ရေးသားသူ – ဦးစန်းလွင် (တရားလွှတ်တော်ရှေ့နေ)
ခုတစ်လော စာနယ်ဇင်းတွေမှာ ကွန်ဒိုမီနီယံခေါ် စုပေါင်းပိုင် အဆောက်အအုံ အရောင်းကြော်ငြာတွေ တခမ်းတနား ကြော်ငြာလာကြတာကို သတိထားမိပါတယ်။ ကွန်ဒိုမီနီယံ ဆိုတာဘာလဲ၊ စုပေါင်းပိုင်ဆိုတာ ဘာတွေကို စုပေါင်းပိုင်မှာလဲ။ ကွန်ဒို အခန်းဝယ်ရင် ဘာအခွင့်အရေးတွေရှိပြီး ဘယ်လို တာဝန်တွေ ရှိလာမလဲ စတဲ့အတွေးတွေ ဝင်ရင်း ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။
၁။ ကွန်ဒိုမီနီယံဆိုတာ ဘာလဲ
ကွန်ဒိုမီနီယံ (Condominium) ဆိုတာ လက်တင်ဘာသာ စကားလုံးပါ။ ပူးတွဲစီမံ အုပ်ချုပ်ခွင့် ရှိခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ရောမ ဥပဒေအရ နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသူများက ပစ္စည်းတစ်ခုမှာ စိတ်ပိုင်းမထားတဲ့ အစုရှယ်ယာ ရရှိထားခြင်းဖြင့် ဒီပစ္စည်းကို စုပေါင်း ပိုင်ဆိုင်ခြင်းလို့ သတ်မှတ် ကျင့်သုံးခဲ့ပါတယ်။ နှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံထက် ပိုတဲ့နိုင်ငံများက နယ်မြေတစ်ခုကို ပူးတွဲ အချုပ်အခြာအာဏာ သို့မဟုတ် အုပ်ချုပ်မှု ကျင့်သုံးရင်လည်း ကွန်ဒိုမီနီယံလို့ပဲ ခေါ်ပါတယ်။
ယခင်က ဆူဒန်နိုင်ငံကို ဗြိတိန်နိုင်ငံနဲ့ အီဂျစ်နိုင်ငံတို့က ပူးတွဲအုပ်ချုပ်ခဲ့တာ ရှိခဲ့ပါတယ်။ ဒီခေတ်မှာတော့ ကွန်ဒိုမီနီယံဆိုတဲ့ စကားရပ်ကို အဆောက်အအုံ တစ်ခုခုကိုသာ ရည်ညွှန်းသုံးစွဲလေ့ ရှိကြပြီး ဒီအဆောက်အအုံမှာ အခန်းပိုင်ဆိုင်သူများက သူတို့ရဲ့ ပိုင်ဆိုင်မှု အချိုးအစားအလိုက် ဒီအဆောက်အအုံနဲ့ စပ်လျဉ်းပြီး အခွင့်အရေးတွေ၊ တာဝန်တွေ ခွဲဝေယူကြတာ ဖြစ်ပါတယ်။
၂။ ကွန်ဒိုမီနီယံ ဖြစ်ထွန်းပေါ်ပေါက်လာပုံ
မြန်မာနိုင်ငံမှာ ကွန်ဒိုတွေ ခေတ်စားလာတာ သိပ်မကြာသေးပဘူး။ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုထက် မပိုသေးပါဘူး။ မြို့ပြဒေသကို ပြောင်းရွှေ့ နေထိုင်လာသူ ပိုမိုများပြားလာပြီး နေထိုင်ဖို့ အခန်း မလုံလောက်တဲ့အတွက် အထပ်မြင့် ကွန်ဒိုတွေ ပေါ်လာရခြင်းဖြစ်သလို သာမန်အိမ်ခန်း၊ တိုက်ခန်းများနဲ့မတူ ကျယ်ကျယ်ဝန်းဝန်း အဆင့်မြင့်မြင့် နေထိုင်လိုသူ များပြားလာတဲ့ အတွက်လည်း ကွန်ဒိုဈေးကွက် စန်းပွင့်လာခြင်းလည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ သာမက စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့အာဆီယံ နိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယား စတဲ့တခြားကမ္ဘာ့ နိုင်ငံတွေမှာလည်း ကွန်ဒိုတွေ ရှိကြပါတယ်။ ကိုရီးယားနိုင်ငံမှာဆို အထပ် ၃၀ ကျော်တဲ့ ကွန်ဒို အများအပြား တွေ့ခဲ့ရပါတယ်။
ကွန်ဒိုအခန်းတွေကို အဆင့်မြင့်မြင့် နေထိုင်လိုသူတွေ နေထိုင်ဖို့အတွက် အသုံးပြုသလို ရင်းနှီးမြှုပ်နှံသူတွေက အရင်းအနှီး တစ်ရပ်အနေနဲ့ ဝယ်ယူ ရင်းနှီးတာလည်း ရှိပါတယ်။ နိုင်ငံခြားမှ လာရောက် အလုပ်လုပ်ကိုင် နေသူများက အရပ်ထဲမှ နေအိမ်တွေမှာ အမြဲနေထိုင်လို့ မရတာရယ်၊ ဈေးကြီးလွန်းတဲ့ အိမ်ရာတွေကို ဝယ်ယူ မနေလိုတာတွေရယ်ကြောင့် နိုင်ငံခြားသား များကလည်း ကွန်ဒိုအခန်းတွေကို ဝယ်ယူ လာကြပါတယ်။
တကယ်တော့ ကွန်ဒိုဆိုတာ လူနေထိုင်ဖို့ သက်သက်အတွက် ရည်ရွယ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ ကွန်ဒို မြေညီထပ်နဲ့ အောက်ဆုံးနှစ်ထပ်၊ သုံးထပ်ကို စတိုးဆိုင်၊ စားသောက်ဆိုင်၊ ရုံးခန်းတွေ အနေနဲ့လည်း သုံးကြပါတယ်။ တချို့ကွန်ဒိုတွေမှာ မြေအောက်ထပ်၊ မြေညီထပ်နဲ့ ကွန်ဒိုဝင်း အတွင်းမှာ ကားရပ်နားဖို့ ပါပေမယ့် ကွန်ဒိုအများ အပြားကတော့ ကားရပ်နားဖို့ မပါကြပါဘူး။ နီးစပ်ရာ လမ်းတွေမှာပဲ ရပ်ကြပါတယ်။ ဒီလိုနဲ့ လမ်းတွေ ပိတ်ကုန်ပါတယ်။
၃။ စန်းပွင့်လာသော ကွန်ဒိုဈေးကွက်
ကွန်ဒိုအခန်းတွေကို ဝယ်နိုင်သူတွေ များလာတဲ့အတွက် ကွန်ဒို တိုက်ဆောက်လုပ်မှုလည်း စန်းပွင့်လာပါတယ်။ အဆင့်မြင့် အိမ်ရာများ ပေါ်ထွန်းလာမှုကို ကြိုဆိုပါတယ်။ ဒါမှလည်း ဟောင်းနွမ်းနေတဲ့ မြို့ပြ ဒေသတွေမှာ သစ်လွင်လှပတဲ့ တိုက်ကြီးတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ တချို့ကွန်ဒိုတွေက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေတွေကို ဝယ်ယူပြီး တည်ဆောက်တာ ရှိသလို တချို့ကွန်ဒိုတွေကတော့ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း တစ်ခုခုက ထိန်းသိမ်းထားတဲ့ မြေပေါ်မှာ ဘီအိုတီစနစ်နဲ့ ဆောက်ကြတာ ဖြစ်ပါတယ်။ မြေကိုငှားရမ်း တည်ဆောက်တာလည်း ရှိပါတယ်။
ကွန်ဒိုတိုက်ခန်းတွေ ရောင်းချဖို့ ကြော်ငြာတွေကိုလည်း အကြီးအကျယ် ကြော်ငြာလာပါတယ်။ ဒီလိုကြော်ငြာရာမှာ မိမိတို့ကွန်ဒိုရဲ့ တည်နေရာ၊ ရှုခင်းရှုကွက်၊ အကျယ်အဝန်း၊ အထပ်၊ အားကစားခန်းမ၊ တင်းနစ်ကွင်း၊ ရေကူးကန်၊ ခန်းမ၊ အားကစားကွင်း၊ ပန်းခြံ၊ ဓာတ်လှေကား၊ လုံခြုံရေးစနစ်၊ ရေနဲ့လျှပ်စစ်မီးစနစ်၊ အင်တာနက် အသုံးပြုနိုင်မှု တို့ကိုပါ ထည့်သွင်း ကြေညာကြပါတယ်။ တချို့ကတော့ ကွန်ဒို မှတ်ပုံတင်တောင် ရပြီးပြီလို့ ကြေညာကြတယ်။ ကြော်ငြာတဲ့ သူကလည်း ပိုပိုမိုမို ကြော်ငြာကြသလို ကွန်ဒိုအခန်း ဝယ်သူတွေကလည်း ဟုတ်နိုးနိုးနဲ့ ဝယ်နေကြပါတယ်။ ဒီလိုနဲ့ သိန်းထောင်ချီတန်တဲ့ ကွန်ဒိုအခန်း ဈေးကွက်လည်း စန်းပွင့် လာခဲ့ပါတယ်။
၄။ ကွန်ဒိုဆိုတာ
ကွန်ဒိုမီနီယံကို စုပေါင်းပိုင် အဆောက်အအုံလို့ ခေါ်ပါတယ်။ ကွန်ဒိုတစ်ခု တည်ဆောက်တော့မယ် ဆိုရင် ကွန်ဒို အမျိုးအစားအလိုက် သတ်မှတ်တဲ့ တည်ဆောက်မှုတွေ ပါဝင်ဖို့အတွက် လုံလောက်တဲ့ မြေအကျယ်အဝန်းရှိဖို့ လိုပါတယ်။ မြေကျဉ်းကျဉ်းလေးမှာ အထပ်မြင့်မြင့် ဆောက်ပြီး ဓာတ်လှေကား တစ်စင်းတပ်ထားရုံနဲ့ ကွန်ဒိုလို့ မဆိုနိုင်ပါဘူး။ ကွန်ဒိုတိုင်း ရေကူးကန်ပါရမယ်၊ တင်းနစ်ကွင်း ပါရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကြော်ငြာစဉ်က တစ်မျိုး၊ တကယ်ဆောက်ပေးတော့ တစ်မျိုးလည်း မလုပ်ရပါဘူး။ ကွန်ဒိုမှာပါမယ့် တည်ဆောက်မှု အလိုက် သူ့ဈေးနဲ့သူ ရောင်းဝယ်နိုင်ပါတယ်။
ကွန်ဒိုလို့ ခေါ်နိုင်ဖို့အတွက် ကွန်ဒို မှတ်ပုံတင် လက်မှတ် ရထားရပါမယ်။ ကွန်ဒိုမှတ်ပုံတင် လက်မှတ်မရဘဲ ဘယ်သူမျှ ကွန်ဒိုလို့ (ကိုယ့်ဘာသာ) မသတ်မှတ်နိုင်ပါဘူး။ ကွန်ဒိုလက်မှတ် မရှိရင် ကွန်ဒို အခွင့်အရေး မရနိုင်ပါဘူး။ ကွန်ဒို အခွင့်အရေးတွေထဲမှာ ကွန်ဒိုအခန်း ပိုင်သူအနေနဲ့ မိမိအခန်းကို တရားဝင် ရောင်းခွင့်၊ ငှားခွင့်၊ ပေါင်ခွင့်၊ အမွေပေးခွင့်၊ လဲလှယ်ခွင့်တွေ ရှိပါတယ်။ မိမိအခန်းကို နိုင်ငံခြားသားကိုလည်း သတ်မှတ်ချက်များနဲ့အညီ ငှားခွင့်၊ ရောင်းခွင့် ရှိပါတယ်။
ကွန်ဒိုအခန်း ဝယ်ပြီဆိုရင် ကွန်ဒိုတိုက် သာယာလှပရေး၊ လုံခြုံရေး၊ စည်းကမ်းကျနရေး စတာတွေအတွက် သက်ဆိုင်ရာ ကွန်ဒို စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရပါမယ်။ ဒီအုပ်ချုပ်ရေး အဖွဲ့ကိုလည်း ကွန်ဒိုအခန်းပိုင်တွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေအတွက် မိမိတို့ရဲ့ အစုရှယ်ယာ တန်ဖိုးအလိုက် ကျခံရပါမယ်။ ကွန်ဒိုမှာနေပြီး မီးဖိုး၊ ရေဖိုး၊ လုံခြုံရေးဖိုး မပေးချင်လို့ မရပါဘူး။
ကွန်ဒိုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ကြီးကြပ်မှုကိုလည်း ခံယူရပါမယ်။ ခုအခါမှာ စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကို အာဆီယံ နိုင်ငံများရဲ့ စံချိန်စံညွန်းများနဲ့အညီ ရေးဆွဲပြီး လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ မကြာမီ ကာလအတွင်း မြန်မာနိုင်ငံ မြို့ပြဒေသ အိမ်ရာ ဖွံ့ဖြိုးရေးအတွက် အားဖြည့်ပေးမယ့် စုပေါင်းပိုင် အဆောက်အအုံ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
၅။ သုံးသပ်ချက်
ပြည်သူတွေ အဆင့်မြင့်မြင့် နေထိုင်လာနိုင်ကြတာကို ဝမ်းသာပါတယ်။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု လာရောက်ကြတဲ့ နိုင်ငံခြားသားများလည်း အဆင့်မီမီ နေစရာ ရကြပါမယ်။ ဒါပေမဲ့ ကွန်ဒိုတစ်ခုရဲ့ အရည်အချင်း မပြည့်စုံဘဲ၊ ကွန်ဒိုမှတ်ပုံတင် မရသေးဘဲ၊ ကွန်ဒိုနေသူများရဲ့အခွင့်အရေး သာမက တာဝန်တွေကို နားမလည်သေးဘဲ ကွန်ဒိုအရောင်း ကြော်ငြာတွေကိုသာ ယုံကြည်ပြီး အခန်းဝယ်ယူမှု တွေကိုတော့ သတိထားကြမယ် ဆိုရင်တော့ မှားမယ်လို့ မထင်ပါဘူး။
ဦးစန်းလွင် (တရားလွှတ်တော်ရှေ့နေ)
The Voice Weekly
Discussion about this post