နနွင်း၏ မျိုးရင်းအမည်မှာ Zingiberaceae (ချင်းမျိုးရင်း) ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Curcum longa linn ဖြစ်ပါသည်။ အခေါ်အဝေါ်များမှာ မြန်မာအမည် နနွင်း၊ အင်္ဂလိပ်အမည် Tumeric ကချင်အမည် Namchying ဟူ၍ ခေါ်ဝေါ်ကြသည်။
ပုံသဏ္ဍာန်မှာ အပင် ရွက်ယောင် ပင်စည်ဖြစ်ပြီး ၄-၅ ပေခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥများ ရှိသည်။ မြစ်ဥ အတွင်းသား တောက်ပသော အရောင်ရှိသည်။ နနွင်းအမျိုးအစား ၇ မျိုးရှိသည့် အနက် ဆေးဖော်စပ်ရာ၌ ဤနနွင်း ရိုးရိုးကိုသာလျှင် ဆေးဖတ်အဖြစ် အမျိုးမျိုးအသုံးပြု၏။
ရွက်ညှာသည် ရွက်ပြားနှင့် အလျားညီ၏။ ရွက်ညာရင်းမှ ရွက်ပြားထိပ်ထိ အမြှောင်းပါသည်။ ရွက်ပြားရှည် မျောမျောပုံ ဖြစ်ပြီး အဖျားချွန်ကာ အရင်းသွယ်သည်။ အဖျားညီသည်။ ရွက်ကြောများ အလွန်ထင်ရှားသည်။ အပွင့်သည် အဝါနုရောင် ရှိပြီး ဆိပ်ဖူးပွင့်နှင့် တူသည်။ ဝါဆို ဝါခေါင်လများတွင် ပွင့်သည်။
၁။ ပေါက်ရောက်သည့် ဒေသ
မြန်မာနိုင်ငံ နေရာ အနှံအပြားတွင် ပေါက်ရောက်သည်။ မြန်မာပြည်အထက်ပိုင်း တောတောင်များ၌ သဘာဝ အလျောက်ပေါက်ရောက်သည်။ ကူးသန်းရောင်းဝယ်ရေး အတွက် စိုက်ခင်းများ တည်ထောင်၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးပုံမှာ ဂျင်းပင်ကဲ့သို့ စိုက်ပျိုးရသည်။ အသုံးပြုသည့် အစိတ်အပိုင်းမှာ ဥတက် ကို အသုံးပြုကြသည်။
၂။ အာနိသင်
မြန်မာ့ဆေးကျမ်းများ အလိုအရ နနွင်းသည်ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ ရှိ၏။ ကိုယ်ရေနွေစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေ ရောဂါကို ပျောက်ကင်းစေ၏။
၃။ အသုံးပြုပုံ
နနွင်းသည် ရောဂါအမျိုးမျိုးကို ပယ်နိုင်၍ အသက်ရှည်စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေးအမျိုးမျိုး၊ မျက်စိဆေးအမျိုးမျိုး၊ ဒူလာဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ မှိုင်းဆေးအမျိုးမျိုး ဖော်စပ်ရာတွင် အသုံးပြုသည်။
နနွင်းကောင်းကျိုးအဖြာဖြာ
၁။ ဘေးထွက်ဆိုးကျိုးကင်းတဲ့ နနွင်း
နနွင်းရဲ့ အကောင်းဆုံးအားသာချက်တစ်ခုက ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး။
၂။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျှော့ကျစေတဲ့ နနွင်း
အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကုသနိုင်သလို မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာရေးနဲ့ လေဖြတ်မှု ဖြစ်ပွားတာကနေ ကာကွယ်ပေးနိုင်ပါတယ်။
၃။ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ နနွင်း
ဆား (Himalayan Salt) ၁ဆ နဲ့ နနွင်း ၂ ဆ နဲ့ရောပြီး ရေအနည်းငယ်ရောပါ။ အဲဒီနောက် နာကျင်နေတဲ့ နေရာကိုလိမ်းပေးပြီး မိနစ် ၂၀ ခန့် ထားပါ။ အခုလို နေ့တိုင်းပြုလုပ်ပေးရင် အဆစ်အမြစ်နာကျင်ကိုက်ခဲတာ ပျောက်ကင်းသွားပါလိမ့်မယ်။ နနွင်းကြောင့် အရေပြားမှာ အဝါရာင်စွန်းထင်း ကျန်ခဲ့ပေမဲ့ အဲဒါက ရောင်ရမ်းတာကို သက်သာစေမှာပါ။
၄။ အသေးစားထိရှတာတွေနဲ့ ထိခိုက်ဒဏ်ရာတွေအတွက် ပိုးသတ်ဆေး
ရှမိတဲ့နေရာနဲ့ ထိခိုက်မိတဲ့နေရာကို ဆေးကျောပြီး နနွင်းလိမ်းပေကာ အနာကို ပတ်တီးနဲ့ စည်းပေးထားပါ။
၅။ အစာအိမ်နာတာကို သက်သာစေတဲ့ နနွင်း
နနွင်းကိုစားသုံးတာဟာ အစာအိမ်နာတာကိုသက်သာပျောက်ကင်းစေပါတယ်။
၆။ အစာအိမ်အချည်ပေါက်ပျောက်ဆေး (Antacid) နနွင်း
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေခွက် ၄ ခွက်လောက် ထည့်ပြီး ဆူအောင်တည်ကာ အစာမကြေလို့ ရင်ပူတာတွေအတွက် သောက်သုံးနိုင်ပါတယ်။
၇။ ဗောက်ပျောက်တဲ့ နနွင်း
အုန်းဆီနဲ့ နနွင်းကိုရောပြီး ဦးရေပြားပေါ် လိမ်းထားပေးပါ။ ၁၅မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပေးပါ။
၈။ အသားအရေဝင်းလဲ့တောက်ပစေတဲ့ နနွင်း
နနွင်း လက်ဖက်ရည်ဇွန်း ၃ ချိုး ၁ ချိုး၊ ကြက်ဥ (၁) လုံး၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ချိုး ၁ချိုး ရောစပ်ပြီး မျက်နှာပေါ်လိမ်းပါ။ မိနစ် ၂၀ လောက်ထားပေးပြီး ရေဆေးချပါ။
၉။ နေလောင်ဒဏ်ကိုသက်သာစေတဲ့ နနွင်း
နေလောင်ထားတဲ့ အသားရေအတွက်ကတော့ နနွင်းနဲ့ ရှားစောင်းလက်ပက်ကိုရောပြီး လိမ်းပေးလိုက်ရုံပါပဲ။
၁၀။ သွားဖြူစေတဲ့ နနွင်း
နနွင်းကို သွားကလေးတွေ ဖြူဖွေးသန့်စင်သွားဖို့ အသုံးပြုနိုင်ပါတယ်။ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောပြီး သွားတွေကိုလိမ်းပေးပါ။ အဲဒီနောက် သွားတိုက်ပေးပါ။
၁၁။ တင်းတိတ်၊ဝက်ခြံနဲ့ မျက်နှာပေါ်က အနီစက်တွေကို ပျောက်းကင်းစေတဲ့ နနွင်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေလက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ် လိမ်းထားပေးပါ။ ၃ မိနစ်လောက်ထားပြီး ရေဆေးချပါ။
၁၂။ ဟင်းပွဲတွေမှာ ထည့်သုံးပါ
နနွင်းကို အသားဟင်းချက်ရာမှာ အရောင်တင်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးနိုင်သလို ကြက်ဥကြော်ရာမှာ ထည့်သုံးရင်လည်း အရသာပိုကောင်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြိုက်တဲ့ ဟင်းလျာတွေမှာလည်း အဆင်ပြေသလို သုံးနိုင်ပါတယ်။
မြန်မာ့ဆေးဝါးပင်များ
ဒါလီကို(healthnfood)
Discussion about this post