ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့ ၏ လုံခြုံရေး အတွက် ကျိုင်းတုံ စော်ဘွား တို့သည် ရှေးယခင် ကပင် မြို့ရိုးတံခါးများ တည်ဆောက် ခဲ့ကြကြောင်း သိရသည်။ ကျိုင်းတုံ စော်ဘွား စဝ်အိုက်အွန် က ကောဇာ သက္ကရာဇ် ၇၄၉ ခုနှစ် ( အေဒီ – ၁၃၈၇ ) တွင် ပထမအကြိမ် မြို့ရိုးကို တည်ဆောက် ခဲ့ပြီး မြို့ရိုးသည် ယခင် နောင်တာစန့် ( ဆင်ရေကန် ) ယခု ဝင်းသူဇာဆိုင် ပရဝုဏ် မှ ယန်းဖဟင် ( စွမ်မွန်း ) သစ်တစ်ပင်ကုန်း အထိ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။
ဒုတိယ မြို့ရိုးကို ကျိုင်းတုံ စော်ဘွား စဝ်မဟာခနန် (ခေါ်) ခေမရဋ္ဌ် မဟာသီဟ ပဝရ သုဓမ္မရာဇာ က ကောဇာ သက္ကရာဇ် ၁၁၈၀ ပြည့်နှစ် ( အေဒီ – ၁၈၁၉ ) တွင် တည်ဆောက် ခဲ့သည်။ အလျား တစ်မိုင် ၄ ဖာလုံရှိပြီး လက်ရှိ မြို့ရိုး မြေပုံ အတိုင်းဖြစ်သည်။ ကျိုင်းတုံမြို့တွင် မြို့ရိုးတံခါး ၁၂ ပေါက်ရှိ ခဲ့သည်။
ယင်း တံခါးများမှာ မင်္ဂလာတံခါး ( ယခု လေယာဉ်ကွင်း လမ်း ဆန်ဂိုဒေါင် အဆင်း ) ၊ ပါလျန်တံခါး ( ဆေးရုံဟောင်း အနီး ) ၊ ကျိုင်းလန်း တံခါး ( ယခု အထက-၄ ကျောင်းအောက် ) ၊ ငမ်ဖ တံခါး ( ယခု သစ်တစ်ပင်တောင် ကုန်းအနီး ) ၊ ဖာယန်တံခါး ( သာသနာ့ ပါလကျောင်း နံဘေး ) ၊ စဲန်မိုင်းတံခါး ( တောင်ကြီး အထွက် လမ်းပေါ်ရှိ ယန်းခမ်းဈေး အနီး ) ၊ နောင်လိတ် တံခါး ( သီးသန့် ရဲစခန်းအနီး ) ၊ နောင်ဖာ တံခါး ( ယခု နောင်ဖာတံခါး မိုင်းယန်း အထွက်လမ်း ) ၊ ယန်းပုန် တံခါး ( တပ်ထိန်း တပ်ရင်း တည်နေရာ ) နှင့် ယန်းကုန်း တံခါး ( နန့်ဝေါ်အွဲ့ယန်းကုန်း သွားလမ်း ) တို့ ဖြစ်ကြသည်။
အဆိုပါ တံခါး ၁၂ ပေါက် အနက်မှ ဒုတိယ တံခါးပေါက် ဖြစ်သည့် ပါလျန်တံခါး တစ်ခုတည်း ကိုသာ ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ကျိုင်းတုံမြို့ ၏ ရှေးဟောင်း လက်ရာ အဖြစ် တည်ရှိလျက် ရှိကြောင်း သိရှိရသည်။ ပါလျန်တံခါးကြီးသည် ကျိုင်းတုံမြို့၏ အရှေ့ဘက် လွယ်မွေ(လွိုင်မွေ)သို့သွားသည့် လမ်းပေါ်တွင်တည်ရှိသည်။
တံခါး ၁၂ပေါက်အနက် မူရင်းလက်ရာအတိုင်း ထိမ်းသိမ်းထားနိုင်ခဲ့တဲ့ တစ်ခုတည်းသော တံခါးဖြစ်ပြီး အဲဒီခေတ်အခါက တည်ဆောက်ကြတဲ့ပုံစံဖြစ်တဲ့ ကျောက်တုံးကြီးတွေကို ဆင့်ကာတည်ဆောက်ထားခြင်းဖြစ်သည်။ တံခါးအဝင်ပေါက်သည် ၁၀ပေခန့်အကျယ်ရှိကာ ပေ ၂၀ခန့် မြင့်မားကာ ထုထည်ကြီးမားပြီး ခန့်ညားသည့် ပုံသဏ္ဍာန်ရှိသည်။ ဆက်စပ်လျှက်ရှိသော မြို့ရိုးများမှာမူ လုံးဝပျောက်ကွယ်ခဲ့ပြီဖြစ်ပြီး တံခါးကြီးတစ်ခုတည်းသာ ထီးထီးကျန်ခဲ့ခြင်းဖြစ်သည်။ ကျိုင်းတုံ၏ အမွေအနှစ်နေရာတစ်ခု အဖြစ်လည်း သတ်မှတ်ထားခြင်းခံရသော တံခါးကြီးလည်း ဖြစ်သည်။
Myawaddy Daily
Discussion about this post