်ပိုင်းက Nara မြစ်ဝှမ်းဒေသမှာ ၃ရာစု အလယ်ပိုင်းလောက်ကတည်းက ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆောက်ခဲ့သမျှ Kofun တွေထဲမှာ အကြီးဆုံးသင်္ချိုင်းကတော့ စာကာအိ (Sakai) မြို့မှာရှိတဲ့ Daisenryo Kofun ပဲဖြစ်ပါတယ်။ ဒီသင်္ချိုင်းကိုတော့ ၅ရာစုလောက်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ၁၆ဆက်မြောက် ဂျပန်ဘုရင် Nintoku ရဲ့ ဂူသင်္ချိုင်းလည်းဖြစ်ပါတယ်။ လူအင်အားအများအပြားသုံးကာ နှစ်ပေါင်း ၂၀ကြာ တည်ဆောက်ခဲ့ရတဲ့ ဒီဂူသင်္ချိုင်းရဲ့ အဝန်းအကျယ်ကတော့ ၂.၈ ကီလိုမီတာ တောင်ရှိပါတယ်။
Daisenryo ဂူသင်္ချိုင်းရဲ့ အမြင့်ဟာ ၃၅မီတာ ရှိပြီး အရှည် ၄၈၆ မီတာတောင်ရှိတာကြောင့် အီဂျစ်က ဂိုင်ဇာပိရမစ်ကြီးထက် ၂ဆလောက်ပိုကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဒုတိယအကြီးဆုံး Kofun သင်္ချိုင်းဂူကတော့ Nitoku ရဲ့ ဖခင် ဘုရင် Ōjin ရဲ့ သင်္ချိုင်းဖြစ်ပါတယ်။ Nintoku ရဲ့ ဂူတဝိုက်မှာတော့ အခြား သင်္ချိုင်းငယ် ၁၆ခု ရှိနေပါသေးတယ်။ ဒါတွေကတော့ တော်ဝင်မိသားစုရဲ့ ဆွေတော်မျိုးတော်များ မိဖုရားများ ရဲ့ သင်္ချိုင်းတွေပဲ ဖြစ်ပါတယ်။
သင်္ချိုင်းတွေကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ သစ်ပင်တွေပေါက်နေတဲ့ တောင်ပူစာများသဖွယ်လို့ ထင်မှတ်ရမှာ ဖြစ်ပြီး အပေါ်ဘက်ကကြည့်မှသာ စနစ်တကျတည်ဆောက်ထားတာကို မြင်ရမှာဖြစ်ပါတယ်။ သင်္ချိုင်းအများစုဟာ အစိုးရက တရားဥပဒေနဲ့ ကာကွယ်ပေးထားတာကြောင့် အကောင်းပကတိအတိုင်းကျန်ရစ်နေပြီး တချို့တလေသာ ဝင်ရောက်တူးဖော်ခြင်းခံထားရတာဖြစ်ပါတယ်။ လူနေအိမ် တိုက်တာတွေကြားထဲမှာ ရှိနေပေမယ့် အထိမခံပဲ သီးသန့်ထားရှိ ထိမ်းသိမ်းထားတာဖြစ်ပါတယ်။
Mozu-Furuichi ရှေးဟောင်းသင်္ချိုင်းတွေကို ယူနက်စကိုဝင်ခွင့်ရဖို့ ၂၀၁၀ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ၉နှစ်အကြာ ၂၀၁၉ခုနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူနက်စကိုဝင်ခွင့်ရအောင် ကြိုးပမ်းခဲ့ကြသူတွေကတော့ အိုဆာကာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့၃မြို့က မြို့ဝန်တွေဖြစ်ပါတယ်။ အဲဒီဒေသက သူတွေကတော့ နှစ်ပေါင်း ၁၆၀၀ တိုင်အောင် ဒီရှေးဟောင်းသင်္ချိုင်းနေရာတွေကို ပကတိအတိုင်း ထိမ်းသိမ်းထားနိုင်တဲ့အပေါ် ဂုဏ်ယူလျှက်ရှိပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဝင်သွားပြီဖြစ်တဲ့အတွက် ဒီနေရာကို ကမ္ဘာလှည့်ခရီးသွားများ တနေ့တခြား ပိုမိုဝင်ရောက်လာကြပြီဖြစ်ပါတယ်။
VIDEO
Discussion about this post