ကျွန်တော်တို့ စာအုပ်တွေ ပုံပြင်တွေထဲမှာသာ ဖတ်ဖူးခဲ့တဲ့ ဒီဓလေ့ဟာ အိန္ဒိယမှာ ရှေးအခါက အမှန်တကယ်ရှိခဲ့ဖူးပါတယ်။ ဒီဓလေ့ကို sati ဆတ္တီး (သို့) Suttee လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ မိန်းမကောင်း၊မိန်းမမြတ် လို့အဓိပ္ပါယ်သက်ရောက်ပါတယ်။ ခင်ပွန်းသည်သေဆုံးသွားပါက သူရဲ့ဈာပနမီးပုံပေါ်ပုံမှာ မုဆိုးမအဖြစ်ကျန်ခဲ့တဲ့ ဇနီးက ကိုယ့်ကိုယ်ကို မီးရှိုခံကာ သေဆုံးရတဲ့ ရှေးဟိန္ဒူမျိုးနွယ်စုတွေရဲ့ဓလေ့ ဖြစ်ပါတယ်။ ယခုချိန်မှာဆိုရင် ယင်းဓလေ့ဟာပျောက်ကွယ်လုနီးပါးြ ဖစ်ပေမယ့် အိန္ဒိယတောင်ပိုင်းမှာ ထွန်းကားခဲ့တဲ့ Brahmanတွေနဲ့ ရှေးဟိန္ဒူလူမှုအသိုင်းအဝိုင်း အကြားမှာတော့ ထင်ရှားတဲ့ နည်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူတွေရဲ့အသက်ဟာ ခင်ပွန်းသည်တွေရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းပေါ်မှာ မှီတည်နေတဲ့ ဒီဓလေ့ဟာ အလွန်ပဲရက်စက်လှပါတယ်။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လမ်းစဉ်ကနေဆက်နွယ်နေတဲ့ ယင်းဝါဒဟာ ဟိန္ဒူနတ်ဘုရားမ Sati နဲ့ဆက်စပ်လို့နေ ပါတယ်။ ဒဏ္ဍာရီဖြစ်စဉ်တွေမှာတော့ Sati ဟာသူမရဲ့ခင်ပွန်းဖြစ်သူ နတ်ဘုရား Shiva ကို ဖခင်ဖြစ်သူကစွပ်စွဲမှုပြုလုပ်အပြီး မိမိကိုယ်ကိုမီးရှိုပြီးသက်သေခဲ့တယ်လို့ပါရှိပါတယ်။ ယင်းဒဏ္ဍာရီမှာတော့ နတ်ဘုရားမ Sati ဟာသူမရဲ့Yogic စွမ်းအင်တွေကြောင့်နောက်ဆုံး မှာပြန်လည်ရှင်သန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
Sanskrit သင်္သကရိုက် (ရှေးဟိန္ဒူဘာသာစကား)နဲ့ (၄၀၀)CE လောက်ကတည်းကပြုစုရေးသားတဲ့ Mahabharata မှာဆိုရင် ဟိန္ဒူတွေရဲ့နည်းစဉ်ဖြစ်တဲ့ Suttee ရဲ့အကြောင်းကိုတိတိကျကျ ဖော်ပြထားပြီၤး ဘီစီ(၁)ရာစုလောက်မှာရေးသားထားတဲ့ ဂရိစာရေးဆရာ Diodorus Siculus ရဲ့စာပေတွေမှာဆိုရင်လည်း လင်ယောင်္ကျားသေဆုံးသွားပါက ဈာပနပြုလုပ်ရာ မီးပုံတွင်းကိုခုန်ဆင်းသေပွဲဝင်ရတဲ့ ဟိန္ဒူတွေရဲ့ရိုးရာနည်းစဉ်ဟာ အိန္ဒိယနိုင်ငံအဝန်းမှာ (၄)ဘီစီလောက်ကတည်းကအထင်အရှားရှိနေကြောင်း တိကျစွာဖော်ပြခဲ့တဲ့မှတ်တမ်း လည်းရှိနေပါတယ်။
ယင်းကာလက Suttee နည်းစဉ်နဲ့သေဆုံးသွားတဲ့ မုဆိုးမအမျိုးသမီး တွေရဲ့အုတ်ဂူတွေ၊ အထိန်းအမှတ်နေရာတွေဟာအိန္ဒိယမှာ (၅၁၀) CE အစောပိုင်း ကာလတွေအထိ တွေ့ရှိနေခဲ့ရတယ်လို့လည်းသိရပါတယ်။ ယင်းကာလက အချို့စစ် သည်တွေဆိုရင် လင်ယောင်္ကျားစစ်ပွဲရှိရာကိုမသွားခင် မိမိကိုယ်ကိုယ် မီးပုံတွင်းခုန် ဆင်းပြီး စစ်ပွဲအောင်နိုင်စေကြောင်း ယဇ်ပူဇော်တဲ့အလေ့ပါရှိနေခဲ့တယ်လို့မှတ်တမ်းတွေ အရသိရပါတယ်။ အဲဒီလို ယဇ်နတ်ပူဇော်တဲ့အလေ့ကိုတော့ ဟိန္ဒူလို Jauhar လို့ခေါ်ဆို ကြပါတယ်။
(၁၂)ရာစုကနေ (၁၆)ရာစုကာလရောက်ချိန်မှာတော့ အထက်ကဖော်ပြခဲ့တဲ့ Jauhar လမ်းစဉ်ကို စစ်သည်မှူးမက်တွေရဲ့ဇနီးသည်တွေအပေါ် ကျင့်သုံးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုးကွယ်ယုံကြည်မှုနဲ့မဆိုင်ပဲ ရန်သူတွေရဲ့ အဓ္ဓမပြုကျင့်တဲ့ရန်ကနေကာကွယ်ဖို့နဲ့ ရန်သူလက်မှာအသက်ရှင်ရခြင်းထက် သေတာ ကပိုမြင့်မြတ်တယ်ဆိုတဲ့ အယူအဆကြောင့်ြ့ဖစ်ပါတယ်။ ယင်းကာလအချိန်တွေအထိလည်း လင်ယောင်္ကျားသေဆုံးသွားပါက ဈာပနမီးပုံပေါ်မှာကျန်ရစ်သူအမျိုးသမီးကခုန် ဆင်းသေပွဲဝင်ရတဲ့ Suttee နည်းစဉ်ဟာ အထက်တန်းစားဟိန္ဒူမျိုးနွယ်စုတွေရဲ့ စွဲမြဲစွာကျင့်သုံးနေတဲ့ ရိုးရာလမ်းစဉ်အဖြစ်ကျန်ရှိလို့နေပါသေးတယ်။
ယင်း ယဇ်နတ်ပူဇော်တဲ့ Suttee ဖြစ်စဉ်တွေဟာ ဘင်္ဂလားဒေသမှာ (c.1100)ခန့်အချိန်မှာတော့ Dayabhaga Law ကိုထုတ်ပြန်လိုက်တဲ့အတွက် ပိုမိုကြီးမားလာခဲ့တယ်လို့သိရပါတယ်။ (၁၆)ရာစု၊ မဂိုမင်းဆက်တွေဖြစ်တဲ့ Humayun နဲ့ Akbar တို့လက်ထက်အချိန်ရောက်မှသာ Suttee နည်းစဉ်တွေကိုတားမြစ်ပိတ်ပင်ခဲ့ တယ်လို့သိရပါတယ်။British Raj (ဗြိတိသျှအစိုးရလက်ထက်)ရောက်ချိန်မှာလည်း Suttee ယဇ်နတ်ပူဇော်တဲ့အလေ့ဟာ အိန္ဒိယနိုင်ငံတွင်းအဓိကတိုက်ဖျက်ခဲ့ရတဲ့ ရိုးရာအစဉ်အလာတစ်ခုလိုတောင်ဖြစ်ခဲ့ရပါတယ်။ ဗြိတိသျှထိပ်တန်းအရာရှိ တွေကတော့ လက်နက်ကိုင်တွေကိုတောင်အသုံးပြုပြီး ယင်းဓလေ့ကိုဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့ကြလို့ အဲဒီအချိန်ကစလို့ Suttee ဓလေ့ဟာ အတော်အသင့်ပျောက်ကွယ်သွားခဲ့ရပါတယ်။
(၁၉)ရာစုအစောပိုင်းက ဗြိတိသျှ အရှေအိန္ဒိယ ကုမ္ပဏီနဲ့အတူ ကာလကတ္တားမြို့ကိုရောက်ရှိလာတဲ့ ခရစ်ယာန်တရားဟောဆရာ William Carey ရဲ့ မှတ်တမ်းတွေမှာဆိုရင် ကာလကတ္တားမြို့ရဲ့ (၃၀)မိုင်ပတ်လည်ရှိတဲ့တောရွာဒေသတွေ မှာဆိုရင် Suttee နည်းနဲ့စတေးခံခဲ့ရတဲ့ ဖြစ်စဉ်မျိုး (၄၃၈)မှုလောက်ရှိခဲ့တယ်လို့ ပါရှိပါ တယ်။
(၁၈၂၉)ရောက်ချိန်မှာတော့ အင်္ဂလိပ်တွေဟာ တရားဝင်ဥပဒေတစ်ရပ်ကိုပြဌာန်းပြီး Suttee ယဇ်နတ်ပူဇော်တဲ့ဓလေ့ကို အိန္ဒိယနိုင်ငံကနေ ပျောက်ကွယ်သွားအောင် ပြုလုပ်ပါတော့တယ်။ အင်္ဂလိပ်အစိုးရက suttee ယဇ်နတ်ပူဇော်တဲ့လမ်းစဉ်ကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ကာ Hindu Widow’s Remarrige Act,1856 ၊ Female Infanticide Prevention Act, 1870 နဲ့ Age of Consent Act, 1891 စတဲ့ဥပဒေတွေထုတ်ပြန်ပြီး တိုက်ဖျက်ခဲ့ပါတယ်။
Suttee ရဲ့ဖြစ်စဉ်အချို့မှာဆိုရင် ကာယကံရှင်တွေကိုယ်တိုင် ဆန္ဒအလျောက်တောင်းဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ဈာပန မီးပုံအတွင်းခုန်ဆင်းသေပွဲဝင်တဲ့ဖြစ်ရပ်တွေတောင်ရှိခဲ့ပေမယ့် အများစုကတော့ ကျန်ရစ်သူမိသားစုက အတင်းအကြပ်ဖိအားပေးခိုင်းစေတာကြောင့်သာ ဖြစ်ပါတယ်။ အင်္ဂလိပ်အာဏာပိုင်တွေအပြင် အိန္ဒိယအမျိုးသားရေးဝါဒီတွေအထိ Suttee ဖြစ်စဉ်ကိုနည်းမျိုးစုံနဲ့တိုက်ဖျက်ခဲ့ကြပေမဲ့ ဟိန္ဒူအသိုင်းအဝိုင်းမိသားစုတွေမှာတော့ ယင်းဖြစ်စဉ်ဟာ ရံဖန်ရံခါ ဖြစ်ပေါ်နေခဲ့တယ်လို့သိရပါတယ်။
(၁၉၈၇)ခုနှစ်အတွင်းက ဆိုရင် အသက်(၁၈)နှစ် အရွယ်သာရှိတဲ့ Roop Kanwar မုဆိုးမလေးဟာ ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက်တစ်ရက်အကြာမှာ Suttee နည်းနဲ့ ယဇ်နတ်ပူဇော်ခြင်းခံခဲ့ရပါတယ်။ ယင်းဖြစ်စဉ်ပြီးချိန်မှာတော့ အိန္ဒိယနိုင်ငံလုံးနီးပါးကလူအခွင့်အရေးလှုပ်ရှားသူတွေဦးဆောင်မှုနဲ့ ယင်းဖြစ်ရပ်ကို ပြင်းထန်စွာရှုတ်ချခဲ့ပြီး အစိုးရကိုဖိအားပေးခဲ့ပါတယ် ။ ယင်းနှစ်ထဲမှာပဲ အိန္ဒိိယပါလီမန်က ဟိန္ဒူရှေးရိုးရာ Suttee အယူကို တရားဝင်တိုက်ဖျက်တဲ့ Sati(Prevention) Act, 1987 ကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး တားမြစ်ပိတ်ပင်ခဲ့တာကြောင့် ဒီရိုးရာဓလေ့ဟာ ပျောက်ကွယ်လုနီးပါးဖြစ်ပေမယ့် မထင်ရှားတဲ့ ရွာငယ်မြို့ငယ်တွေမှာတော့ ကျင့်သုံးနေကြဆဲဖြစ်ပါတယ်။
Discussion about this post