ကမ္ဘာမြေရဲ့ကောင်းကင်ယံဟာ ကြယ်ရောင်စုံများစွာရဲ့ထွန်းလင်းတောက်ပရာ အရပ်ဖြစ်ပါတယ်။ ကြယ်တွေရဲ့တည်နေရာအရ အချို့ကလည်းကမ္ဘာမြေနဲ့ အနီးကပ်ဆုံးနေရာမှာ တည်ရှိနေပြီး အချို့ကလည်းအတော်ကွာဝေးတဲ့နေရာမှာတည်ရှိနေကြတာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ကကြည့်ရင်တော့ ကြယ်တွေအားလုံးဟာ ယေဘုယျအားဖြင့် တူညီစွာ ထိန်လင်းနေကြတယ်လို့ ထင်ရပေမဲ့ အမှန်တော့သူတို့တစ်ခုချင်းစီရဲ့အရွယ်အစား၊အရောင်၊ဒြပ်ထု၊ရောင်စဉ်တန်း တွေဟာ မတူညီကြပါဘူး။
ဒါအပြင်ကြယ်တွေမှာပါဝင်တဲ့ magnitude( ကြယ်တစ်လုံး ရဲ့ တောက်ပမှုဒီဂရီ) ဟာလည်းကြယ်တွေရဲ့အလင်းထုတ်လုပ်မှုကိုကွဲပြားစေပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာ့ကောင်းကင်ယံပေါ်မှာမြင်တွေ့နေရတဲ့ ကြယ်တွေ အနက်က အလင်းလက်ဆုံး အတောက်ပဆုံးကြယ်(၁၀)ခုရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။
(၁၀) Rigel
Orion ကြယ်တာရာအစုအဝေးမှာပါဝင်တဲ့ Rigel အမည်ရကြယ်ဟာ visual magnitude +ဝ.၁၈ လောက်ကိုပိုင်ဆိုင်ထားပြီး အလွန်ကြီးမားတဲ့ Rigel A လို့သိကြပါတယ်။ ယင်းကြယ်ကြီးဟာ တဖြည်းဖြည်းနဲ့အရောင်တောက်ပစွာထိန်လင်းတတ်ပြီး အခြား ကြယ်အစုအဝေးတွေနဲ့တည်ရှိပါတယ်။ ဒီ Rigel ကြယ်ကို မြန်မာမှာတော့ မောင်ရင်ဆိုင်းထမ်းကြယ်တာရာက ခွန်ဆန်လောကြယ် လို့ ခေါ်ပါတယ်။
Rigel ရဲ့မိတ်ဖက်ကြယ်တွေကတော့ Rigel Ba ၊ Bb နဲ့ C တို့ဖြစ်ကြပြီး နေစကြဝဠာကနေဆိုရင်တောင် အလင်းနှစ်(၈၆၀)လောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။ နက္ခတ်ပညာရပ်ဆိုင်ရာလေ့လာမှုနယ်ပယ်မှာတော့ Rigel ကို Type B8 ထဲကိုထည့်ရမှာဖြစ်ပြီး ယင်းကြယ်ကို ကမ္ဘာမြေပေါ်ကမြင်နိုင်တဲ့လတွေ ကတော့ အောက်တိုဘာနဲ့ မတ်လအကြားကာလတွေမှာဖြစ်ပါတယ်။
(၉) Procyon
Procyon ဟာ Canis Minor ကြယ်တာယာအုပ်စုအတွင်းမှာရှိတဲ့အရေးပါတဲ့ကြယ်တစ်လုံးဖြစ်ပြီး တောက်ပမှုအတိုင်းအတာပမာဏ (+ဝ.၃၄)အထိကိုရှိနေပါတယ်။ ကမ္ဘာ့ကောင်းကင်ယံမှာထိန်လင်းတဲ့ကြယ်တွေအနက်မှာတော့ (၉)ခုမြောက်အလင်းလက်ဆုံးအဖြစ်ရှိနေတဲ့ Procyon ဟာဆိုရင် Procyon A လို့အမည်ပေးထားတဲ့ကြယ်နဲ့ပေါင်းပြီး binary system တစ်ခုအဖြစ်လည်းတည်ရှိနေပါတယ်။
နက္ခတ်ပညာရပ်ဆိုင်ရပ် သတ်မှတ်ချက်တွေမှာတော့ Procyon ဟာ Type F5 ကြယ်အတွင်းမှာပါဝင်ပြီး နေ လောက်တော့ အပူချိန်မမြင့်မားကြပါဘူး။ Procyon ဟာ နေထက်(၂)ဆလောက်ပိုမို ကြီး မားပြီး ကမ္ဘာမြေကနေ အလင်းနှစ် (၁၁) လောက်အကွာအဝေးမှာတည်ရှိနေတာ ဖြစ်ပါတယ်။
(၈) Capella
ကမ္ဘာမြောက်ဝင်ရိုးစွန်းဒေသရဲ့ကောင်းကင်ယံမှာပေါ်ထွန်းလေ့ရှိတဲ့ Capella အမည်ရ ကြယ်ဟာလင်းအထွန်းလင်းဆုံးသောကြယ်တွေစာရင်းမှာပါဝင်လို့နေပါတယ်။ Capella ဆိုတဲ့ဝေါဟာရဟာ လက်တင်ဘာသာစကားကနေဆင်းသက်လာပြီး ဇုနတ်မင်းကို နို့ချို တိုက်ကျွေးတဲ့ဆိတ်ရဲ့အမည်ကိုခေါ်ဆိုတာလို့ ဒဏ္ဍာရီတွေအရသိရပါတယ်။ Capella m Auriga ကြယ်တာရာအုပ်စုအတွင်းက ကြယ်တစ်လုံးဖြစ်ပြီး တစ်စင်းတည်း သာထီးထီးကြီးပေါ်ထွက်လာလေ့ရှိတယ်လို့ အစကသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ Capella နဲ့အတူ အခြားသောကြယ်လေးလုံးဟာလည်းယှဉ်တွဲ တည်ရှိနေကြကြောင်းသိခဲ့ရပြီး ယင်းကြယ်တွေရဲ့အမည်ကတော့ Capella L ၊ Capella H ၊ Capella Aa နဲ့ Capella Ab တို့ဖြစ်ကြပြီး အားလုံးဟာနှစ်ခုတွဲကြယ်စင်ပုံစံမျိုးနဲ့ တည်ရှိနေကြတာဖြစ်ပါတယ်။ Capella Aa နဲ့ Capella Ab တွေရဲ့အရွယ်အစားဟာ ဆိုရင် နေထက် နှစ်ဆကျော်လောက်ကို ပိုမိုကြီးမားကြလို့လည်း ပညာရှင်တွေရဲ့ တွေ့ရှိ မှုအရသိရပါတယ်။ ဒီကြယ်ကိုမြန်မာမှာတော့ ဟင်္သာစလုတ်ကြယ် လို့ခေါ်ပါတယ်။
(၇) Vega
Vega ရဲ့အဓိပ္ပါယ်ကတော့ ထိုးသုတ်ရန်လာနေတဲ့လင်းယုန်ငှက်လို့ သိရပြီး(၅)ခုမြောက် အတောက်ပဆုံးကြယ်တစ်စင်းဖြစ်ပါတယ်။ Lyra ကြယ်တာရာအုပ်စုဝင်ကြယ်တစ်လုံး ဖြစ်ပြီး နေကနေဆိုရင်အလင်းနှစ် (၂၅)လောက်အကွာမှာတည်ရှိလို့နေတာဖြစ်ပါတယ်။ နေနဲ့အနီးဆုံးမှာတည်ရှိတဲ့ ကြယ်တံခွန်တွေအနက်မှာတော့ Vega ဟာအတောက်ပ ဆုံးသောကြယ်ဖြစ်ပြီး နေထက် (၃)ဆလောက်ပိုမိုကြီးမားပါတယ်။
နက္ခတ်ဗေဒပညာရှင် တွေကတော့ Vega ကိုနေထက်ပိုမိုပူပြင်းပြီး သက်တမ်းနုကြယ်တစ်လုံးဖြစ်တာကြောင့် Type A စာရင်းထဲထည့်သွင်းမှတ်သားထားပါတယ်။ နေပြီးရင်တော့ Vega ဟာ ကမ္ဘာ အတွက် ဒုတိယမြောက်အရေးပါတဲ့ကြယ်တစ်လုံးအဖြစ်လည်းသတ်မှတ်ထားကြပါတယ်။ Vega ဟာသူမရှိတဲ့ ဟိုက်ဒရိုဂျင်တွေကို ဟီလီယမ်အဖြစ်လောင်ကျွမ်းခြင်းနည်း နဲ့ကူးပြောင်းပြီး အပူနဲ့အလင်းစွမ်းအင်ကိုထုတ်လွှတ်ပါတယ်။
(၆) Achernar
Achernar ဟာကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းပိုင်းမှာသာ ပီပီပြင်ပြင်တွေ့ရလေ့ရှိတဲ့ Eridanus ကြယ်တာရာအုပ်စုတွင်းပါဝင်နေတဲ့ ကြယ်တစ်လုံးဖြစ်ပြီး Alpha နဲ့ Eridani B လို့အမည် ပေးတဲ့ကြယ်နှစ်လုံးနဲ့ Binary star system တစ်ခုအဖြစ်တည်ရှိနေပါတယ်။ Achernar ဆိုတာကတော့ အာရေဗီဘာသာစကားကနေလာပြီး မြစ်ရဲ့အဆုံးသတ်လို့အဓိပ္ပါယ် သတ်ရောက်ပါတယ်။ Achernar ဟာအပြာရောင်တောက်တောက်အရောင်ရှိကာ အလွန် ပူပြင်းပြီး ကမ္ဘာကနေမြင်ရတဲ့ကြယ်တွေအနက်မှာတော့ နဝမမြောက် အလင်းလက်ဆုံးကြယ်ဖြစ်ပါတယ်။
နက္ခတ်ဗေဒပညာရှင်တွေကတော့ Achernar ကို spectral type B အတွင်းထည့်သွင်းထားရှိပြီးလေ့လာမှုတွေပြုလုပ်လျက်ရှိပါတယ်။ Achernar မှာရှိတဲ့ဒြပ်ထုစုစုပေါင်းဟာ နေရဲ့စုစုပေါင်းဒြပ်ထုရဲ့ (၇)ဆလောက်ကိုပိုမို သိပ် သည်းမှုရှိပြီး နေထက်အဆပေါင်း (၃၁၅၀)လောက်ကို တောက်ပတဲ့အရောင်ရှိနေတယ် လို့သိရပါတယ်။
(၅) Arcturus
ကမ္ဘာမြေကောင်းကင်မှာညအချိန်မှာမြင်တွေ့ရတဲ့ကြယ်တွေအနက်မှာတော့ Arcturus ဟာ (၄)ခုမြောက်အတောက်ပဆုံးကြယ်ဖြစ်ပြီး သူရဲ့မူရင်းကြယ်တာရာအုပ်စု Bootes အတွင်းမှာတော့ အတောက်ပဆုံသောကြယ်တံခွန်ကြီးဖြစ်ပါတယ်။ Arcturus ဆိုတာက တော့ ဂရိဘာသာစကားကနေ ဆင်းသက်လာခဲ့ပြီး ဝက်ဝံတွေရဲ့ကာကွယ်စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရပါတယ်။ Arcturus ဟောနေနဲ့အနီးကပ်ဆုံးသောကြယ်ဖြစ်ပြီး အလင်း နှစ် (၃၆.၇)လောက်သာကွာဝေးပါတယ်။
လိမ္မော်ရောင်သန်းနေတဲ့ကြယ်ကြီးတစ်လုံးဖြစ် ပြီးသူရဲ့ဒြပ်ထုစုစုပေါင်းဟာ နေထက် နှစ်ဆလောက်ကိုရှိနေပြီး အလင်းရောက်တောက် ပမှုပမာဏကတော့ (-ဝ.၀၅) ဖြစ်ပါတယ်။ ကမ္ဘာရဲ့ဝင်ရိုးစွန်းဒေသအားလုံးကနေ Arcturus ကိုမြင်နိုင်ပြီး ပညာရှင်တွေကတော့ type K5 အတွင်းထည့်သွင်းမှတ်တမ်းတင် လေ့လာမှုတွေပြုလုပ်လေ့ရှိပါတယ်။ Arcturus ဟာနေထက်တောင်သက်တမ်းပိုရင့်တဲ့ ကြယ်တစ်လုံးဖြစ်ပြီး နေထက်တော့ပူပြင်းမှုမရှိလှပါဘူး။
(၄) Rigil Kentaurus and Toliman
Rigil Kentaurus and Toliman ကိုတော့ Alpha Centauri လို့လည်းလူသိများကြပြီး နေစကြာဝဋ္ဌာရဲ့အနီးကပ်ဆုံးလို့ဆိုရမဲ့ နေကနေ အလင်းနှစ် (၄.၃၇)လောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။ Rigil Kentaurus and Toliman ကြယ်မှာတော့ အခြားသောကြယ် တွေဖြစ်ကြတဲ့ Alpha Centauri A,B,C ဆိုတဲ့ကြယ်သုံးလုံးနဲ့အတူတည်ရှိနေတာဖြစ်ပါ တယ်။
ယင်းအနက် Alpha Centauri C ကတော့နေနဲ့ အနီးဆုံးဖြစ်ပြီး ပကတိမျက်စိနဲ့ တော့မြင်နိုင်မှာမဟုတ်ပါဘူး။ Alpha Centauri A နဲ့ B တွေသာပကတိမျက်စိနဲ့မြင်နိုင် တဲ့ Visual magnitude (-ဝ.၂၇) ပမာဏရှိကြပါတယ်။ Alpha Centauriဟာ Centaurus ကြယ်တာရာအုပ်စုတွင်းပါဝင်နေတာဖြစ်ပြီး G2V အုပ်စုတွင်းပါဝင်ပါတယ်။ Alpha Centauri ကြယ်တည်ရှိနေတာဟာ နေရဲ့သက်တမ်းနဲ့တူညီမှုရှိမယ်လို့ လေ့လာမှုတွေ အရသိရပါတယ်။
(၃) Canopus
ကြယ်ရဲ့တောက်ပမှုပမာဏ (ဝ.၇၄)အထိရှိနေတဲ့ Canopus ဟာကမ္ဘာကောင်းကင်ယံ မှာတောက်ပတဲ့ ကြယ်တွေအနက်မှာတော့ ဒုတိယမြောက်အတောက်ပဆုံးသော ကြယ် ဖြစ်ပြီး အဓိကတွေ့ရတာကတော့ တောင်ဝင်ရိုးစွန်းဒေသတွေဆီမှာဖြစ်ပါတယ်။
Carinae ၊ Suheil၊ HR 2326 နဲ့ Suhel စတဲ့အမည်များစွာကိုလည်းပိုင်ဆိုင်ထားတဲ့ Canopus ဟာ ကမ္ဘာကနေ အလင်းနှစ်(၇၄)လောက်အကွာမှာတည်ရှိနေပြီး Carinas လို့အမည်ရတဲ့ ကြယ်တာရာအုပ်စုတွင်းမှာပါဝင်ပါတယ်။ နေမှာပါဝင်တဲ့ဒြပ်ထုစုစုပေါင်းရဲ့ (၈)ဆ လောက်ကိုပါဝင်နေတဲ့ Canopus ဟာနေထက်ပိုမိုပူပြင်းကာ နေထက်လည်းသက်တမ်း ပိုရင့်တဲ့ ကြယ်တံခွန်ကြီးဖြစ်ပါတယ်။
(၂) Sirius
Dog Star ၊ Alpha Canis Majoris စတဲ့အမည်တွေကိုပိုင်ဆိုင်ထားတဲ့ Sirius ကြယ်ဟာ ညအချိန်ကောင်းကင်ယံမှာတွေ့မြင်ရတဲ့ကြယ်တွေအနက်မှာတော့ အတောက်ပဆုံး သောကြယ်ဖြစ်ပြီး ကြယ်အလင်းပမာဏ (-၁.၄၆) လောက်ကိုရှိနေပါတယ်။ Sirius ဆိုတဲ့စကားလုံးဟာ ဂရိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီး အလွန်ပူပြင်းတဲ့အပူလုံး (သို့) လောင်ကျွမ်းနေသောမီးလို့အဓိပ္ပါယ်ရပါတယ်။
Sirius နဲ့ အတူ Sirius A နဲ့ Sirius B အမည်ရကြယ်တွေလည်းတည်ရှိနေတာဖြစ်ပြီး Sirius A ဆို ရင်နေရဲ့ဒြပ်ထုပမာဏရဲ့ (၂)ဆလောက်ကိုကြီးမားပါတယ်။ အခြားသောကြယ်တွေထက် ပိုမိုတောက်ပရတဲ့အကြောင်းကတော့ Sirius ဟာ နေစကြဝဠာနဲ့ကပ်လျက်တည် ရှိနေတဲ့အပြင် ကြယ်ရဲ့မူလသဘာဝကိုက တောက်ပတဲ့အဆင်းသဏ္ဍာန်ရှိနေလို့ဖြစ်ပါတယ်။ Sirius ကြယ်ဟာ ကမ္ဘာမှ အလင်းနှစ် ၈.၆ နှစ် အကွာမှာရှိပါတယ်။ ရှေးခေတ် ယဉ်ကျေးမှုများမှာ စီးရီးယပ်စ်ကြယ်ကို အထွဋ်အမြတ်ထားကြပြီး နတ်ဘုရားအဖြစ်ပါ ကိုးကွယ်ခဲ့ကြပါတယ်
(၁) Sun
ကမ္ဘာကနေမြင်ရတဲ့ကြယ်တွေအားလုံးအနက်မှာ အတောက်ပဆုံးကြယ်ကတော့ နေ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးအတွက် အပူနဲ့အလင်းစွမ်းအင်ကိုထုတ်လုပ်ပေးတဲ့ နေရဲ့ အလင်းတောက်ပမှုပမာဏကတော့ (-၂၆.၇၄)အထိရှိနေတာကြောင့် ကမ္ဘာကနေ နေ့ဘက်အချိန်တွေအထိအောင် မြင်နေရတာဟာ ပညာရပ်ရှုထောင့်ကဆိုရင်တော့ အဆန်းတော့မဟုတ်ပါဘူး။ နေဟာ solar system လို့သိကြတဲ့ နေစကြာဝဠာရဲ့ အလယ် မှာတည်ရှိနေတာဖြစ်ပြီး အချင်းမိုင် (၈၆၄၀၀၀)မိုင်ရှိကာ နေစကြာဝဋ္ဌာတစ်ခုလုံးရဲ့ ဒြပ် ထုစုစုပေါင်း (၉၉)ရာခိုင်နှုန်းဟာ နေမှာတည်ရှိနေတာဖြစ်ပါတယ်။
နေဟာဓာက်ငွေ့လုံး ကြီးလို့လည်းဆိုနိုင်ပြီး ဟိုက်ဒရိုဂျင် (၇၃)ရာခိုင်နှုန်း၊ဟီလီယန် (၂၅)ရာခိုင်နှုန်းနဲ့ အခြား (၂)ရာခိုင်နှုန်းလောက်နဲ့ဖြစ်တည်နေတာဖြစ်ပါတယ်။ ကမ္ဘာကနေကြည့်လိုက်မယ်ဆို ရင်နေဟာ အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်စတဲ့ အချိန်ကာလလိုက်ပြီးပြောင်းလဲနေတာဖြစ်ပေမယ့် နေရဲ့မူရင်းအရောင်ကတော့ အဖြူရောင်သာဖြစ်ပါတယ်။ နက္ခတ်ပညာရပ်ဆိုင်ရာလေ့လာမှုနယ်ပယ်မှာတော့ နေကို G2v အတွင်းထည့်ထားပြီးနေရဲ့မျက်နှာပြင် အပူချိန်ကတော့ 5,778 K အထိရှိနေတယ်လို့သိရပါတယ်။