ရေးသားသူ – ဆရာမျိုးဆွေသန်း
ကျိုက်ခေါက်စေတီခြေရင်းက ဘုရားဝတ္တကမြေကွက်လပ်အဆုံး လမ်းဆုံထောင့်က သံလျင်ကျောက်တန်းသွားလမ်းနဲ့သီလဝါလမ်းဆုံမှာ ရှေးဟောင်းသုတေသနကဆိုင်းဘုတ် အပြာရောင်နဲ့ ရေးထိုးမှတ်တမ်းတင်ပေးထားတဲ့ အုတ်တံတိုင်းဝင်းခတ်ထားတဲ့ အုတ်ဂူပါပဲ။
ဝန်ကြီးပဒေသရာဇာက ညောင်ရမ်းခေတ်ရဲ့စာပေသစ်ကိုတျာချင်းဆိုတဲ့ ကဗျာအမျိုးအစားနဲ့ ဖွင့်လှစ်ခဲ့သူဖြစ်တယ်၊ နွေဦးကာလ၊ မြူထသောခါ ချီထန်းတက်သမားဖွဲ့တျာချင်းကိုရေးဖွဲ့ခဲ့တဲ့ ဝန်ကြီးပဒေသရာဇာကို မြန်မာသက္ကရာဇ် ၁၀၃၄မှာ နန်းတက်ခဲ့တဲ့ အင်းဝဘုရင် အင်္ဂါမင်းလက်ထက်မှာ ၁၀၄၆နှစ်က အင်းဝမှာမွေးတယ်လို့ ခန့်မှန်းရတယ်။
၁၀၆၀ မှာနန်းတက်တဲ့ စနေမင်းလက်ထက်မှာစုရေးစုကိုင်အဖြစ်နဲ့အိမ်ရှေ့ အချီတော်သားအဖြစ်နဲ့ ၁၀၇၆မှာ နန်းတက်တဲ့ တနင်္ဂနွေမင်း လက်ထက်မှာ ဝေါပလာမှူးရာထူး၊ ၁၀၉၅ မှာနန်းတက်တဲ့ ဟံသာဝတီရောက်မင်းလို့ခေါ်ကြတဲ့ မဟာဓမ္မရာဇာဓိပတိလက်ထက်မှာ အိမ်ရှေ့မင်းရဲ့အချီတော်အဖြစ်နဲ့ လည်းကောင်း၊ ဘယကျော်သူဘွဲ့၊မင်းရဲမင်းလှ ကျော်ထင်ဘွဲ့ပေးပြီးအသည်ဝန်ကြီး အဖြစ်ချီးမြှင့်ခံရပြီး ဇလွန်မြို့ကိုစားရတယ်။
အဲဒီနောက်မှာ နတ်သျှင်နောင်ဘွဲ့၊ ပဒေသရာဇာဘွဲ့၊ မြို့တွင်းရှင်ဘုရင်ဘွဲ့တို့ ချီးမြှောက်ခံရတယ်၊ ဒါ့ကြောင့် ဝန်ကြီးပဒေသရာဇာလို့ အမည်တွင်တယ်။
ဝန်ကြီးပဒေသရာဇာရဲ့ တံတျာတေရှင်ပုဇင်းတောင်သံကြိုးဟာမြန်မာဂီတမှာ အရေးပါတာအခုထိသက်သေခံနေတယ်၊ပြီးတော့ သူဇာပျို့ ယဉ်လွန်း၊ နုလွန်းတဲ့အရာမှာ သူဇာပျို့က စံအဖြစ်ရှိနေတုန်းပဲ၊ ဇင်းမယ်ပဏ္ဍာသတွေကိုနှစ်သက်ပြီးပြန်ရေးကြတဲ့ အီနောင်၊ သမုဒ္ဓဃောသ၊ ဝိဇယကာရီ၊ဣန္ဒာဝံသ အစရှိတဲ့ဇာတ်တွေက ဝန်ကြီးပဒေသရာဇာရဲ့ မဏိကက်ပြဇာတ်ရဲ့နောက်မှာ နှစ်တစ်ရာကျော်နောက်ကျပြီး မဏိကက်ပြဇာတ်ကို အတုယူကြရတယ်။
ဝန်ကြီးပဒေသရာဇာက မဏိကက်ပြဇာတ်၊ သူဇာပျို့၊ မဏိကက်ပျို့၊ကျေးဇူးတော်ပျို့၊ ယိုးဒယားသံရောက်ပျို့၊ ကုမ္မာဘယပျို့၊သမုဒ္ဒဃောသပျို့၊ မနော်ပျို့၊ တောထွက်ခန်းပျို့၊ ဒန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊မဟာပတိပျို့၊ နမောလင်္ကာပျို့၊ ဆန္ဒပြန်ပျို့တို့အပြင် ဧချင်းများ၊ ရတုများ၊သီချင်းများ၊ တျာချင်းများ များစွာရေးဖွဲ့ချန်ထားခဲ့တယ်။
ညောင်ရမ်းခေတ်က မြန်မာစာပေသမိုင်းမှာ စာပေသစ်တွေအပေါ်ထွန်းဆုံးကာလပဲဖြစ်တယ်၊ ရှေးကရေးဖွဲ့ခဲ့လေသမျှ နန်းတော်တွင်းမြင်ကွင်းများ၊ ဘုရားဟောဇာတ်နိပါတ် အဌကထာများ၊ ဘုရင်ဘုန်းတော်ဘွဲ့များ ဘုရင့် သမီးတော်များကိုရေးဖွဲ့ရတဲ့အကြောင်းအရာတွေပဲ ဖြစ်ခဲ့တော့ ရတု၊ ဧချင်း စတဲ့ပုံသဏ္ဍာန်တွေနဲ့ပဲရေးဖွဲ့ခဲ့ရာကနေ၊ တောသူတောင်သား သာမာန်အသည်သားတွေ အကြောင်းနဲ့ သူတို့ရဲ့ ဘဝပတ်ဝန်းကျင်ကို ရေးဖွဲ့လိုတဲ့ အကြောင်း အရာကနေတောင်းဆိုလို့ ပေါ်ပေါက်လာတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့အိုင်ချင်းဆိုတဲ့ ရေးဖွဲ့မှုပုံသဏ္ဍာန်အသစ်ပေါ်ထွက်လာခဲ့တယ်၊ မိန်မပျိုသူငယ်ချင်း အချင်းချင်း တ ခေါ်ပြီး ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောက်မတို့ရေနဲ့ အစချီပြီး ကင်းကိုဘယ်ကထားသလဲတော်၊ ညှင်းကိုဘယ်ကပွားသလဲတော် ဆိုတာမျိုးရေးဖွဲ့မယ်၊ ဝါဆိုငယ်မှ ဝါဦးမြေနူးနူးကာလမှာ သူ့ကို လာတောင်း လှည့်ပါပြောမယ်၊ နတ်ခရိုင်နဲ့ဈေးဆိုင်နဲ့ သူ့အိမ်ကိုညွှန်းချင်ညွှန်းမယ်၊ သူတို့ချစ်ခြင်းကို ကွေကွင်းအောင်မွှေတဲ့ ကုန်းတိုက်တဲ့သက်ကြီးရွယ်အို ကြီးတော်တွေကို ရေလိုခမ်းခြောက်ပါစေသားလို့ပြောချင်ပြောမယ်၊ ဘုရားသောက်တော်ရေအိုးထဲက ကျွမ်းထိုးကောင်လေးလို သူ့ယောက်ယက်ခတ်မှုကို ဥပမာပေးချင်ပေးတော့မယ်။
ဒီလိုအကြောင်းအရာတွေကို ရေးဖွဲ့ချင်လို့၊ ဒီမြင်တွေ့မှုလေးတွေကို အာရုံခံရာ ကနေ အိုင်ချင်းဆိုတဲ့ ရေးဖွဲ့မှုပုံသဏ္ဍာန်အသစ် ပေါ်ထွန်းခဲ့တယ်၊ ဒီနေ့မော်ဒန်ကဗျာတွေမှာ နိမိတ်ပုံ၊ နိမိတ်ပုံလို့ အော်ဟစ်နေသံကြားရလိမ့်မယ်၊ ညောင်ရမ်းခေတ် အိုင်ချင်းကဗျာတွေမှာ နိမိတ်ပုံတွေ အပြည့်နဲ့ဖြစ်နေတာလည်းမြင်တွေ့နိုင်တယ်၊ ပျူခေတ်ကလည်း အောက်ဆီဂျင်ရှိတာပေါ့၊ အိုတူးလို့ နာမည်မပေးခဲ့သေးလို့ပဲပြောရမလို ညောင်ရမ်းခေတ်မှာလည်း နိမိတ်ပုံတွေရှိတာပေါ့လို့ပဲပြောရတော့မယ်။
အဲဒီအိုင်ချင်းလိုပဲ အသည်ဝန်ကြီးဆိုတဲ့ စိုက်ပျိုးရေး ဝန်ကြီး ပဒေသရာဇာက နိုင်ငံတစ်နံတစ်လျား စိုက်ပျိုးမြေတွေပေါ်ကိုရောက်မယ်၊ ထန်းတောတွေကို ရောက်မယ်၊ မြစ်ချောင်းအင်းအိုင်တွေကိုရောက်မယ်၊ သူရောက်တဲ့နေရာက အခြေခံလူတန်းစားတွေဖြစ်တဲ့ သာမာန်လူတန်းစားတွေရဲ့ ဘဝကိုမြင်တွေ့စာနာနိုင်မယ်၊ အဲဒီမှာ နန်းတော်ထဲက ခြူးပန်းခြူးနွယ်တွေကိုကျောခိုင်းခဲ့ပြီး ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး ဆိုတဲ့ ထန်းတက်သမား၊ ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး ဆိုတဲ့ လယ်သမား၊ မြဲမြံရွှင်အားကြိုးပါလို့လေး ဆိုတဲ့ တောဆင်ဖမ်းသမား၊ တောင်ပိုင်တက်သမား ပိန်းကောလှေငယ်ရှင်တို့ရဲ့ အကြောင်းအရာတွေက စေ့ဆော်တော့ တျာချင်း ဆိုတဲ့ ပုံသဏ္ဍာန်အသစ်တစ်ရပ်နဲ့ ညောင်ရမ်းခေတ်ရဲ့စာပေသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းပါပဲ။
ဝန်ကြီးရဲ့စာပေအဆင့်အတန်းနဲ့ စိတ်နေမြင့်မားပုံကို နှောင်းပညာရှင်တွေ မှတ်ချက်ပြုပုံက ဝန်ကြီးသည် ဆင်းရဲသားတို့၏ဘဝကို ဂုဏ်လည်းမတင် နှိမ့်လည်းမချ အရှိအတိုင်းသာမှတ်တမ်းတင်ခဲ့လေသည်လို့ ဒေါသကင်းတဲ့ စာဆိုပညာရှင်ကောင်းတစ်ယောက်အဖြစ်၊ ညောင်ရမ်းခေတ်ရဲ့ စာပေသစ် မီးရှုးတန်ဆောင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒါကိုမြင်နိုင်ပါတယ်၊
ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊
ပြီးလျင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။
တစ်ခါ လယ်သမားဖွဲ့အဆုံးမှာလည်း
အလုပ်ကယ် ဧရာသာ၊ ငုံ့ကာလွေးတော့သည်၊
သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။ ဆိုတဲ့ အရေးအဖွဲ့တွေမှာအလွယ်တကူတွေ့နိုင်ပါလိမ့်မယ်။
သက္ကရာဇ် ၁၁၁၆ခုနှစ် အသက် (၇၀) ကျော်၊ သံလျင်တွင် အနိစ္စရောက်သည်ဆိုတဲ့ ဝန်ကြီးပဒေသရာဇာက အင်းဝက လှလွန်းဆွေမင်းသားလို့ခေါ်တဲ့ မဟာဓမ္မရာဇာဓိပတိမင်းကို ဟံသာဝတီကဖမ်းဆီးခေါ်ဆောင်သွားတော့ ပဒေသရာဇ်တို့ရဲထုံးစံအတိုင်း လူပညာရှိ ရဟန်းပညာရှိတွေကိုပါ နှုတ်သိမ်းပြီးခေါ်တာပေါ့၊ အဲဒီမှာ ဝန်ကြီးပဒေသရာဇာလည်း ဟံသာဝတီကို ပါလာရတော့တယ်၊၊ မဟာဓမ္မရာဇာဓိပတိမိသားစုကို ရေမှာချကွပ်မျက်ပြီးတဲ့နောက် ဝန်ကြီး ပဒေသရာဇာကို ရာထူးပေးပါတယ်၊ ဒါပေမယ့်ဝန်ကြီးက နောက်ထပ်အရှင်သခင် ဆီမှာ အမှုမထမ်းလိုတော့တဲ့အတွက် ကျိုက်ခေါက်စေတီမှာပဲ ဘုရားဝေယျာဝစ္စတွေလုပ်ရင်းနဲ့ ဘုရားရိပ်တရားရိပ်မှာပဲ သူ့ရဲ့နောက်ဆုံးအချိန်တွေကို ကုန်လွန်စေခဲ့ပြီး အဲဒီမှာပဲကွယ်လွန်ခဲ့တဲ့အတွက် သံလျင်ကျိုက်ခေါက်စေတီဝတ္တကမြေ အတွင်းမှာပဲ သူ့အုတ်ဂူကိုမြင်တွေ့ရခြင်းပါပဲ။
ဝန်ကြီးရဲ့ အုတ်ဂူရှေ့ကိုရောက်တော့ ဆင်ခြင်မိတာလည်းရှိပါရဲ့ အကြောင်းအရာကတောင်းဆိုမှ ပုံသဏ္ဍာန်ကပေါ်လာရတာမဟုတ်လား မြန်မာစာပေလမ်းကြောင်းမှာလည်း ဒီအတိုင်းပဲအစူအစဉ်လာခဲ့ကြတာပဲ မြန်မာတွေ လွတ်လပ်ရေးကြိုးပမ်းနေကြရတဲ့အချိန်မှာ ဆရာကြီးမင်းသုဝဏ်က လွတ်လပ်ရေးဆိုတာကို မြန်မာတွေမျက်ခြည်မပြတ်ဖို့ မနက်လင်းတာနဲ့ သတိရနေကြဖို့ လွတ်လပ်ရေးဆိုတာကို ရွှေဘိုက အောင်ပန်းဖြစ်တဲ့သပြေညိုဆိုတဲ့ပန်းနဲ့နှိုင်းပြီး သူ့ခေါင်းမှာတဲ့သပြေညို ငါ့ခေါင်းမှာတဲ့သပြေညိုဆိုတဲ့ကဗျာနဲ့ ခေတ်စမ်းဆိုတဲ့အရေးအဖွဲ့ ပုံသဏ္ဍာန်ကို ရန်ကုန်တက္ကသိုလ် ဝရံတာကနေချိတ်ဆွဲလိုက်သူတွေဟာ ဆရာမင်းသုဝဏ်နဲ့ ဆရာဇော်ဂျီတို့ မဟုတ်လား၊ ဒီတော့လည်း ကျွန်တော်တို့ ဒီနေ့မျက်မှောက်မှာ ပေါ်ပေါက်ခဲ့တဲ့ ပုံသဏ္ဍာန်တွေက အကြောင်းအရာက တောင်းဆိုလို့ ဟုတ်ပါရဲ့လားဆိုတာကိုပါ။
မျိုးဆွေသန်း
Discussion about this post