ကျားဖြူဟာ albino ရောဂါခံစားရတဲ့ ကျားမဟုတ်သလို ကျားအမျိုးအစားကွဲတခုလည်းမဟုတ်ပဲ ဘင်္ဂလားကျားတွေသာဖြစ်ပါတယ်။ ပုံမှန်ကျားတွေနဲ့မတူတာကတော့ အဖြူရောင်ဖြစ်စေမယ့် ဗီဇမျိုးစေ့ ပါဝင်လာခဲ့လို့ ဖြစ်ပါတယ်။ ကျားဖြူလို့သာခေါ်ပေမယ့် အဖြူရောင်ပေါ်မှာ အညို (သို့) မီးခိုးရောင်အစင်းတွေ ရှိနေပြီး အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်။ အိန္ဒိယမှာပဲ အများဆုံးတွေ့ရလေ့ရှိလို့ အိန္ဒိယ ကျားဖြူလို့ ခေါ်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံက ရခိုင်ရိုးမဒေသမှာ တချိန်က ဒီကျားဖြူတွေ ရှိခဲ့ပေမယ့် ယခုအခါမှာတော့ တွေ့ရခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
အိန္ဒိယက မက်ယာပဒေ့ရှ် ၊ အာသံ ၊ အနောက်ဘင်္ဂလား ၊ ဘီဟာ နဲ့ အိုဒီရှာ ပြည်နယ်တွေမှာ ကျက်စားခဲ့ကြတယ်လို့သိရပါတယ်။ ဒီကျားတွေဟာ ပုံမှန်ကျားတွေထက်စာရင် ကြီးထွားမှုနှုန်းပိုမြန်ကာ ၂နှစ် နဲ့ ၃နှစ်ကြားမှာတင် အရွယ်ရောက်ပြီး ခန္ဓာကိုယ်အလျား ၁၀ ပေ ဝန်းကျင်ခန့် ရှိတတ်သလို အလေးချိန်အားဖြင့်တော့ ၄၄၀ပေါင် ကနေ ၅၁၀ ပေါင်အထိ ရှိတတ်ပါတယ်။ အခြားကျားတွေလိုပဲ ခန္ဓာကိုယ်ပေါ်က အစင်းတွေကတော့ တကောင်နဲ့ တကောင်တူညီခြင်းမရှိပဲ မျိုးစုံ ရှိတတ်ပါတယ်။
ဒီလို အရောင်ပုံမှန်မဟုတ်တဲ့ ကျားဖြူတကောင်မွေးလာဖို့ ဆိုတာ မွေးဖွားမှု အကြိမ် ၁သောင်းခန့်မှာ ၁ကြိမ်လောက်ပဲ ဖြစ်နိုင်မှာပါ။ ခန့်မှန်းချက်တွေအရတော့ တကမ္ဘာလုံးမှာဆိုရင်တော့ ကျားဖြူအရေအတွက်ဟာ ကောင်ရေ ရာဂဏန်းသာ ရှိတော့တာဖြစ်ပြီး အိန္ဒိယမှာတော့ ကောင်ရေ ၁ရာဝန်းကျင်ခန့် ရှိနေပါသေးတယ်။ ကောင်ရေလျော့သထက် လျော့ကျလာမှုကြောင့် မျိုးတုံးဖို့ စိုးရိမ်ရတဲ့စာရင်းထဲမှာ ပါဝင်နေပါတယ်။ သူ့ရဲ့အရောင်ထူးခြားမှုကြောင့် ကျားဖြူတွေဟာ နိုင်ငံတကာက တိရစ္ဆာန်ဥယျာဉ်တွေမှာ ရေပန်းစား လူအကြည့်များတဲ့ ကျားအမျိုးအစားလည်းဖြစ်ပါတယ်။
တိရစ္ဆာန်ရုံတွေနဲ့ မွေးမြူရေးစခန်းတွေမှာ ရှိနေတဲ့ ကျားဖြူအများစုကတော့ ၁၉၅၁ ခုနှစ်က အိန္ဒိယနိုင်ငံ ရေ၀ Rewa ဒေသမှာ ကျားဖြူလေးတကောင်ကို စတင်တွေ့ရှိရာကနေ ဖြစ်လာတာပါ။ ရေဝမဟာရာဇာဟာ အဲဒီကျားဖြူလေးကို မိုဟန်လို့ အမည်ပေးခဲ့ပြီး အကြိမ်ကြိမ်သားစပ်ရာကနေ နောက်ထပ်ကျားဖြူတွေကို ရရှိလာတာဖြစ်ပါတယ်။ ကျားတွေကို မူလအရောင်ကနေ အဖြူရောင်ဖြစ်အောင် အတင်းဖန်တီးယူခြင်းရဲ့ ရလာဒ်ကတော့ ပုံမှန်ကျားတွေထက်စာရင် အသွင်အပြင် နဲ့ ကျန်းမာရေးဆိုင်ရာလက္ခဏာတွေမှာ ထိခိုက်စွာ ဆိုးရွားသွားစေပါတယ်။ ဒီလိုကျားဖြူတွေမှာတော့ အတွင်းအင်္ဂါပုံမမှန်တာတွေ ၊ ကြောရိုးမညီတာတွေ ၊ စွမ်းဆောင်ကြံ့ခိုင်မှုနည်းပါးတာတွေ ၊ ပုံမှန်ထက်သက်တမ်းတိုတာတွေဖြစ်သွားတာကြောင့် ထပ်မံပြီး ကျားဖြူတွေကို သားစပ်ခြင်းမပြုကြဖို့ အမေရိကန်သတ္တဗေဒ အသင်းကြီးက တားမြစ်ထားပါတယ်။
ကျားဖြူတွေဟာ အလွန်ထူထပ်တဲ့ အပူပိုင်းသစ်တောတွေ ၊ ဒီရေတော နဲ့ သစ်တောအတွင်းက စွတ်စိုတဲ့နေရာတွေ ၊ မြက်ခင်းထူထပ်တဲ့နေရာတွေမှာ နေထိုင်ကျက်စားလေ့ရှိကြပါတယ်။ သစ်တောတွေ နဲ့ မြက်ခင်းထူထပ်တဲ့ ဧရိယာတွေမှာ ဆိုရင်တော့ သူတို့ရှိနေရင်တောင် အလွယ်တကူ မြင်နိုင်ဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ခန္ဓာကိုယ်အရောင်က ပတ်ဝန်းကျင်နဲ့ တသားတည်းလိုဖြစ်နေပြီး ကိုယ်ရောင်ဖျောက်ပေးသလို ဖြစ်နေလို့ပါ။
အခြားကျားမျိုးစိတ်တွေလိုပဲ ကျားဖြူတွေဟာလည်း အများအားဖြင့် တကောင်ချင်းစီနေတတ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ ပုန်းရှိုးကွယ်ရှိုးနေတတ်လေ့ရှိပြီး သစ်တောတွေထဲက သူတို့ရဲ့သားကောင်တွေကို ချောင်းမြောင်းဖမ်းဆီး စားသောက်တတ်လေ့ရှိပါတယ်။ ညအခါမျိုးမှာပဲ အမဲလိုက်လေ့ရှိပြီး အမှောင်ထဲမှာ အမဲလိုက်ရတာဟာ သူတို့အတွက် အခွင့်အလမ်းပိုကောင်းပါတယ်။ အမြင်အာရုံစူးရှပြီး အကြားအာရုံလည်း အလွန်ကောင်းကြပါတယ်။ ကျားဖြူတွေဟာ ပုံမှန်ကျားတွေလိုပဲ သူတို့ရဲ့ကိုယ်ပိုင်ကျက်စားရာ နယ်မြေနယ်နိမိတ်ကို သူတို့ရဲ့ဆီး ဒါမှမဟုတ် သစ်ပင်တွေမှာ ကုတ်ခြစ်ရာတွေနဲ့အတူ ပြသထားတဲ့အကျင့်ရှိပါတယ်။
ကျားဖြူတကောင်ဟာ အများအားဖြင့်တော့ ၇၅မိုင်ပတ်လည်အတွင်းမှာပဲ လှည့်လည် ကျက်စားလေ့ရှိပါတယ်။ မိတ်လိုက်ရာသီကလွဲလို့ တကိုယ်တည်းသာ နေတတ်ကြပြီး သူတို့ရဲ့ပိုင်နက်အတွင်းကို အခြားကျားတွေရောက်ရှိလာရင်တော့ ပြင်းထန်စွာ ခုခံတိုက်ခိုက်လေ့ရှိကြပါတယ်။ ကျားဖြူမတွေဟာ ၃လခွဲကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက်မှာတော့ ကျားအကောင်ပေါက်ကလေး ၅ကောင်ထိ မွေးဖွားနိုင်ကြပါတယ်။ ဒီကျားပေါက်လေးတွေဟာ မျက်စိမမြင်ကြပဲ အရွယ်အစားအားဖြင့်လည်း ၂.၂ပေါင် ဝန်းကျင်ခန့်သာ ရှိတတ်ပါတယ်။ ကျားမကြီးဟာ ကျားကလေးတွေကို ၄လမတိုင်မီအထိ နို့သာတိုက်ကျွေးပြီး ၄လနောက်ပိုင်းမှာတော့ အစာပြောင်းကျွေးလေ့ရှိပါတယ်။ အဲဒီနောက်တော့ မိခင်ကျားမကြီးနဲ့အတူ အမဲလိုက်လေ့ရှိကြပြီး ၁နှစ်ခွဲခန့် အချိန်ရောက်မှာတော့ တကိုယ်တည်း သီးခြားစီ နေထိုင်ကြပါတော့တယ်။
ကျားဖြူတွေဟာ ၁နာရီကို မိုင် ၆၀ အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ကြပါတယ်။ ပျမ်းမျှသက်တမ်းအားဖြင့်တော့ ၁၀ နှစ်ကနေ အနှစ် ၂၀ အထိသာ ရှင်သန်နိုင်ကြပါတယ်။ သစ်တောတွေထဲမှာ ကျားဖြူတွေကို မတွေ့ရတော့တာ ၁၀စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ကျားတွေ အဓိက ရှားပါးကာ ကောင်ရေလျော့ကျလာခဲ့ခြင်း အကြောင်းကတော့ လူသားတွေကြောင့်ဖြစ်ပါတယ်။ လူသားတွေဟာ စိုက်ပျိုးရေး နဲ့ နေထိုင်မှုတို့အတွက် သစ်တောနယ်မြေချဲ့ထွင်လာကြတဲ့အပြင် ကျားဖြူတွေရဲ့အလှအပကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက ဖမ်းဆီး ၊ အမဲလိုက်ကြရာကနေ ကျားဖြူတွေဟာ ပျောက်ကွယ်လုနီးပါး ရှားပါးသွားခဲ့ရတာဖြစ်ပါတယ်။
Discussion about this post