ကျားသစ်များဟာ ကြောင်ကြီးမျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး စုစုပေါင်း ကျားသစ်အမျိုးအစား ၉ မျိုးခန့် ရှိပါတယ်။ အဲဒါတွေကတော့ အာဖရိကကျားသစ် ၊ အာရေးဘီးယန်းကျားသစ် ၊ အိန္ဒိယကျားသစ် ၊ သီရိလင်္ကာကျားသစ် ၊ ဂျာဗားကျားသစ် ၊ အာမာကျားသစ် ၊ အင်ဒိုချိုင်းနားကျားသစ် ၊ တရုတ်မြောက်ပိုင်းကျားသစ် နဲ့ ပါရှားကျားသစ် တို့ ဖြစ်ပါတယ်။ ကျားသစ်များဟာ အာဖရိက တဝှမ်းလုံး (ဆာဟာရ သဲကန္တာရ မှလွဲ၍) နှင့် အာရှတိုက် တောင်ပိုင်းတွင် နေထိုင်ကြပါတယ်။
ကွဲပြားတဲ့နေရာဒေသအမျိုးမျိုးနှင့် ရာသီဥတုအမျိုးမျိုးဖြစ်တဲ့ မိုးသစ်တောများ ၊ ကမ်းရိုးတမ်းဒေသထနောင်းတောများ ၊ သစ်တောများ ၊ ကန္တာရရွံ့အိုင်များ ၊ ဆာဗားနားမြက်ခင်းပြင်များ နှင့် တောင်တန်းဒေသများတွင်တွေ့နိုင်ပါတယ်။ သို့သော်လည်း နေရာဒေသဆုံးရှုံးမှုများနှင့် စည်းကမ်းမဲ့အမဲလိုက်ခြင်းများကြောင့် ကျားသစ်အရေအတွက်များ အလွန်ကျဆင်းနေပါတယ်။
ကျားသစ်အမျိုးအစားများထဲမှ Amur ကျားသစ်မျိုးစိတ်ဟာ အကောင် ၃၀ ခန့်သာ ကျန်ရှိတော့ပြီး မျိုးတုန်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရပါတယ်။ ကျားသစ်များဟာ ပျမ်းမျှအားဖြင့် အလျား ၃၆ လက်မ မှ ၇၄ ဒသမ ၄ လက်မအထိရှိနိုင်ပြီး အလေးချိန်ဟာ ၄၆ ပေါင်မှ ၁၆၅ ပေါင်အထိရှိနိုင်ပါတယ်။ အထီးများဟာ အမများထက် ၃၀%ခန့် အရွယ်အစားပိုကြီးကြပါတယ်။
ကျားသစ်ခန္ဓာကိုယ်ကနှင်းဆီပွင့် ပုံသဏ္ဍန်အဝါ သို့ ရွှေရောင်အမွှေးများဖြင့်ဖုံးထားပြီး မျက်နှာ ၊ ဗိုက်သားနှင့် ခြေလက်များကိုတော့အမဲစက်များဖြင့်ဖုံးထားပါတယ်။ အချို့ကျားသစ်များတွင် အမဲရောင်အမွှေးများရှိပြီး အကွက်များကို မမြင်ရတော့လောက်တဲ့အထိဖြစ်ပါတယ်။ ကျားသစ်များဟာ ကြီးများတဲ့ ဦးခေါင်းခွံ ၊ သန်မာတဲ့ကြွက်သားများ၊ တိုသောခြေတံများ နှင့် ရှည်လျားသောအမြီးများရှိသည့်အတွက် သစ်ပင်တက်နိုင်ပြီး အမဲလိုက်သည့်အခါ ဦးတည်ဘက်ကို အလျင်အမြန်ပြောင်းနိုင်ပါတယ်။
ရေကူးရာတွင်အလွန်ကျွမ်းကျင်တဲ့ တိရစ္ဆာန်များဖြစ်ပြီး ခုန်ရာတွင်လည်းမြန်ဆန်ပါတယ်။ ကျားသစ်များဟာ အလျားလိုက် ပေ ၂၀ ခုန်နိုင်ပြီး အမြင့် ၁၀ ပေခုန်နိုင်ကြပြီး တစ်နာရီကို ၃၆ မိုင် အမြန်နှုန်းနဲ့ပြေးနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့အမြင်အာရုံနှင့်အနံ့ခံအာရုံများရှိသည့်အတွက် ညဘက်တွင်သားကောင်ကိုရှာဖွေနိုင်ပါတယ်။ သူတို့ရဲ့အဓိက သားကောင်များမှာ ဂဇဲဆိတ် ၊ တောဆိတ် ၊ မျောက်၊ရှဉ့် ၊ ငါး ၊ မြွေနှင့် ဖြူးကောင်များဖြစ်ကြပါတယ်။ ရေအနည်းငယ်သာသောက်ပြီး ရေဓာတ်အများစုကို အမဲလိုက်ရာမှရရှိတဲ့သားကောင်များထံမှရယူပါတယ်။
ကျားသစ်များဟာ ချောင်းမြောင်းတိုက်ခိုက်သော သတ္တဝါများဖြစ်ပြီး သားကောင်၏လည်ပင်းကို အဓိကထား၍တိုက်ခိုက်ပါတယ်။ သစ်ပင်များတွင်အများဆုံးအချိန်ကုန်ဆုံးလေ့ရှိပြီး ခြင်္သေ့နှင့်တောခွေးများအန္တရာယ်မှကာကွယ်ရန်အတွက် အစားအစာများကို သစ်ပင်ပေါ်တွင်သိုလှောင်ကြပါတယ်။ ကျားသစ်များဟာ သတ်မှတ်ထားတဲ့ပိုင်နက်မှာ အများအားဖြင့် တစ်ကောင်တည်းနေသော သတ္တဝါဖြစ်ပြီး သူတို့ရဲ့ပိုင်နက်ကို ကျင်ငယ် သို့မဟုတ် လက်သည်းဖြင့်သစ်ပင်များပေါ်တွင်မှတ်သားထားကြပါတယ်။
ကျားသစ်များဟာ တစ်နှစ်ပတ်လုံးမိတ်လိုက်နိုင်ပြီး အမများဟာ သူတို့ရဲ့သားသမီးကိုကာကွယ်ရန်အတွက်များပြားတဲ့ကျားသစ်ထီးများနဲ့ မျိုးပွားကြပါတယ်( ကျားသစ်ထီးများဟာ သားပေါက်အားလုံးက၎င်း၏သားများဖြစ်တယ်လို့ယုံကြည်ကြတဲ့အတွက် အန္တရာယ်ပြုခြင်းမရှိတော့ပါဘူး)။ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ အနည်းဆုံး ၃ လကြာမြင့်တက်ပြီး ၂ ကောင်မှ ၃ ကောင်မွေးဖွားကြပါတယ်။ သားပေါက်များဟာ မွေးစကမျက်စိမမြင်ရပါဘူး။ ၎င်းတို့ဟာ မိခင်နို့ရည်ပေါ်မူတည်ပြီး ၂ လနှင့် ၃ လအကြားတွင် အသိုက်ထဲမှထွက်ပါတယ်။
ငယ်ရွယ်တဲ့ကျားသစ်များဟာ အမဲလိုက်ခြင်းကို မိခင်ဆီမှသင်ယူပြီး ၂ နှစ်အရွယ်ရောက်တဲ့အခါမှာတော့ တစ်ကောင်တည်းနေထိုင်ရန် အဆင်သင့်ဖြစ်တဲ့အရွယ်သို့ရောက်ရှိပြီဖြစ်ပါတယ်။ မျိုးပွားခြင်းများကိုလည်း ၂ နှစ်နှင့် ၃ နှစ်ကြားစတင်ပါတယ်။ ကျားသစ်များဟာ အများအားဖြင့် ၁၂ မှ ၁၇ နှစ်အထိအသက်ရှင်နိုင်ပြီး ဂရုတစိုက်ထိမ်းသိမ်းတဲ့ တိရစ္ဆာန်ရုံတွေထဲမှာတော့ ၂၃ နှစ်အထိအသက်ရှင်နိုင်ပါတယ်။
Ref:
Soft School Facts
Wikipedia
Discussion about this post