ဓာတ်စက်ကို ဘယ်သူတီထွင်တာလဲ။
ရှေးဦးစွာ တီထွင်ခဲ့တဲ့ ဓာတ်စက်ဆိုတာက ဓာတ်ပြားချပ်နဲ့ ဖွင့်ရတာ မဟုတ်ဘူး။ အပြားမဟုတ်ဘဲ ဆလင်ဒါ (ထုလုံးချွန်) ပုံစံ အချပ်ပြားနဲ့ ဖွင့်ရတာ ဖြစ်ပါတယ်။ အမေရိကန်လူမျိုးဖြစ်တဲ့ သောမတ်စ်အက်ဒီဆင်က ၁၈၇၇ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ ဒန်သတ္ထုကို ဆလင်ဒါပုံစံလုပ်ထားတဲ့ အပြားကို အသုံးပြုခဲ့ပါတယ်။ အသံကို တုန်ခါစေတဲ့ သတ္တုအပြားပေါ်ကို အပ်နဲ့ ထိဆက်စေတဲ့အခါမှာ ဒန်သတ္တုပြားထဲမှာ သိုမှီးထားပါတယ်။ ဒီကိရိယာက အသံသိပ်မပီပြင်ဘူး။
သူက ဒန်သတ္တုအစား ဖယောင်းပြားကို ဆလင်ဒါပုံ ပြုလုပ်ပြီး အစားထိုး ပြုပြင် တိုးတက်စေခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်မှာ ဓာတ်ပြားလေးတွေနဲ့ ဓာတ်စက်ကို အီမလီဘာလင်နာ ဆိုသူ ဂျာမန်လူမျိုးတစ်ဦးက တီထွင်ခဲ့ပါတယ်။ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ ဓာတ်ပြားတွေကို ၁၈၉၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
ကောက်ရိတ်စက်ကို ဘယ်သူတီထွင်ခဲ့သလဲ။
ကောက်ရိတ်စက်တွေနဲ့ ခြွေလှေ့စက်တွေဟာ ကောက်ရိတ်စက် အမျိုးအစား နှစ်မျိုးဖြစ်ပါတယ်။ ရိတ်စက်တွေက ကောက်နှံကို ဆွဲရိတ်တယ်။ ခြွေလှေ့စက်တွေက စပါးစေ့တွေကို ခြွေယူတယ်။ ဒီလုပ်ငန်းနှစ်မျိုးဟာ တံစဉ်နဲ့ ကောက်ဆွဲကို တစ်ပြိုင်တည်း အသုံးပြု ရိတ်သိမ်းခြင်းပုံစံပဲ ဖြစ်ပါတယ်။ ၁၇၈၆ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံမှာ အင်ဒရူးမိုက်ခလေးက ခြွေလှေ့စက်ကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ခြွေလှေ့စက်ထဲမှာရှိတဲ့ အမျှင်ဆွဲစည်ပိုင်းနဲ့ ကောက်နှံက စပါးစေ့တွေကို ပွတ်ယူလိုက်တာ ဖြစ်ပါတယ်။
၁၈၂၆ ခုနှစ်ရောက်တော့ အင်္ဂလန်နိုင်ငံမှာ ပက်စတစ်စ်ဘဲလ်က ကောက်ရိတ်စက်ကို တီထွင်ခဲ့ပြန်တယ်။ ကောက်ရိတ်စက်မှာ ဓားသွားတွေ တပ်ထားတယ်။ ကောက်ပင်တွေကို အတန်းလိုက် ညှပ်လို့ရအောင် တွန်းဖိပြီး ကတ်ကြေးနဲ့ ကိုက်ဖြတ်သလို ဖြတ်ယူခြင်းဖြစ်ပါတယ်။ ဒီစက်က အလုပ်တော့ သိပ်မဖြစ်လှဘူး။ အောင်မြင်စွာ ရိတ်သိမ်းနိုင်တဲ့ ကောက်ရိတ်စက်ကို အမေရိကန်ပြည်ထောင်စုမှာ တီထွင်ခဲ့ပါတယ်။ ၁၈၃၅ ခုနှစ်မှာ အမေရိကန် နိုင်ငံသား Hiram Moore ဆိုသူက တီထွင်ခဲ့ပါတယ်။
အင်ဆူလင်ကို ဘယ်သူရှာဖွေတွေ့ရှိခဲ့တာလဲ။
အက်ဖ်ဂျီဘန်းတင်းနဲ့ စီအေ့ချ်ဘက်စ်ထ် က ၁၉၂၁ ခုနှစ်မှာ အင်ဆူလင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အင်ဆူလင်ဆိုတာ ဆီးချိုဝေဒနာရှင်များအတွက် အသက်ကယ်ဆေး ဖြစ်ပါတယ်။ ပန်ကရိယဂလင်း ချို့ယွင်းမှုကြောင့် ဆီးချိုဖြစ်ရတယ်။ သွေးထဲမှာ ပါဝင်နေတဲ့ သကြားဓာတ်ကို မျှတကောင်းမွန်အောင် ထိန်းနိုင်ဖို့အတွက် ပန်ကရိယဆိုတဲ့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးမယ့် အင်ဆူလင်ကို ထုတ်ပေးပါတယ်။
အင်ဆူလင်ကို ပန်ကရိယက လုံလောက်မျှတအောင် ထုတ်မပေးနိုင်ဘူးဆိုရင် သြဂဲနစ် ဖြစ်စဉ်တစ်လျှောက်မှာ အသုံးမကျတဲ့ သကြားဓာတ်တွေ ထွက်ပေါ်နေတော့တယ်။ အဲဒီတော့ သကြားဓာတ်လွန်ကဲလာပြီး ဆီးချိုရောဂါ ဖြစ်လာပါတယ်။ သွေးထဲမှာ သကြားဓာတ်ပါဝင်နှုန်းကို ထိန်းချုပ်မပေးနိုင်ဘူးဆိုရင် ဒီရောဂါဟာ အန္တရာယ်ကြီးပါတယ်။
ခင်မောင်ဇော်၊ တီထွင်မှုများ စာအုပ်မှ
Discussion about this post