Achilles ဆိုလိုက်တာနဲ့အများစုကပြေးမြင်လိုက်တာက Troy(2004) ဇာတ်ကားထဲက နာမည်ကျော်ဟောလိဝုဒ်မင်းသား ဘရတ်ပစ်ပဲဖြစ်ပါတယ်။ ကမ္ဘာစာပေသမိုင်းမှာ သက်တမ်းအရင့်ဆုံးဂန္တဝင်စာပေအဖြစ်သတ်မှတ်ထားတဲ့ ဂရိလူမျိုးကဗျာဆရာကြီး ဟိုးမားရဲ့ အီလီယက်နဲ့ အိုဒက်ဆီကဗျာရှည်(၂)ပုဒ်အနက်က အီလီယက်ကဗျာဟာ ဂရိ လူမျိုးတို့ရဲ့ Troy မြို့ကိုအောင်နိုင်တဲ့အကြောင်း ဂုဏ်ပြုရေးသားပြီး ရုပ်ရှင်ဇာတ်ကား အဖြစ်ဖန်တီးရာမှာ သောက်သောက်လဲအောင်မြင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာသန်း (၁၈၀)အထိကုန်ကျတဲ့ ဒီဇာက်လမ်းမှာ Achilles အဖြစ်ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တဲ့ ဘရတ်ပစ်အပြင် အော်လန်ဒိုဘလွန်း၊မင်းသမီးဒီအာနီခရူဂျာစတဲ့ ဟောလိဝုဒ်ထိပ်တန်း သရုပ်ဆောင်များစွာက အားဖြည့်ပါဝင်ပေးထားပါတယ်။
ဂရိဒဏ္ဍာရီသမိုင်းတွေအနက်က အကြီးမြတ်ဆုံးသော စစ်သည်စာရင်းမှာပါဝင်တဲ့ Achilles ဟာ သာမန်လူသားတွေထက်ပိုမိုသန်စွမ်းသလို သူရသတ္တိနဲ့သစ္စာစောင့်သိမှု တွေမှာလည်း သမိုင်းဝင်စံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။ နာမည်ကျော်ဂရိကဗျာဆရာကြီးဟိုမားရဲ့နာမည်ကျော်ကဗျာ The Lliad မှာဆိုရင် နာမည်ကျော် Trojan တိုက်ပွဲ အတွင်းမှာ Achilles ရဲ့စွန့်စားခန်းတွေအကြောင်းကို အတိအလင်းရေးသားဖော်ပြထား ခဲ့ပါတယ်။ အခြားဂရိသူရဲကောင်းတွေလိုပဲ Achilles ဟာသူရဲကောင်းမျိုးနွယ်ကပဲ ဆင်းသက်လာခဲ့တာဖြစ်ပြီး သူရဲ့ဖခင်ကတော့ အကြောက်အလန့်မရှိတဲ့ စစ်နတ်ဘုရားရယ်လို့ ယင်းခေတ်အခါက နာမည်ကျော်တဲ့ Myrmidons ရဲ့ဘုရင် Peleus ဖြစ်ပြီးမိခင်ကတော့ ပင်လယ်နတ်သမီး Thetis ဖြစ်ပါတယ်။
ဟိုမားရဲ့ Lliad ကဗျာ မှာသာမကပဲ အခြားဂရိဒဏ္ဍာရီ၊ပြဇာက်၊ပုံပြင်တွေအထိ Achilles ရဲ့အကြောင်းအရာ တွေဟာ နေရာယူထားခဲ့တာကိုတွေ့ရပါတယ်။ ယင်းပုံပြင်တွေရဲ့အဆိုအရ Achilles ရဲ့မိခင် Thetis ဟာ သူသားဖြစ်သူကိုခပ်သိမ်းသော လူသူ၊လက်နက်တွေနဲ့တိုက်ခိုက်ခံရခြင်းကနေ သေဆုံးမသွားအောင် River Styx မီးပင်လယ်အတွင်းနစ်ပြီး ကာယသိဒ္ဓိပြီးအောင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမီးပင်လယ် အတွင်းနစ်ရာမှာတော့ Thetis ဟာ ကလေးငယ်ခြေဖနှောင့် ကနေကိုင်ပြီးနစ်ခဲ့တာကြောင့် Achillesရဲ့ခြေဖနှောင့်တွေဟာ ရေမစိုပဲ အစွမ်းမထက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်သွားခဲ့ပါတယ်။ ဆိုလိုချင် တာကတော့ ရန်သူတွေအနေနဲ့ Achilles ရဲ့ ခြေဖနှောင့်ကလွဲပြီး မည်သည့်နေရာကိုမဆို ထိုးခုတ်သတ်ဖြတ်နိုင်မှာမဟုတ်ပဲ Achillesရဲ့အသက်ဟာ ခြေဖနှောင့်မှာသာရှိနေသလို ဖြစ် နေခဲ့တာဖြစ်ပါတယ်။
Achilles အသက်(၉)နှစ်အရွယ်ရောက်ချိန်မှာပဲ ဂရိရှေ့ဖြစ်ဟောမှူးမက်တွေက Achilles ဟာ သူမတူတဲ့သူရဲကောင်းစစ်သည်တစ်ယောက်ဖြစ်လာမှာမှန်ပေမဲ့ ထရိုဂျန်တွေရဲ့လက်ချက်နဲ့သေဆုံးမှာဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီသတင်းကိုသူမိခင်ဖြစ်တဲ့ Thetis ကြားသိတဲ့အခါမှာတော့ Achilles ကို မိန်းကလေးအသွင်ဆောင်စေပြီး ဂရိနိုင်ငံ အတွင်းက Aegean ကျွန်းကိုပို့ဆောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သန်မာတဲ့ စစ် သူရဲကောင်းတွေတပ်ထားသင့်တဲ့ စစ်ပညာရပ်တွေကိုသင်ကြားဖို့ဖြစ်ပါတယ်။
စစ်ပညာ တွေသင်ကြားပြီးချိန်မှတော့ Achilles ဒီကျွန်းကနေ ထွက်ပြီး ဂရိစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Achilles အတွက် လိုအပ်တဲ့ဓါးနဲ့ဒိုင်း ကို ဂမီ ္ဘရပညာနဲ့ ပန်းပဲအတတ်ပေါင်းစပ်ဖန်တီးတဲ့ ပညရှင်တစ်ယောက်ဖြစ်တဲ့ Hephaestus ထံကနေ Achilles ရဲ့မိခင်ဖြစ်သူကရယူပေးခဲ့ပါတယ်။ Hephaestus ဖန်တီးပေးထားတဲ့လက်နက်တွေရဲ့ ထူးခြားချက်ကတော့ ယင်းလက်နက်တွေက ကာယကံရှင်ဖြစ်တဲ့ Achilles ကိုသေဆုံးအောင်မလုပ်နိုင်သလို ဘယ်သူကရန်သူ၊မိတ်ဆွေဖြစ်တယ်ဆိုတာကိုပါ ခွဲခြားပေးတာ ဖြစ်ပါတယ်။
ဂရိနာမည်ကျော်ကဗျာဆရာကြီးဟိုးမားဟာ Achilles ရဲ့ဇာတ်ကြောင်းကို (၇၂၀)ဘီစီကာလလောက်ကတည်းက မှတ်တမ်းတင်ခဲ့တယ်ဆိုပေမဲ့ နှောင်းလူတွေ ကတော့ Achilles ရဲ့အဓိကအကြောင်းအရာတွေကို သေချာစွာနားလည်ခြင်းတော့မရှိပါဘူး။ သူတို့သိတာက Achilles ဟာ ရုပ်ရည်ချောမောတယ်၊သာမန်လူသားတွေထက် ပိုမိုသန်မာတယ်၊ သစ္စာ၊သတ္တိအရာမှာလည်း စံထားရသူဖြစ်တယ်လို့ အကြမ်းဖျင်း လောက်ပဲသိထားတာဖြစ်ပါတယ်။ ဒါအပြင် သူဟာ သူမိသားစု၊သူငယ်ချင်းတွေအပေါ် ချစ်ခြင်းတရား၊သစ္စာတရားကြီးမားလွန်းသလို သူတို့အတွက် အရာရာပေးဆပ်ဖို့အမြဲအသင့်ဖြစ်နေသူဖြစ်ကြောင်းကို သိခဲ့ရပါတယ်။
ဂရိဒဏ္ဍာရီတွေအရတော့ ထရိုဂျန်စစ်ပွဲဟာ နတ်ဘုရားတွေရဲ့ဘုရင်ဇုနတ်မင်းကြီးရဲ့ လူသား အပြစ်သားတွေကိုလျော့ချလိုတဲ့ရည်ရွယ်ချက်ကြောင့် ပေါ်ပေါက်လာတယ် လို့သိရပြီး ဇုနတ်မင်းရဲ့ စနက်နဲ့ ယင်းကာလက အင်အားကြီးစစ်တပ်တွေပိုင်ဆိုင်ထားတဲ့ ဂရိတွေ(ဟိုမားရဲ့ ကဗျာ ထဲမှာတော့ ဂရိကို Achaeans တွေလို့ခေါ်ပါတယ်။) နဲ့ ထရိုဂျန်တွေအကြား စစ် ဖြစ်ပွားခဲ့ပါတယ်။ ဒီအတွက် ဇုဟာ နှစ်ဖက်ခေါင်းဆောင်တွေ ရဲ့နိုင်ငံရေး၊စစ်ရေးဆိုင်ရာ ကိစ္စတွေကို ခေတ္တဖယ်ကျဉ်ပြီး ထိလွယ်ရှလွယ်ဖြစ်တဲ့ မိသား စုအရေးကိစ္စပြသာနာတွေကို ဖြစ်စေရန် ဦးတည်ပြီး စစ်ပွဲကို ဖန်တီးပါတယ်။
ယင်းကာလက ဂရိတွေရဲ့ဘုရင်ဟာ Achilles ရဲ့ဖခင် Peleus ဖြစ်ပြီး ဂရိတွေဦးဆောင်ကျင်းပတဲ့ တစ်ခုသောညစာစားပွဲမှာ တော့ ဇုဟာ Troy မြို့က အိမ်ရှေစံ ပဲရစ်ကိုဖိတ်ကြားပြီး Hera၊Athena နဲ့ Aphrodite နတ်သမီး(၃)ပါးအကြားပြိုင်ပွဲ တစ်ခုကိုကျင်းပပြီး ပဲရစ်ကို ဒိုင်အဖြစ်ဆုံးဖြတ်စေပါတယ်။ နတ်သမီးတွေကလည်း မင်းသားပဲရစ်ဆီကနေ သူတို့ဘက်ကို အလေးသာတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ လာဘ်ထိုးတဲ့ အနေနဲ့ Hera ကသူမရဲ့တန်ခိုးစွမ်းအင်၊Athena က သူမရဲ့စည်းစိမ်၊ Aphrodite က ကမ္ဘာ ပေါ်မှာအလှဆုံးမိန်းကလေးပေးမယ်ဆိုတဲ့ မက်လုံးနဲ့ မင်းသားငယ်ပဲရစ်ကိုစည်းရုံး ကြပါတယ်။
ပဲရစ်မင်းသားက Aphrodite ကိုရွေးချယ်လိုက်တာကြောင့် ယင်းကာလက ကမ္ဘာပေါ်မှာအလှဆုံးမိန်းကလေးလို့ဆိုရမဲ့ ဇုရဲ့သမီးတော် ဟယ်လင်ကို မင်းသားပဲရစ် ပိုင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ပြသာနာကဟယ်လင်ဟာ အပျိုမဟုတ်ပဲ ဂရိမြို့ပြနိုင်ငံ စပါတာ ရဲ့ဘုရင် Menelaus ရဲ့မိန်းမဖြစ်နေတဲ့အချက်ဖြစ်ပါတယ်။ ဝိုင်းဝန်းတားဆီးမှုတွေရှိနေတဲ့ ကြားကနေ Troy မင်းသားပဲရစ်ဟာ စပါတာမြို့အထိသွားရောက်ပြီး ဟယ်လင်အပြင် ငွေကြေးများစွာကို ခိုးယူသွားခဲ့ပါတယ်။
ဒါဟာထရိုဂျန်စစ်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းပဲဖြစ်ပြီး Menelaus ဟာလက်စားချေတဲ့အနေနဲ့ Achilles အပါအဝင်၊ဂရိသူရဲကောင်း အတော်များများကိုဦးဆောင်ပြီး ထရိုဂျန်မြို့ကိုစစ်ဆင် ပါတော့တယ်။ သစ်သားမြင်းရုပ် ကြီးကို ထရိုဂျန်မြို့အတွင်းဝင်ရောက်နိုင်အောင် ဉာဏ်ဆင်ပြီးတိုက်ခိုက်ခဲ့တယ်ဆို ပြီး လူသိများတဲ့ ထရိုဂျန်စစ်ပွဲဟာ (၁၀)နှစ်နီးပါးကြာအောင် စပါတာနဲ့ထရိုဂျန်မြို့သားတွေ သွေးချောင်းစီးတစ်မျှတိုက်ခိုက်ခဲ့ရတဲ့ ကမ္ဘာကျော်စစ်ပွဲကြီးလည်းဖြစ်ပါတယ်။
အီလီယက်ကဗျာရဲ့အစပိုင်းမှာ ကဗျာရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Achillesဟာ ဂရိ စစ်တပ်ကိုဦးဆောင်ပြီး အခြားသောတိုက်ပွဲတစ်ခုကနေအောင်နိုင်ရာကနေ ပြန်ရောက် ရောက်ချင်းပဲ ထရိုဂျန်စစ်ပွဲကိုတိုက်ခိုက်ရဖို့ဖြစ်လာပါတယ်။ Achilles ဟာ ထရိုဂျန်စစ်ပွဲ ဖြစ်ရတဲ့ပြသာနာကိုသိရှိလိုက်ချိန်မှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ ယင်းကာလက ဂရိဘုရင် Agamemnon ( Menelaus ရဲ့အစ်ကို) ကိုနားချခဲ့ပေမဲ့ လက်မခံခဲ့ပါဘူး။ Agamemnon ဟာ နတ်ဘုရား Apollo ကို ကိုးကွယ်တဲ့ ထရိုဂျန်ဘုန်းတော်ကြီး Chryses ရဲ့သမီးဖြစ်သူ Chryseis ကို မိဖုရားအဖြစ်သိမ်းပိုက်ထားသူဖြစ်ပြီး ယင်းအတွက်လည်း ဖခင်ဖြစ်သူဘက်က သူသမီးဖြစ်သူကို လွတ်လပ်ခွင့်ပေးဖို့တောင်းပန်ထားခြင်းကို ခံထားရပါတယ်။
တောင်းပန်မှုကို Agamemnon က ပြတ်ရယ်ပြုခဲ့တာကြောင့် နတ်ဘုရား Apollo ရဲ့ပြင်းစွာအညိုးထားခြင်း ကိုခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Apollo ဟာ ကပ်ရောဂါတစ်ခုကိုဖန်ဆင်းပြီး ဂရိစစ်သည်တွေကို သေကျေမှုတွေဖြစ်ပေါ်အောင်ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် Agamemnon အနေနဲ့ Apollo ရဲ့သမီးဖြစ်သူကိုပြန်လည်လွှတ်မြောက်ခွင့်ပေးခဲ့ရပြီး သူ့နေရာမှာတော့ အခြား ထရိုဂျန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Briseis နဲ့အစားထိုးခဲ့ပါတယ်။ ဖြစ်ချင်တော့ Briseis ဟာ သူရဲကောင်း Achilles ရဲ့ချစ်သူဖြစ်နေတာဖြစ်ပြီး ဒီအရေးကြောင့် Achilles ဟာဂရိစစ်သူကြီးနေရာကနေ နှုတ်ထွက်တဲ့အထိဖြစ်ခဲ့ပါတယ်။
ဒီသတင်းဟာ ထရိုဂျန်သားတွေအတွက်တော့ အခွင့်ရေးကောင်းဖြစ်ခဲ့ပြီး Achilles မပါဝင်တဲ့ ဂရိစစ်တပ်ဟာ တိုက်ပွဲတွေမှာ ရှုံးနိမ့်လာပါတော့တယ်။ ပြသနာက ဂရိစစ်သည် တွေဟာ Achilles မပါတာကိုသိပြီး စိတ်ဓာတ်ပိုင်းအရအားနည်းချက်တွေဖြစ်ပေါ်နေ တာဖြစ်လို့ Achilles ရဲ့အချစ်ဆုံးသူချင်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Patroclus ဟာအကြံတစ်ခုကိုအကောင်အထည်ဖော်ရပါတော့တယ်။
အကြံကတော့ Patroclus ဟာ Achilles ရဲ့ချပ်ဝတ်တန်ဆာတွေကိုဝတ်ဆင်ပြီး Achilles အယောင်ဆောင်ကော သူပြန်လာပြီဖြစ်ကြောင်း စစ်မြေပြင်ကိုကြေငြာခဲ့တာဖြစ်ပါတယ်။ အမှန်တစ်ကယ်လည်း ဂရိစစ်သားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာပြန်လည်နှိုးကြွလာခဲ့ပြီး ထရိုဂျန်တွေအပေါ် စစ်ရေးအရ ပြန်လည်အသာရသွားခဲ့ပါတယ်။ ဂရိတွေရဲ့အကြံကိုရိပ်စားမိတာကတော့ ထရိုဂျန်နတ်ဖုရား Apollo ဖြစ်ပြီး ဒီသတင်းကို ထရိုဂျန်အိမ်ရှေ့မင်းသား ဟတ်တာကို သွားရောက်သတင်းပေးခဲ့ပြီး Achilles ရဲ့အချစ်ဆုံးသူငယ်ချင်း Patroclus ကိုသတ်ဖြတ်စေခဲ့ပါတယ်။
Partoclus ကျဆုံးပြီဖြစ်ကြောင်းကို သိရှိလိုက်ချိန်မှာတော့ Achilles ဟာ သွေးကြွေး ဆပ်ရန် ရည်ရွယ်ချက်နဲ့ ထရိုဂျန်စစ်မြေပြင်ကိုပြန်လည်ရောက်ရှိလာပါတယ်။ တစ်ဆက်တည်းမှာပဲ အရှိန်ရလာတဲ့ ဂရိတပ်တွေဟာ Achilles ရဲ့အမှန်တကယ် ဦးဆောင်မှုနဲ့ ထရိုဂျန်မြို့တံတိုင်းနားအထိ တိုင်အောင်ရောက်ရှိလောခဲ့ပါတယ်။ ဒီအချိန် မှာပဲ အကြောင်းအရာအားလုံးကိုသိရှိသွားတဲ့ ထရိုဂျန်အိမ်ရှေမင်းသား ဟတ်တာက Achilles ကိုတောင်းပန်စကားပြောဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ပဲနောက်ဆုံးမှာတော့ Achilles တောင်းဆိုတဲ့ တစ်ဦးချင်းတိုက်ခိုက်ဖို့နည်းလမ်းကိုရွေးချယ်ခဲ့ပါတယ်။
ယင်း စီချင်းထိုးပွဲမှာတော့ Achilles သာ အနိုင်ရခဲ့ပြီး သူငယ်ချင်းဖြစ်သူ Patroclus ရဲ့သွေးကြွေးကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်။ ထရိုဂျန်သားတွေက သူတို့ရဲ့အိမ်ရှေမင်း သား ဟတ်တာရဲ့ရုပ်အလောင်းကို သူတို့သတ်မှတ်ထားတဲ့နေရာမှာ သဂြိုလ်ခွင့်ရဖို့ တောင်းပန်ခဲ့ပေမဲ့ Achilles ကခွင့်မပြုပဲ ဂရိစစ်တပ်စခန်းချရာနေရာအထိ ယူဆောင်သွားခဲ့ပြီး အမှိုက်ပုံအတွင်းမှာစွန့်ပစ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟတ်တာရဲ့ အလောင်းကို ထရိုဂျန်သားတွေဆီပြန်လည်ပေးအပ်ခဲ့ပါတယ်။
အီလီယက်ကဗျာမှာတော့ Achilles သေဆုံးခဲ့ရတဲ့အပိုင်းကိုတိတိကျကျ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ အခြားသောပုံပြင်တွေကတော့ တစ်ညီတစ်ညွတ်တည်း ဖော်ပြတာကတော့ Achilles ဟာ ဂရိစစ်သည်တွေနဲ့အတူ ထရိုဂျန်မြို့သိမ်းတိုက်ပွဲမှာ ခြေဖနှောင့်မြှားမှန်ပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ Achilles ရဲ့အားနည်းချက်နေရာကိုသိထားတဲ့ ထရိုဂျန်နတ်ဘုရား Apollo ဟာ ထရိုဂျန်စစ်ပွဲရဲ့လက်သည်တရားခံ မင်းသားပဲရစ်ကို ပြောပြပြီး Achilles ရဲ့သေကွင်းသေကွတ်ဖြစ်တဲ့ ခြေဖနှောင့်ကို မြှား နဲ့ချောင်းမြောင်းပစ်ခတ်ဖို့ အကြံပေးခဲ့ပါတယ်။
ဒီအကြံဟာအတော်ကိုအလုပ်ဖြစ်ခဲ့ပြီး Achilles ထရိုင်မြို့အတွင်းကိုဝင်ရောက်လာချိန်မှာပဲ မင်းသားပဲရစ်ရဲ့မြှားချက်ကြောင့် ခြေဖနှောင့်မှာမြှားမှန်ပြီးကွယ်လွန်ခဲ့ပါတယ်။ ဒါပေမဲ့ သူဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ထရို ဂျန်စစ်ပွဲကတော့ အနိုင်ရခဲ့ပြီး ဂရိတွေဟာ ထရိုဂျန်တစ်မြို့လုံးကိုမီးလောင်တိုက် သွင်းနိုင်ခဲ့ပါတယ်။ အကြောင်းအရာ တစ်ခုခု ရဲ့ ရှားရှားပါးပါး အားနည်းချက်ကို ဖော်ပြတဲ့အခါမျိုးမှာ အာခိလိဖနှောင့် လို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။
Discussion about this post