ဒီနေရာကတော့ အီဂျစ်နိုင်ငံအနောက်ဘက် ကိုင်ရိုမြို့ရဲ့ ၁၅၀ကီလိုမီတာအကွာ Faiyum သဲကန္တာရဒေသမှာရှိတဲ့ Wadi El Hitan ဆိုတဲ့ နေရာပဲဖြစ်ပါတယ်။ Wadi El Hitan ဆိုတာ အာရပ်ဘာသာစကားနဲ့ဆိုရင် ဝေလငါးတောင်ကြား လို့ အဓိပ္ပါယ်ရပါတယ်။
တနည်းအားဖြင့် ဝေလငါးတွေရဲ့သင်္ချိုင်းဆိုရင်လည်း မမှားပါဘူး။ ဒီနေရာတစ်ဝိုက်မှာ ဝေလငါးတွေရဲ့အရိုး ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရာနဲ့ချီပြီး ရှိနေခဲ့လို့ပါ။ ဒီလိုရှိနေခြင်းကြောင့်ပဲ ဒီနေရာကို ၂၀၀၅ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနေရာဟာ ဝေလငါးတွေရဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသမိုင်းနဲ့ ပတ်သတ်လို့ အလွန်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာမှာ ဝေလငါးတွေရဲ့ကြောက်ဖြစ်ရုပ်ကြွင်းတွေသာမက အခြားရေသတ္တဝါတွေဖြစ်ကြတဲ့ ငါးမန်း ၊ မိကျောင်း ၊ လိပ် ၊ ငါးလိပ်ကြောက် နဲ့ လွှငါးမန်းတွေရဲ့ကြောက်ဖြစ်ရုပ်ကြွင်းတွေလည်း ရှိနေပါသေးတယ်။
ပထမဆုံးရုပ်ကြွင်းကို ၁၈၃၀ခုနှစ်ခန့်တည်းက တူးဖော်ရရှိခဲ့ပေမယ့် ဒီနေရာဟာ ရေသတ္တဝါတွေနဲ့ ပတ်သတ်တဲ့နေရာလို့ မထင်ခဲ့မိကြပါဘူး။ ၁၉၀၂ ခုနှစ်နဲ့ ၁၉၀၃ခုနှစ်ကြားကနေစလို့ ရေသတ္တဝါရုပ်ကြွင်းတွေကိုဆက်တိုက်တူးဖော်ရရှိခဲ့ပြီး ဒီနေရာဟာ ရေသတ္တဝါတွေကြက်စားခဲ့တဲ့နေရာကြီးတစ်ခုအဖြစ်သိလာရပါတယ်။
ဒါပေမယ့် ဒီနေရာဟာ သွားလာဖို့မလွယ်ကူတဲ့အတွက် နှစ်ပေါင်း ၈၀လောက်ကြာတဲ့အထိ သိတဲ့သူအနည်းငယ်ပဲရှိပါတယ်။ ၁၉၈၀ခုနှစ်မှာတော့ ကားတွေပေါလာတဲ့အတွက် သွားလာဖို့လွယ်ကူလာခဲ့ပြီး ဒီနေရာကို ကျောက်ဖြစ်ရုပ်ကြွင်းစုဆောင်းသူပေါင်းများစွာ ရောက်လာကြပါတယ်။ အဲဒီနောက်တော့ စိတ်ဝင်စားသူများလာခဲ့ပြီး လေ့လာသုတေသနပြုရေး နဲ့ ထိမ်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။
ဒီနေရာမှာ တွေ့ရှိရတဲ့ ဝေလငါးရုပ်ကြွင်းတွေဟာ ယနေ့ခေတ်ဝေလငါးတွေနဲ့ မတူညီပါဘူး။ ယနေ့ဝေလငါးတွေရဲ့ ဘိုးဘေးဘီဘင် စဦးမျိုးဆက်လို့ဆိုရပါမယ်။ ဒီနေရာမှာတွေ့ရတဲ့ဝေလငါးအမျိုးအစားနှစ်ခုကတော့ အကောင်ကြီးအမျိုးအစားဖြစ်တဲ့ Basilosaurus ဝေလငါး နဲ့ အကောင်သေး(၃မီတာကနေ ၅မီတာအထိ) အမျိုးအစားဖြစ်တဲ့ Dorudon ဝေလငါး တို့ပဲဖြစ်ပါတယ်။ အကြီးဆုံးဝေလငါးအရိုးကတော့၂၁မီတာအရှည်ရှိပါတယ်။
ယနေ့ခေတ်ဝေလငါးတွေနဲ့ မတူညီတာကတော့ ဒီနေရာကဝေလငါးတွေမှာ နောက်ခြေတွေ ၊ မာကြောတဲ့ဦးခေါင်းခွံ နဲ့ သွားတွေပါရှိနေတာပါ။ ဒီကွာခြားမှုကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၄၀ နဲ့ သန်း၅၀ ကြားကာလမှာ ဝေလငါးတွေဟာ လမ်းလျှောက်နိုင်တဲ့သတ္တဝါတွေဖြစ်ခဲ့ပြီး အသားစားသတ္တဝါတွေဖြစ်တယ်ဆိုတာ သိခဲ့ကြရပါတယ်။ အဲဒီနောက်တော့ ဝေလငါးတွေဟာ ခြေထောက်တွေတဖြည်းဖြည်းပျောက်လာခဲ့ပြီး ယနေ့ခေတ်ဝေလငါးတွေရဲ့ပုံစံတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီကန္တာရဟာ အဲဒီအချိန်က မြေထဲပင်လယ်ရဲ့တောင်ဘက်မှာရှိခဲ့တဲ့ Tethy ဆိုတဲ့ ပင်လယ်ဖြစ်ခဲ့ပြီး ရေသတ္တဝါတွေကျက်စားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီနေရာက ရုပ်ကြွင်းတွေကို Wadi El Hitan ပြတိုက်တည်ဆောက်ကာ ပြသထားပါတယ်။ ဝေလငါးရုပ်ကြွင်းအများစုဟာ မူလအတိုင်းရှိနေပြီး အချို့ကိုတော့ကျောက်သားတွေနဲ့အတူထိမ်းသိမ်းထားရပါတယ်။ ပြတိုက်မှာတော့ ကုန်းသတ္တဝါကနေ ရေသတ္တဝါတွေအဖြစ် အဆင့်ဆင့်ပြောင်းလဲသွားတဲ့ ဝေလငါးတွေရဲ့ဖြစ်စဉ်အဆင့်ဆင့်ကို ပြသထားပါတယ်။ သွားလာရခက်ခဲပြီး ရုပ်ကြွင်းတွေသာ ရှိတဲ့အတွက် ဒီနေရာကို နှစ်စဉ်လာရောက်လေ့လာသူ ၁၀၀၀ ခန့်ပဲရှိပါတယ်။
|
Discussion about this post