ဂျက်ဂွားကောင်သည် ကြောင်အနွယ်ဝင်ဖြစ်ပြီး မြောက်အမေရိကနှင့် တောင်အမေရိကတွင် တွေ့ရှိတတ်သည်။ ဂျက်ဂွားးသည် ကျားနှင့် ခြင်္သေ့တို့ ပြီးလျှင် တတိယမြောက် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ အနောက်ကမ္ဘာခြမ်းတွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ကြောင်မျိုးရင်းဝင် သတ္တဝါလည်း ဖြစ်သည်။
ဂျက်ဂွားတို့သည် ၎င်းတို့တွင် ရှိသော အစက်အပြောက်များကြောင့် ကျားသစ်နှင့် ပုံစံတူသည်။ သို့သော် ဂျက်ဂွားများက ပို၍ သန်မာပြီး ခွန်အားလည်း ပိုကြီးကြကာ ၎င်းတို့၏ အမူအကျင့်မှာ ကျားနှင့် ပို၍ဆင်သည်။ ၎င်းတို့သည် ရေနှင့်နီးသော နေရာတွင် နေထိုင်ရန် နှစ်သက်တတ်ကြပြီး ကျားကဲ့သို့ပင် ရေကူးရန် ခုံမင်လေ့ရှိကြသည်။ သားကောင်ရှာဖွေရာတွင် တစ်ကောင်တည်း ရှာဖွေလေ့ ရှိကြသည်။
အများအားဖြင့်သစ်ပင်ပေါ်တွင် နေတတ်သည်။ သားကောင်ကို သစ်ပင်ပေါ်မှပင် ခုန်အုပ်ဖမ်းတတ်သည်။ ကျွဲ နွားများကို လိုက်လံဖမ်းစားသလို တခါတရံ လူများနှင့်တွေ့လျှင်ပင် သတ်ဖြတ်စားသောက်တတ်သည်။ လိပ်များကိုလည်း မြစ်လယ်သို့ရောက်အောင်ပင် လိုက်လံဖမ်းဆီး စားသောက်ကြသည်။ ရသမျှကို အကုန်စားလေ့ ရှိကြပြီး အများအားဖြင့် နို့တိုက်သတ္တဝါ အကောင် အကြီးနှင့် အသေးများ၊ ငှက်များ၊ တွားသွားသတ္တဝါများ၊ ငါးများကို စားကြသည်။ ရသည့်အစာကို ချက်ချင်းမစားသေးပဲ လုံခြုံသည့်နေရာသို့ ယူဆောင်စားသောက်တတ်သည်။
ဂျက်ဂွားတစ်ကောင်၏ ပြေးနှုန်းမှာ ၁နာရီ မိုင် ၅၀ ခန့်ဖြစ်သည်။ ဂျက်ဂွား၏ ကိုက်အားမှာ အခြား ကြောင်မျိုးနွယ် သတ္တဝါကြီးများနှင့် ယှဉ်လျှင် ပို၍ သန်မာသည်။ သူတို့၏ သန်မာသော ကိုက်အားကြောင့် ဂျိုက်ဂွါးတို့သည် အခွံမာသော တွားသွားသတ္တဝါများကိုပင် ပြတ်အောင် ကိုက်နိုင်ပြီး ၎င်းတို့၏ သားကောင်များကို တစ်မူထူးခြားစွာ သတ်ဖြတ် လေ့ ရှိကြသည်။ ၎င်းတို့သည် သားကောင်များကို နားရွက် နှစ်ဖက်ကြား ဦးခေါင်းခွံမှ စ၍ ဦးနှောက်ကို ပေါက်ထွက်သည့်တိုင်အောင် ကိုက်လေ့ရှိသည်။
ဦးခေါင်းမှ အမြီးအထိ ပျမ်းမျှ ကိုယ်ခန္ဓာအလျား ၄ပေ မှ ၆ပေ ခန့်အထိရှိပြီး ကိုယ်အလေးချိန်ပေါင် ၂၂၀ခန့်ရှိတတ်သည်။ အရောင်အသွေးအမျိုးမျိုးခြားနားသော်လည်း အများအားဖြင့် ဝါညစ်ညစ် အနက်ရောင်တွင် အပျောက်အစက်များရှိသည်။ အမြီးဖျား၌ နက်နေသည်။ အနက်ရောင် ဂျက်ဂွား(black jaguar) မျိုးလည်းရှိပြီး တောင်အမေရိကရှိ ဂျက်ဂွားကောင်ရေစုစုပေါင်း၏ ၆%ခန့်မှာ အနက်ရောင်ဂျက်ဂွားများဖြစ်သည်။
ဂျက်ဂွားအမသည် တခါကိုယ်ဝန်ဆောင်လျှင် သား ၂ကောင်မှ ၄ကောင်အထိ မွေးတတ်သည်။ သားငယ်သည် မွေးပြီး ၃၅ ရက်အကြာတွင် မိခင်နောက်သို့ လိုက်နိုင်ပြီး မိခင်နဲ့အတူ အမဲလိုက်နိုင်စွမ်းရှိပါသည်။ အသက် ၂ နှစ်လောက်ရှိပြီဆိုရင် မိခင်မှ အလိုအလျောက်စွန့်ခွာသွားပါသည်။ ယင်းကစလို့ မိခင်ကူညီစရာ မလိုတော့ ပဲ ကိုယ်တိုင် အမဲလိုက်နိုင်ပြီမို့ ဖြစ်ပါသည်။ အသက် ၃နှစ် ဝန်းကျင်တွင် အရွယ်ရောက်သည်။
တောရိုင်း ဂျက်ဂွားတစ်ကောင်၏ သက်တမ်းမှာ ၁၂နှစ်မှ ၁၅နှစ် အထိရှိတတ်ပြီး တိရစ္ဆာန်ရုံ အတွင်းမှ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခံရသော ဂျက်ဂွားများမှာမူ အသက် ၂၀ ဝန်းကျင်အထိ ရှိတတ်သည်။ အသက်အရှည်ဆုံးဂျက်ဂွားမှာ နှစ်ပေါင်း ၂၃နှစ် အထိရှိခဲ့သည်။ တဖြည်းဖြည်း အကောင်အရေနည်းပါးလာပြီဖြစ်သော ဂျက်ဂွားများကို ကမ္ဘာ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောင့်ရေး အဖွဲ့အနေနဲ့ အဖိုးတန် တိရစ္ဆာန်တစ်မျိုး အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဂျက်ဂွား နှင့် မိကျောင်းတို့တိုက်ပွဲ ဗီဒီယို
Discussion about this post