သူ့နာမည်ကတော့ Larry Tesler ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက နာမည်ကျော် နည်းပညာနယ်မြေတစ်ခုဖြစ်တဲ့ Silicon Valley ရဲ့စွန့်ဦးတီထွင်သူပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယနေ့ကွန်ပျူတာတွေ ဖုန်းတွေရဲ့ နည်းပညာကဏ္ဍမှာ လွန်စွာအသုံးတည့်လှသော computer concepts တွေဖြစ်တဲ့ Cut၊ Copy & Paste Shortcut စတာတွေကို တီထွင်နိုင်ခဲ့သူဖြစ်ပြီး (၂၀၂၀)ခုနှစ်၊ဖေဖော်ဝါရီ(၁၆)ရက်နေ့ (တနင်္လာနေ့) မှာပဲ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ ကွန်ပျူတာသုံးသူတိုင်း မဖြစ်မနေအသုံးပြုကြရတဲ့ Ctrl -C ၊ Citr-V ၊ Copy၊ Cut ၊ Paste နည်းပညာတွေကြောင့် ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းတွေဟာ ပိုမိုလွယ်ကူပြီး ခရီးတွင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။
သူဟာ ကွန်ပျူတာသုံးစွဲသူမျိုးဆက်တွေအတွက် modeless editing လို့သိကြတဲ့ အသုံး ပြုရတာပိုမိုလွယ်ကူတဲ့ ကွန်ပျူတာဆော့ဝဲတွေကိုဖန်တီးပေးခဲ့သူဖြစ်ပြီး ကီးဘုတ်ကနေ ပဲ သုံးစွဲသူတွေရဲ့အချိန်နဲ့ အလုပ်လုပ်ရတဲ့ပမာဏကိုလျော့ကျစေနိုင်မယ့် နည်းပညာဆိုင်ရာနည်းစဉ်တွေကို ဖော်ထုတ်ပေးခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Xerox PARCY၊ Apple၊ Amazon နဲ့ Yahoo တို့တွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံသား၊ ဂျူးလူမျိုး ကွန်ပျူတာသိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့နာမည်ကျော်တီထွင်မှုဖြစ်တဲ့ ကွန်ပျူတာမှာပါဝင်တဲ့ Cut/ Copy ၊ Find & replace စတာတွေကိုတော့ Xerox PARCY မှာတာဝန်ထမ်းဆောင် နေရင်း ဖန်တီးခဲ့တာဖြစ်ပါတယ်။
Tesler ကိုတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်က The Bronx မှာ (၁၉၄၅)ခုနှစ်၊ဧပြီလ (၂၄) ရက်နေ့က ဂျူးလူမျိုးမိဘ(၂)ပါးကနေဖွားမြင်ပါတယ်။ တက္ကသိုလ်ပညာကိုတော့ Stanford တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီး (၁၉၆၅)ခုနှစ်မှာတော့ ကွန်ပျုတာသိပ္ပံပညာရပ်နဲ့ ဘွဲ့ ရခဲ့ပါတယ်။ (၁၉၇၃)ခုနှစ်မှာတော့ Tesler ဟာ Xerox Palo Alto Research Center (PARC) မှာပညာရှင်တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပြီး copier နဲ့ပတ်သက်တဲ့ ကွန်ပျူတာထုတ်ကုန်တွေ ထုတ်လုပ်တဲ့အပိုင်းကို တာဝန်ယူခဲ့ရပါတယ်။ အဲဒီမှာပဲ သူဟာကွန်ပျူတာတွေကိုအသုံးပြုရတာပိုမို လွယ်ကူစေတဲ့ Concepts တွေကိုရှာဖွေတွေ့ရှိခဲ့ပြီး အထူးသဖြင့်စာရိုက်ရာမှာအသုံးဝင် လှတဲ့ Gypsy text editor ကို Tim mott ဆိုသူပညာရှင်နဲ့ တွဲဖက် တီထွင်နိုင်ခဲ့ပါတယ်။
(၁၉၇၉)ခုနှစ်မှာတော့ Tesler ဟာ သူရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Xerox ရဲ့ Xerox’s Alto ကွန်ပျူတာအသုံးပြုမှုအကြောင်းကို စတိဗ်ဂျော့နဲ့ဆွေးနွေးတင်ပြခွင့်ရရာကနေ သူရဲ့ Apple ကုမ္ပဏီမှာလာရောက်အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ (၁၉၈၀)ခုနှစ်မှာတော့ Tesler ဟာ Appleနဲ့ပူးပေါင်းခဲ့ပြီး နာမည်ကျော်နည်းပညာထုတ် ကုန်တွေဖြစ်တဲ့ Lisa Computer ၊ the newton personal digital assistant နဲ့ the Macintosh စတဲ့တီထွင်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ဒါအပြင် Tesler ဟာ Reduced instruction Set Computer _RICS စနစ်အသုံးပြုထားတဲ့ ARM ( Advanced RICS Machines) တွေကို Apple မှာရင်းနှီးမြုပ်နှံဖို့ ဦးဆောင်ခဲ့သူဖြစ်ပါ တယ်။ အကျိုးရလဒ်ကတော့ ARM စနစ်ကိုအခြေခံထားတဲ့ iOs device တွေကြောင့် Apple ဟာ i Phone လိုပစ္စည်းတွေကို ထုတ်လုပ်ကာ ယနေ့အထိကမ္ဘာနည်းပညာ ဈေးကွက်ကိုစိုးမိုးထားနိုင်ဆဲဖြစ်ပါတယ်။
Tesler ဟာ apple ရဲ့ Chief Scientist အဖြစ်တောင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လုပ်သက် (၁၇)နှစ်အကြာ၊ (၁၉၉၇)ခုနှစ်မှာတော့ အလုပ်ကနေတရားဝင်နှုတ်ထွက်ခဲ့ ပါတယ်။ ယင်းနောက်မှာတော့ Stagecast အမည်ရ ပညာရေးဆော့ဝဲကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး ကလေးငယ်တွေကို ကွန်ပျုတာနည်းပညာနဲ့ ဆက်စပ်တဲ့ပရိုဂရမ်မင်းတွေကို သင်ကြားပေးခဲ့သလို Yahoo နဲ့ Amazon နဲ့ genetics- testing service ကုမ္ပဏီတစ်ခုဖြစ်တဲ့ 23 and Me မှာလည်း စီမံခန့်ခွဲရေးဆိုင်ရာအကြံပေးသူအဖြစ်နှစ်ပေါင်းများစွာဝင်ရောက် ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒါအပြင် ကယ်လီယိုဖိုးနီးယားမှာပဲ Tv၊ Print၊mobile နဲ့ ကွန်ပျူတာနည်းပညာ ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းပုံ၊ သုတေသန ၊ဒီဇိုင်းနဲ့ ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ အတိုင်ပင်ခံအဖြစ် သူသေဆုံးချိန်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
Tesler ဟာ ပထမအိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့နောက် (၁၉၆၉)ခုနှစ်မှာ ဘူမိရူပဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Colleen Barton နဲ့လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ်။ Tesler ဟာသူရဲ့ဘဝတစ်ခုလုံးနီးပါးကို ကွန်ပျူတာဆိုင်ရာ ဖန်တီးမှုတွေကြားမှာပဲမြုပ်နှံထားခဲ့သူဖြစ်ပြီး သူဖန်တီးခဲ့တဲ့ နည်းပညာတွေကိုတော့ ကွန်ပျူတာတွေ ရှိနေသေးသရွေ့ လူတွေအားလုံး အသုံးပြုနေကြရဦးမှာဖြစ်ပါတယ်။
Discussion about this post