(ပိုစ့်ကာဗာ ပုံကတော့ Sainsbury ကုမ္ပဏီက ၂၀၁၄ ခုနှစ် ခရစ္စမတ်ကာလအတွက် ဒီဖြစ်ရပ်ကိုအခြေခံကာ ပြန်လည်ရိုက်ကူးခဲ့တဲ့ ကြော်ငြာဗီဒီယိုထဲက ဖြစ်ပါတယ်)
ပထမကမ္ဘာစစ်ကာလဖြစ်တဲ့ (၁၉၁၄)ခုနှစ်ရဲ့ခရစ်စမတ်နေ့မှာတော့ ဥရောပ အနောက်ပိုင်းစစ်မြေပြင်မှာ အသေအကြေ တိုက်ပွဲဝင်နေကြတဲ့ ဂျာမန်စစ်သည်တွေနဲ့ မဟာမိတ်စစ်သည်တွေဖြစ်တဲ့ ပြင်သစ်၊အင်္ဂလန်စစ်သည် တွေဟာ ယာယီငြိမ်းချမ်းရေးယူခဲ့ကြပြီး ခရစ်စမတ်ပွဲတော်ကိုဆင်နွှဲခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာတော့ ဒီဖြစ်ရပ်ဟာ Christmas Truce လို့ နာမည်ကြီးပါတယ်။
ယခင်က ပုံပြင်လိုလို၊ဝတ္ထုလိုလိုသာသိရတဲ့ ယင်းဖြစ်ရပ်ဟာ ဥရောပစစ်မြေပြင်မှာအမှန်တကယ်ကိုရှိခဲ့ကြပြီး ပထမကမ္ဘာစစ်ကို ဗဟိုအင်အားကြီးနိုင်ငံတွေဘက်ကနေ ဦးဆောင် တိုက်ခိုက်ခဲ့တဲ့ ဂျာမန်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ငရဲခန်းတမျှသွေးချောင်းစီး နေတဲ့စစ်မြေပြင်ကို နာရီအတော်ကြာအောင် ခရစ်စမတ်တေးသီချင်းတွေ၊ အပျော်တမ်း ဘောလုံးပြိုင်ပွဲတွေပြုလုပ်ပြီး လူသားဆန်စွာနဲ့ ပျော်ရွှင်စရာအခိုက်အတန့်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒါအပြင်နှစ်ဘက်စစ်သည်တွေဟာ ခရစ်စမတ်လက်ဆောက်တွေ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး စစ်ပွဲအတွေ့အကြုံတွေကိုလည်း အပြန်အလှန်မျှဝေခဲ့ ကြတယ်လို့ သိရပါတယ်။
ဗြိတိန်စစ်တပ်က Capain Edward Hulse ဆိုရင် ဒီအကြောင်းနဲ့ပတ်သက်ပြီး သဘာဝလွန်ခရစ်စမတ်ပွဲတော်လို့ခေါင်းစဉ်တပ်ကာ မိခင်ဖြစ်သူထံစာရေးသားပြောပြခဲ့တဲ့ မှတ်တမ်း အခိုင်အမာရှိပါတယ်။ ယင်းစာထဲမှာတော့ ခရစ်စမတ်နေ့ရဲ့မနက်(၈း၃၀)အချိန် မှာဂျာမန်စစ်သည်တွေဟာ သူတို့ရဲ့ကတုတ်ကျင်းတွေအတွင်းက ထွက်လာခဲ့ပြီး မဟာမိတ်စစ်သည်တွေရဲ့စခန်းတွေဆီ သံသယကင်းစွာနဲ့ရောက်ရှိလာခဲ့တာဖြစ်တယ်လို့သိ ရပါတယ်။ ယင်းနောက်ဂျာမန်စစ်သည်တစ်ဦးက အင်္ဂလိပ်စကားနဲ့ မိတ်ဆွေတို့ ခရစ်စမတ်ပွဲတော်ဆင်နွှဲကြရအောင်လို့ စတင်ဖိတ်ခေါ်ခဲ့ရာကနေ အစပြုခဲ့တာဖြစ်တယ်လို့ သူရဲ့ပေးစာမှာပါရှိပါတယ်။
သူရဲ့စာအတွင်းမှာပဲ ဂျာမန်စစ်သည်တစ်ယောက်က သူအနေနဲ့ ညားခါစဇနီးချောနဲ့ မြင်းကောင်ရေ(၃)ကောင်အားရှိတဲ့ မော်တော်ဆိုင်ကယ်ကိုထားပြီး စစ်ထဲလိုက်လာရတာဟာ အတော်ကို ပျော်စရာမကောင်းကြောင်းဖွင့်ဟခဲ့တယ်လို့ လည်းရေးသားထားပါတယ်။ ခရစ်စမတ်ငြိမ်းချမ်းရေးကိုစတင်ကမ်းလှမ်းခဲ့သူတွေဟာ ဂျာမန်တွေဘက်ကနေဖြစ်ပြီး အံ့သြစရာကောင်းတာက ဂျာမန်စစ်သည်အများစုဟာ စစ်ဆက်တိုက်ဖို့ ဆန္ဒမရှိဘူးလို့ သူရဲ့ပေးစာမှာပါဝင်နေပါတယ်။ ဒါအပြင် သူတို့အားလုံး ဟာ You No Fight , We no Fight ဆိုတဲ့စာသားကိုသီချင်းအဖြစ်ကျယ်လောင်စွာ ဟစ်ကြွေးခဲ့ကြသလို ကတုတ်ကျင်းတွေနဲ့နှစ်ဘက်စစ်စခန်းတွေမှာလဲ ခရစ်စမတ်သစ်ပင်တွေ နဲ့တန်ဆာဆင်ခဲ့ကြတယ်လို့ သူရဲ့ပေးစာမှာပါရှိခဲ့ပါတယ်။
နှစ်ဘက်စစ်သည်အားလုံးဟာ လက်နက်အားလုံးကို ကတုတ်ကျင်းတွေအတွင် းထားရှိခဲ့ကြတာဖြစ်ပြီး အချို့စစ်သည် တွေဆိုရင် နှစ်ဘက်စလုံး တိုက်ပွဲအတွင်းပျောက်ဆုံးသွားသူတွေရဲ့ အကြောင်းအရာတွေကို တစ်ဖက်နဲ့တစ်ဖက်ဝေမျှခဲ့တာကြောင့် တန်ဖိုးရှိတဲ့ ယာယီစစ်မြေငြိမ်း မှုတစ်ခုဖြစ်ခဲ့တယ်လို့ လည်းသိရပါတယ်။ သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရတော့ ယင်းခရစ်စမတ်ပါတီကို ဥရောပပအနောက်ခြမ်းစစ်မြေပြင်က မဟာမိတ်စစ်သည်တဝက်နီးပါး ပါဝင်ဆင်နွှဲခဲ့တယ်လို့သတင်းထုတ်ပြန်ပြီး ကျန်စစ်သည်တွေကတော့ ပုံမှန်အတိုင်းစစ်တိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။
သမိုင်းပညာရှင်တွေကတော့ နေ့စဉ်သေကြေမှုများစွာဖြစ်နေတဲ့ ယင်းကာလကစစ်မြေ ပြင်အနေအထားဟာ နှစ်ဘက်စစ်သည်တွေအတွက် ဖိအားများစွာဖြစ်ပေါ်နေရာကနေ ယင်းဖြစ်ရပ်ဟာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ပြုလုပ်ခဲ့တာလည်းဖြစ်ကောင်း၊ဖြစ်နိုင်တယ်လို့ထင်ကြေးပေးမှုတွေလည်းရှိခဲ့ပါတယ်။ ဒါအပြင်ယင်းကာလက ယင်းစစ်မြေပြင်ခရစ်စမတ်ပါတီကို ပါဝင်ခဲ့တဲ့ တပ်မှူးတွေကိုယ်တိုင်လည်းယင်းကာလပြီးချိန်မှာ နှစ်ဘက်စစ်သည်တွေအားလုံးဟာ ပုံမှန်ထက်တက်ကြွတဲ့ပုံပေါက်ပြီး စစ်ရိပ်၊စစ်မာန်တွေ အစားတစ်ယောက်နဲ့တစ်ယောက်ပိုမိုနွေးထွေးစွာဆက်ဆံခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အချို့ဆိုရင်အရက်၊ဆေးလိပ်စတာတွေကို နှစ်ဦးနှစ်ဘက် ဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။ အမှန်ဆိုရင်စစ်မြေပြင်စည်းကမ်းတွေအရရန်သူနဲ့ ဒီလိုမျိုးဆက်ဆံရေးတွေကိုပြုလုပ်ခွင့်မရှိတာကြောင့် နောက်ပိုင်းမှာတော့ မဟာမိတ် တွေဘက်က စစ်စည်းကမ်းအချို့ကိုပြန်လည်ထုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်။ အမှန်ဆိုရင်ဂျာမန်တွေစီစဉ်တဲ့ ယင်းခရစ်စမတ်ပါတီဟာ သတ်ကွင်းတစ်ခုဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို မဟာမိတ်အရာရှိအချို့ကဖွင့်ဟအပြစ်တင်ခဲ့တာမျိုးရှိခဲ့ပေမယ့် ဆင်နွှဲသူအောက်ခြေကနေ အရာခံစစ်သည်တွေဘက်ကတော့ အပြစ်လို့မခံယူကြောင်းပွင့်ပွင့်လင်းလင်းပဲချပြခဲ့ကြတယ်လို့သိရပါတယ်။
ဒီအတွက်အမည်မဖော်လိုသူ မဟာမိတ်စစ်သည်တစ်ဦးဆိုရင် နိုင်ငံခေါင်းဆောင်တွေရဲ့ စစ်ရေး၊နိုင်ငံရေးနဲ့ ကိုလိုနီနယ်မြေခွဲဝေရယူမှုကို အမြင်မကြည်ပဲ ဖြစ်ရတဲ့ ဒီစစ်ပွဲ(ပထမ ကမ္ဘာစစ်)ကို တစ်ဦးနဲ့တစ်ဦးသတ်ဖြတ်ပြီး အကောင်အထည်ဖော်နေရတဲ့ အောက်ခြေ စစ်သည်တွေအတွက် လုံးဝမမျှတကြောင်း ဘီဘီစီရဲ့ စစ်မြေပြင်သတင်းထောက်ကိုထုတ် ဖော်ပြောကြားခဲ့ဖူးပါတယ်။ ပထမကမ္ဘာစစ်စတင်ဖြစ်ပွားခဲ့တဲ့ (၁၉၁၄)ခုနှစ်၊ဂျူလိုင်(၂၈) ကနေပြီးဆုံးတဲ့ (၁၉၁၈) ၊နိုဝင်ဘာ(၁၁)ရက်နေ့အထိ (၄)နှစ်၊(၃)လနဲ့ (၁၄)ရက်ကာ လအတွင်း ဥရောပစစ်မြေပြင်တွေအနက်မှာတော့ (၁၉၁၄)ခုနှစ်ရဲ့နေ့ခရစ်စမတ်ကာလ ဟာနှစ်ဘက်စစ်သည်တွေအတွက် ပထမဆုံးသောငြိမ်းချမ်းရေးရဲ့အရသာကိုခံစားခွင့်ရ တဲ့နေ့ရက်လည်းဖြစ်ခဲ့ပါတယ်။
(၁၉၁၅)ခုနှစ်၊ဒီဇင်ဘာလရောက်ချိန်မှာတော့ မဟာမိတ်စစ်တပ်က အထူးအမိန့် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းကတော့ မနှစ်ကဖြစ်ပွားခဲ့တဲ့ စစ်မြေပြင်ခရစ်စမတ်ပါတီမျိုးကို မဟာမိတ်တပ်သားတွေ ဝင်ရောင်မဆင်နွှဲစေဖို့ရည်ရွယ်ပါတယ်။ ဒါကတော့ အထက်က ခွင့်ပြုမိန့်တစုံတရာမရှိပဲ မိမိတို့အခြေစိုက်စခန်းအနီးချဉ်းကပ်လာသူတိုင်းကို အမေးအမြန်းမရှိပစ်ခတ်ဖို့အတွက်ဖြစ်ပါတယ်။ ဒီသတင်းကိုနီးစပ်ရာ ဂျာမန် စစ်စခန်းတွေကိုလည်း ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့်နှစ်ဘက်စလုံးကစစ်သည် တွေအတွက် ဒုတိယမြောက်စစ်မြေပြင်ခရစ်စမတ်ပါတီဟာ (၁၉၁၅)မှာပဲချုပ်ငြိမ်းခဲ့ရ တာဆိုရင် ပထမကမ္ဘာစစ်ပြီးဆုံးခဲ့ချိန်ကနေ ၊ နောက်ဒုတိယကမ္ဘာစစ်တလျှောက်လုံးလို့ ဆိုရပါမယ်။ ယင်းနောက်ပိုင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေမှာလည်း စစ်မြေပြင်ခရစ်စမတ်ပါတီ ဆိုတာမရှိတော့တာကြောင့် လွန်ခဲ့တဲ့နှစ်(၁၀၀)ကျော်က ဖြစ်ရပ်လေးဟာ ပုံပြင်တစ်ပုဒ်လိုဖြစ်ခဲ့တာလည်းမဆန်းဘူးလို့ဆိုရပါမယ်။
( Sainsbury က ပြန်လည်ရိုက်ကူးခဲ့တဲ့ ကြော်ငြာဗီဒီယိုကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်)
Discussion about this post