Translated by Htet Hlaing Win
ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွေမှာ စစ်ရေးအခြေအနေမကောင်းတာကြောင့် ဂျပန်စစ်တပ်ဟာ ခိုင်တန် လို့ခေါ်တဲ့ လူလိုက်ပါရတဲ့ တော်ပီဒိုတေတွေကို ထုတ်သုံးခဲ့ပါတယ်။ ခိုင်တန်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဂျပန်လို”ကောင်းကင်ဘုံသို့ပြန်လည်ရောက်ရှိခြင်း” (Return to Heaven) လို့အဓိပ္ပာယ်ရပါတယ်။
ခိုင်တန်နဲ့အတူပစ်လွှတ်လိုက်တဲ့သူဟာ သေဆုံးသွားမယ်ဆိုတာကို စကားလှအောင်သုံးထားတဲ့သဘောဖြစ်ပြီး တကယ်တော့ ဂျပန်ဧကရာဇ်ရေတပ်မတော်ရဲ့ suicide craft တစ်မျိုးသာဖြစ်ပါတယ်။ ခိုင်တန်တွေကိုစစ်ပွဲအစမှာ ကတည်းက အသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် အသုံးမပြုဖြစ်ခဲ့ပါဘူး။ ၁၉၄၄ခုနှစ်ရောက်မှသာ စစ်ပွဲရဲ့အခြေအနေကြောင့် ထုတ်သုံးခဲ့ပါတယ်။
ကာမီကာဇေ(Kamikaze) လေယာဉ်တွေ နဲ့ ရှင်ညို(Shinyo) မော်တော်ဘုတ်တေရဲ့ အသေခံတိုက်ခိုက်မှုတွေဟာ အောင်မြင်တာကြောင့် ဒီခိုင်တန်တော်ပီဒိုတွေကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။
ဒါတွေကို ဂျပန်ရဲ့ Special Attack Units လို့သိကြပြီး ဒီအထဲမှာ Kamikaze လေယာဉ်, Shinyo အသေခံမော်တော်ဘုတ်, Kaiten ရေငုပ်သင်္ဘော နဲ့ Fukuryu အသေခံဒိုင်ဗင်သမားများ စတာတွေပါဝင်ပါတယ်။
တိုးတက်ပုံအဆင့်ဆင့်
ပထမဆုံး ခိုင်တန်ကို ၁၉၄၄ခုနှစ် ဖေဖော်ဝါရီလမှာ စတင်နိုင်ခဲ့ပြီး နောက် ၅လအကြာ သြဂုတ်လ ၁ရက်နေ့မှာတော့ ခိုင်တန် အစီး ၁၀၀ ဟာ တိုက်ခိုက်ဖို့အသင့်ဖြစ်နေပါပြီ။ ခိုင်တန်တွေရဲ့ မူလပုံစံမှာ ဆလင်ဒါပုံတော်ပီဒိုဖြစ်ပြီး အထဲမှာလူထိုင်ဖို့ နေရာလေးပါပါတယ်။
စတင်စမ်းသပ်တဲ့အခါမှာတော့ အင်ဂျင်နီယာနှစ်ဦးသေဆုံးခဲ့ပါတယ်။ ခိုင်တန်တွေကို ဒီဇိုင်းခြောက်ခုနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ခိုင်တန် ၁၊ ၂၊ ၄၊ ၅၊ ၆ နဲ့ ၁၀ ဆိုပြီး အမျိုးအစား ၆မျိုးမှာ နံပါတ် ၁၀ တစ်မျိုးသာ ၉၂တော်ပီဒို ကိုအခြေခံထားပြီး ကျန်တဲ့ဒီဇိုင်းတွေကတော့ ၉၃တော်ပီဒိုကို အခြေခံထားပြီးဆောက်လုပ်ထားတာဖြစ်ပါတယ်။
ဒီဇိုင်းထုတ်လုပ်စမ်းသပ်သူတွေကတော့ ဂျပန်ရေတပ်ဗိုလ် Hiroshi Kuroki နဲ့ Sekio Nishina တို့ဖြစ်ပါတယ်။ အစပိုင်းမှာဒုံးကျည်ပစ်လွှတ်ပြီးရင် ဒုံးကျည်ထဲကလူပြန်ထွက်ဖို့ဒီဇိုင်းဆွဲထားပေမယ့် ဘယ်သူမှထွက်ဖို့မကြိုးစားတာကြောင့်နောက်ပိုင်းမှာ ထွက်လို့မရအောင်ပြုလုပ်ခဲ့ပါတယ်။
ယာဉ်မောင်းသူကိုလေ့ကျင့်ပေးပုံ
ခိုင်တန်မောင်းမယ့် ပိုင်းလော့တွေကို အသက်၁၇ နဲ့ ၂၈နှစ်ကြား ကလူငယ်တွေကိုသာရွေးချယ်ခဲ့ပါတယ်။ ပထမဆုံးစက်ကိရိယာတွေကို ကိုင်တွယ်တတ်ဖို့အတွက် ရိုးရိုးမော်တော်ဘုတ်တွေမှာ လေ့ကျင့်ပေးပါတယ်။
စက်ကိရိယာတွေကို ကျွမ်းကျင်သွားတယ်ဆိုရင်တော့ ဒုံးကျည်ထိပ်ဖူးအတုတပ်ထားတဲ့ ခိုင်တန်အတုထဲမှာ လေ့ကျင့်ခိုင်းပါတယ်။ ဒီအဆင့်မှာတော့ တစ်ခုခုမှားရင် ထွက်လို့ရအောင် အရေးပေါ်ပေါက် ပါပါတယ်။ အစပိုင်းမှာလုံခြုံတဲ့ရေကူးကန်တွေမှာ လေ့ကျင့်ပေးပေမယ့် နောက်ပိုင်းမှာ တကယ့်ပင်လယ်တွေမှာ လေ့ကျင့်ရပါတယ်။
ပင်လယ်ထဲမှာ လေ့ကျင့်တာဟာ အင်မတန်အန္တရာယ်များပြီး မတော်တဆမှုတွေကြောင့် ပိုင်းလော့လူငယ် ၁၅ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲတိုက်တဲ့အခါ နောက်ဆုံးအနေနဲ့ အိမ်ကိုစာတစ်စောင်သာ ရေးခွင့်ရကြပါတယ်။
ခိုင်တန် ၁ ရဲ့ အချက်အလက်တချို့
အလေးချိန် – ၈.၃တန်
အရှည် – ၄၈.၅ပေ
အချင်း – ၃ပေ၃လက်မ
ရောက်ရှိနိုင်တဲ့အကွာအဝေး – ၇၈ကီလိုမီတာ
ပုံမှန် သွားနှုန်း – ၂၂ကီလိုမီတာ/၁နာရီ
အမြန်ဆုံးနှုန်း – ၅၆ကီလိုမီတာ/၁နာရီ
ရေအောက်အနက် – ၂၆၀ပေ
စုစုပေါင်းယာဉ် – ၃၃၀စီး ခန့်
တိုက်ပွဲအသုံးပြုပုံ
ခိုင်တန်တွေကို သဘောၤတွေနဲ့ ရေငုပ်သဘောၤတွေမှာ သယ်ဆောင်သွားပြီးတော့ အသုံးလိုရင်ရေချပြီးတော့ အသုံးပြုပါတယ်။ ခိုင်တန်တွေတိုက်ခိုက်ရမယ့် သဘောၤကိုမြင်ရရင် ပိုင်းလော့မဝင်ခင်မှာ နောက်ဆုံးချိန်ဆမှုပြုလုပ်ပေးရပါတယ်။ ခိုင်တန်တွေကိုပစ်လွှတ်လိုက်တဲ့အခါခိုင်တန်ဟာ ရေအောက်ကနေသွားပါတယ်။
သဘောၤနားကပ်တဲ့အခါခိုင်တန်ဟာပစ်မှတ်ကို ချိန်ဆဖို့အတွက်ရေပေါ်ကိုတက်လာပါတယ်။ ပြီးရင်ပြန်ငုပ်သွားပြီး အရှိန်အပြည့်နဲ့သဘောၤဆီကို သွားပါတော့တယ်။ ပတမတစ်ခေါက်ကျရှုံးရင် နောက်တစ်ခေါက်အခွင့်အရေးရှိပြီးတော့ နှစ်ခေါက်လုံးကျရှုံးရင်တော့ အလိုလိုပေါက်ကွဲသွားမှာပါ။
အောင်မြင်မှုများ
ခိုင်တန်တွေဟာအောင်မြင်မှုသိပ်မရခဲ့ပါဘူး။ မဟာမိတ်ဘက်က သဘောၤအနည်းငယ်ကိုသာနှစ်မြုပ်နိုင်ခဲ့ပြီး လူ၂၀၀အောက်ကိုသာ သေဆုံးစေခဲ့ပါတယ်။ အထက်ပါမှတ်တမ်းဟာ အမေရိကန်ဘက်ကဖြစ်ပြီး ဂျပန်ဘက်ကတော့အောင်မြင်မှု အများအပြားရတယ် လို့ဆိုပါတယ်။ ခိုင်တန်တွေကို စုစုပေါင်း တိုက်ပွဲ ၁၀ခုမှာ အသုံးပြုခဲ့ပြီး ၁၉၄၅ သြဂုတ်လမှာတော့ ခိုင်တန်အသုံးပြုမှုကို ရပ်နားခဲ့ပါတယ်။
( ကို Htet Hlaing Win ရဲ့ရေးသားမှုကို အနည်းငယ်ဖြည့်စွက်ထားပါတယ်)
Discussion about this post